အမေ့ကိုကာကွယ်ဖို့အတွက် အဖေ့ကိုပြန်ပြောရတယ်။ ကျွန်မငရဲကြီးနေပြီလား။

ကျွန်မရဲ့ မိသားစုဟာ သာမန်မိသားစုတစ်ခုပါ။ အဖေရယ်၊ အမေရယ်၊ အစ်ကိုတစ်ယောက်၊ မောင်လေးတစ်ယောက်နဲ့ ကျွန်မအပါအဝင် ငါးယောက်ရှိပါတယ်။ ကျွန်မတို့မောင်နှမတွေအားလုံးကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်ချိန်မှာ အဖေက အငြိမ်းစားယူခဲ့ပါတယ်။ အမေဟာ ရိုးရိုးကုပ်ကုပ်နေတတ်ပြီး ကျွန်မတို့မောင်နှမတွေအပေါ်မှာ မိခင်ကောင်းတစ်ယောက် ဖြစ်သလို အဖေ့အတွက်လည်း ဇနီးကောင်းတစ်ယောက်ပါ။ အဖေကလည်း ကျွန်မတို့ရဲ့ လိုအပ်ချက်တွေကို မလှစ်ဟာရအောင်ဖြည့်ဆည်းပေးပြီး ပညာတွေတတ်အောင် သင်ပေးခဲ့သူပါ။ အမေကလည်း ကျွန်မတို့ငယ်ငယ်ကတည်းက ဈေးဆိုင်လေးတစ်ခု ဖွင့်ထားခဲ့တယ်ဆိုတော့ စီးပွားရေးအရမ်းကောင်းမွန်တာမျိုးမဟုတ်ပေမယ့် အတော်အသင့်ပြည့်စုံပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အရာရာပြည့်စုံတယ်လို့ ထင်ရတဲ့ ကျွန်မတို့မိသားစုမှာ ပြဿနာကတော့ အဖေရဲ့ နှုတ်ကြမ်း၊ လက်ကြမ်းလွန်းတဲ့ အကျင့်ပါ။ ငယ်ငယ်ကတည်းက ကျွန်မတို့ကို မထင်ရင်မထင်သလို ဆဲဆိုကြိမ်းမောင်းတတ်ပြီး ရိုက်နှက်သလို အမေနဲ့စကားများတိုင်းလည်း လက်ပါတတ်ပါတယ်။ တစ်ခါတလေမှာ အမေ့မျက်နှာဖူးရောင်လာတဲ့အထိ ရိုက်တတ်ပါတယ်။ ကျွန်မတို့မောင်နှမတွေအားလုံး အမေ့ကိုအနိုင်ကျင့်တာကို မြင်ပြီး ကြီးပြင်းလာခဲ့ရပါတယ်။ ကျွန်မရဲ့ အစ်ကိုနဲ့မောင်လေးကတော့ အမေ့ကိုရိုက်နှက်ရင် သူတို့ဝင်ဆွဲရင်း အဖေ့ကိုပြန်ပြောတာမျိုး၊ လက်ပါမိတာမျိုးတွေ လုပ်မိမှာစိုးလို့ နောက်ပိုင်းမှာ အိပ်မကပ်တော့ပါဘူး။  အဖေပင်စင်ယူပြီးနောက်ပိုင်း အဲ့ဒီလိုအကျင့်တွေက ပိုဆိုးလာတာကြောင့် အစ်ကိုနဲ့မောင်လေးဟာ အပြင်မှာနေတာ များလာပါတယ်။ ကျွန်မလည်း ရုံးပိတ်ရက်ဆိုရင် အိမ်မှာမနေချင်တော့လောက်အောင် စိတ်ညစ်ရပါတယ်။ အမေ့ကိုသနားရ၊ အဖေ့ကိုဒေါသထွက်စိတ်ဆိုးရနဲ့ အကုသိုလ်တွေလည်း ဖြစ်ရပါတယ်။ တစ်ခါတလေမှာ အမေ့ကိုကာကွယ်ရင်း အဖေ့ကိုပြစ်မှားရတော့လည်း ငရဲကြီးတော့မယ်ဆိုတဲ့ စိတ်နဲ့ ဝမ်းနည်းရပါတယ်။ အမေ့ကတော့ အဖေ့ရဲ့ ဆဲဆိုမှု၊ ရိုက်နှက်မှုတွေကို ခံလိုက်ပေါ့။ “ သမီးအဖေက စရိုက်နည်းနည်းကြမ်းတာပါ။ အမေတို့ကို သူချစ်ပါတယ်” လို့ပြောပြီး ဖြေသိမ့်လိုက်နဲ့ သံသရာလည်နေလိုက်နဲ့ပေါ့။

ကျွန်မလေ.. ငယ်ငယ်ကတည်းက လိုလေးသေးမရှိအောင် ဖြည့်ဆည်းပေးခဲ့တဲ့၊ ပညာရေးနဲ့ပတ်သက်ရင် ကျွန်မတို့ကို လမ်းကြောင်းမှန်အောင် တည့်မတ်ပေးခဲ့တဲ့ အဖေ့ကိုကျေးဇူးတင်ပေမယ့် အမေ့ကို အနိုင်ကျင့်နေတာတွေကို အနှစ်မြို့ပြန်ဘူး။ အဖေစိတ်ပြေနေတဲ့အချိန်တွေမှာ ပြောဖို့ကြိုးစားကြည့်ပေမယ့် “ စိတ်တိုလာရင် ဘာမှမမြင်ဘူး။ ငါစိတ်မတိုအောင်နေကြ” ဆိုတဲ့ စကားကြောင့် အခက်တွေ့ရပြန်ရော။ အမေ့ကို ကိုယ်ထိလက်ရောက် အနိုင်ကျင့်တဲ့ အဖေ့ကိုပြန်ပြောမိတဲ့အခါ စိတ်မကောင်းဖြစ်မိသလို၊ အမေ့ကိုလည်း သနားပြန်ရော။

ကျွန်မဘာလုပ်ရမလဲဟင်…။