အချစ်ကြောင့် ပိုင်ဆိုင်ချင်နေတာလား။ ရမ္မက်အတွက် အသုံးတော်ခံနေတာလား။

ကျွန်မက ကျောင်းပြီးတော့ လုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ငယ်ငယ်လေးကတည်းက မိဘတွေရဲ့ အုပ်ထိန်းမှုအောက်မှာ ရိုးရိုးကုပ်ကုပ်နေခဲ့တော့ ယောက်ျားလေး အပေါင်းအသင်းဆိုတာတောင် မထားခဲ့ဖူးပါဘူး။ ဘွဲ့ရတဲ့အထိ စာတစ်ခုတည်းကိုပဲ ကြိုးကြိုးစားစားလုပ်ခဲ့ပြီး ကျောင်းပြီးသွားတော့ လုပ်ငန်းခွင်ဝင်ခဲ့တာကြောင့် ဘဝမှာ အပေါင်းအသင်းများများစားစားလည်း မရှိခဲ့ပါဘူး။

အဲ့ဒီလိုတည်ငြိမ်နေတဲ့ ကျွန်မဘဝထဲကို သူရောက်လာခဲ့တယ်။ သူဆိုတာ ရိုးသားတဲ့ အပြုံးနဲ့ ကောင်မလေးတွေကို ကြွေဆင်းသွားစေတဲ့သူပါ။ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နေတတ်တဲ့ သူဟာကျွန်မကို ချစ်ခွင့်ပန်ခဲ့တဲ့နေ့က ကျွန်မသိပ်ပျော်သွားခဲ့မိတယ်။ အသောက်အစားကင်းရှင်းပြီး တည်ငြိမ်ရင့်ကျက်တဲ့ ကျွန်မချစ်သူလေးဟာ ကျွန်မဘဝကို ပိုပြီးလှပစေခဲ့သူလေးပေါ့။ ကျွန်မကိုတွေ့တဲ့သူတိုင်းက ချစ်သူနောက်ပိုင်း ကျွန်မသိပ်လှလာတယ်လို့ပြောကြတယ်။ ကျွန်မရဲ့အပြုံးတွေဟာ ကျွန်မကိုပိုပြီး လင်းလက်စေခဲ့တယ်လေ။

ဒါပေမဲ့ ချစ်သူဖြစ်ပြီး သုံးလလောက်အကြာမှာ သူက ကျွန်မကို အတူတူနေဖို့တောင်းဆိုတယ်။ သူသိပ်ချစ်တဲ့ ကျွန်မကိုသူအပြီးအပိုင်ပိုင်ဆိုင်ချင်တယ်တဲ့။ သူ့ကိုချစ်ရင် သူနဲ့အတူနေပေးပါလို့တောင်းဆိုတယ်။ ကျွန်မကတော့ ကျွန်မတန်ဖိုးထားတဲ့ အပျိုစင်ဘဝကို လက်ထပ်ပြီးမှပဲ ပေးချင်တယ်။ ကျွန်မကိုတန်ဖိုးထားတယ်ဆိုရင် အဲ့ဒီလိုမတောင်းဆိုပါနဲ့လို့ ပြတ်ပြတ်သားသား ငြင်းလိုက်တယ်။ သူကလည်း နောက်ထပ်အဲ့ဒီလိုမတောင်းဆိုတော့ပါဘူးလို့ ပြောပြီး ကျွန်မကိုတောင်းပန်ပါတယ်။ ကျွန်မတို့နှစ်ယောက်အရင်လိုပဲ အဆင်ပြေသွားပြန်ပါတယ်။

မကြာပါဘူး။ သူက “မင်းကိုယ့်ကို လက်ထပ်ဖို့အထိ မရည်ရွယ်ထားပါဘူး။ အပျော်တွဲနေတာပါ” ဆိုတဲ့ စကားနဲ့ချီပြီး အတူနေဖို့ တောင်းဆိုပြန်ပါတယ်။ ကျွန်မက ငြင်းတော့ သူက စိတ်ဆိုးသွားပြီး “မင်းကိုယ့်ကိုတကယ်မချစ်ပါဘူး” လို့ပြောပြီး အဆက်အသွယ်ဖြတ်ပစ်လိုက်ပါတယ်။ ကျွန်မက သူ့ကို လိုက်ချော့ပြီး စကားပြောတော့လည်း သူကအရင်လို ဟက်ဟက်ပက်ပက်မရှိတော့ပါဘူး။ သူ့ရဲ့လျစ်လျူရှုမှုတွေကို မခံနိုင်တော့တဲ့ တစ်နေ့မှာ ကျွန်မရဲ့အချစ်ကို ခန္ဓာကိုယ်ကိုပေးဆပ်ပြီး သက်သေပြလိုက်ရပါတယ်။

အဲ့ဒီနောက်မှာ သူနဲ့အရင်လိုပဲ အဆင်ပြေလာပါတယ်။ အဆင်မပြေတာက သူကကျွန်မကို အတူတူနေဖို့ မကြာခဏတောင်းဆိုလာတော့တာပဲ။ ကျွန်မကလည်း မထူးတော့ဘူးဆိုတဲ့ စိတ်နဲ့ သူ့အလိုကျ လိုက်လျောမိပါတော့တယ်။ ဒါပေမဲ့ “လက်ထပ်ရအောင်” လို့ပြောတိုင်းသူက “အဆင်သင့်မဖြစ်သေးဘူး” ဆိုပြီး ငြင်းဆန်ပါတယ်။ အနာဂတ်အကြောင်းဆွေးနွေးတိုင်း တုံဏှိဘာဝေနေတတ်တဲ့သူဟာ အတူတူနေဖို့တောင်းဆိုတဲ့အခါမှာတော့ တက်ကြွနေပြန်ရော။ လက်ထပ်ဖို့မပြောတာကလွဲရင် ကျွန်မကို စိတ်ချမ်းသာအောင် ထားပြန်ရော။ ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ ဒွိဟစိတ်တွေကြောင့် မပျော်မရွှင်ဖြစ်ရပါတယ်။ တစ်ခါတလေမှာ ကျွန်မကိုယ်ကျွန်မ သစ္စာဖောက်နေသလို ခံစားရတယ်။

သူကျွန်မကိုချစ်တာပါဆိုတဲ့ နှလုံးသားရဲ့စကားနဲ့ သူ့ရဲ့ ရမ္မက်ဆန္ဒတွေအတွက် အသုံးချခံနေရတာ ဆိုတဲ့ ဦးနှောက်ရဲ့ အသံအောက်မှာ ကျွန်မစိတ်ဆင်းရဲ တွေဝေနေမိတယ်။

ကျွန်မဘာလုပ်ရမလဲ။