အနောက်ကလိုက်တဲ့သူတော်တာလား။ မျက်ခြေပြတ်အောင် မပြေးနိုင်တဲ့သူ ညံ့တာလား။

လွန်ခဲ့တဲ့လေးနှစ်က ကျွန်မအိမ်ထောင်ကျခဲ့တယ်။ သူ့ရဲ့ဆိုးသွမ်းတဲ့အကျင့်ကြောင့် ကျွန်မရဲ့ မိဘတွေက သဘောမတူပေမယ့် ကျွန်မရဲ့စိတ်ချမ်းသာမှုကို ရှေးရှုပြီး သဘောတူလိုက်လျောပေးခဲ့ကြတယ်။ အသောက်အစားနည်းနည်းရှိပြီး မဟုတ်မခံတဲ့ စိတ်ကြောင့် ရပ်ကွက်ထဲမှာ လူတွေနဲ့ပြဿနာတတ်ရတာပါလို့ ထင်ခဲ့တဲ့သူရဲ့ အကျင့်စရိုက်တွေဟာ ပိုလို့တောင်စိုးလို့လာခဲ့တယ်။ ချစ်သူဘဝမှာတုန်းက ကျွန်မပြုပြင်ပြောင်းလဲလို့ရပါတယ်လို့ အထင်မှားခဲ့တဲ့ သူ့ရဲ့စရိုက်ဆိုးတွေဟာ အိမ်ထောင်ကျပြီးတဲ့နောက်မှာ ဘွားခနဲပေါ်လာခဲ့တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အလုပ်ကိုကောင်းကောင်းမလုပ်ဘဲ အရက်နွံထဲမှာ နစ်နေတတ်တယ်။ သူ့ရဲ့မိသားစုဆီက အရက်သောက်ဖို့ ပိုက်ဆံတောင်းပြီး ပြဿနာတွေတက်ကြတယ်။ ခင်ပွန်းဖြစ်သူက အလုပ်မလုပ်တော့ ယောက္ခမအိမ်မှာ ကျွန်မမျက်နှာငယ်စွာနေလာရတယ်။ အရက်မူးလာတိုင်း သွေးဆူတတ်တဲ့သူ့ကို စိတ်ကုန်ပြီး ကျွန်မမိဘအိမ်ကို သွားနေပြန်တော့ သူကလိမ်မာပြပြီး ကျွန်မကိုလာချော့ပြန်တယ်။ ကျွန်မလည်း သူပြောင်းလဲလာနိုးနဲ့ အခွင့်အရေးတွေပေးရင်း သူ့နောက်ပြန်လိုက်နေရင်းနဲ့ အိမ်ထောင်သက်လေးနှစ်ကိုရောက်လာခဲ့တယ်။ အခုဆိုသားလေးတောင် အသက် နှစ်နှစ်ကျော်ရှိနေပြီ။

သူကစီးပွားမရှာဘဲနေတော့ ကျွန်မသားလေးရဲ့အနာဂတ်အတွက် ကျွန်မထွက်ပြီး စီးပွားရှာရတယ်။ အိမ်ထောင်မကျခင်က လုပ်ခဲ့တဲ့စီးပွားရေးတွေကို  ပြန်လုပ်တော့ မိတ်ဆွေ၊ သူငယ်ချင်းတွေက ကျွန်မကိုပြန်ပြီးကူညီကြတယ်။ အဲ့ဒီအခါမှာလည်း ကျွန်မခင်ပွန်းက ကျွန်မကိုကူညီတဲ့သူတွေနဲ့ ကျွန်မကို ပေးစားပြီး မကြားဝံ့မနာသာတွေနဲ့ ဆဲဆိုတယ်။ ကျွန်မသည်းမခံနိုင်တော့ဘဲ မိဘအိမ်ပြန်လာရင် သူက အချိုးတွေပြောင်းပြီး လာတောင်းပန်တယ်။ အရက်ဖြတ်တော့မယ်လို့ ကတိပေးတယ်။ တကယ်လည်းဖြတ်ပြတယ်။ သူပုံမှန်အလုပ်တွေလုပ်နေလို့ ကျွန်မသူ့နောက်လိုက်သွားပြန်ရင် အရင်လိုပြန်ဖြစ်ရော။

ဝေးဝေးပြေးရင် အနောက်ကလိုက်တယ်။ အနားမှာနေရင် စိတ်ဆင်းရဲစေတယ်။ အဲ့ဒီလိုအိမ်ထောင်ရေးတစ်ခုကို ဆက်လက်ဖက်တွယ်ထားသင့်လား။ အခုလိုပဲ သားလေးကို ဖတဆိုးလေးမဖြစ်စေချင်တာကြောင့် ဆက်ပြီးသည်းခံနေရမလား။