ရေလာဖို့ မြောင်းပေးတဲ့သူအပြစ်လား၊ မြောင်းပိတ်မထားသူရဲ့ အပြစ်လား။

blank

ကျွန်မနာမည်က စုစုပါ။ ကျွန်မမှာ သုံးနှစ်ကြာအောင် တွဲလာတဲ့ ချစ်သူတစ်ယောက်လည်း ရှိတယ်။ သူ့ ကို သိပ်ချစ်တဲ့အတွက် ကျွန်မက “ မောင်” လို့ခေါ်တယ်။ ကျွန်မတို့ချင်းက တွဲလာတာလည်းကြာပြီ။ တခြားအ ထွေအထူးပြဿနာတွေလည်း မရှိတာကြောင့် နှစ်ယောက်လုံးအနာဂတ်အတွက် အဆင်သင့်ဖြစ်တဲ့အခါ လက် တွဲဖို့အထိ ရည်ရွယ်ချက်လည်း ရှိကြပါတယ်။

ဒါပေမဲ့… အခုတလောတော့ အဲ့ဒီဆုံးဖြတ်ချက်က ကျွန်မအတွက် ပြန်စဉ်းစားစရာဖြစ်နေရပါပြီ။ ဘာ ကြောင့်လဲဆိုတော့ ကျွန်မတို့နှစ်ယောက်ကြားထဲကို “ ဒါလီ” ဆိုတဲ့ကောင်မလေးဝင်လာလို့ပါ။ ဒါလီက ရဲတင်း တယ်။ သွက်တယ်။ မောင့်မှာ ကျွန်မရှိနေမှန်းသိသိကြီးနဲ့ မောင့်ကို ရေလာမြောင်းပေးလုပ်တယ်။ ဖေ့ဘွတ်ခ်မှာ မောင်ပို့စ်တင်တဲ့အခါ အသည်းပေးတယ်။ ကွန်မန့်တွေလည်း ရိတိတိဝင်ရေးတယ်။ မက်ဆေ့ခ်ျကနေ ဟိုလိုလို ဒီလိုလိုစာတွေပို့တယ်။ အကြောင်းကိစ္စအထွေအထူးမရှိဘဲနဲ့လည်း မောင့်ကို ဖုန်းတွေဆက်တယ်။ အပြင်မှာ တွေ့ရင်လည်း ဘေးမှာ ကျွန်မတစ်ယောက်လုံးပါနေရက်နဲ့ မောင့်ကို အတင်းဝင်ရောတတ်တယ်။ မိန်းကလေး ချင်း သိပ်မပြောချင်ပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် သူ့လုပ်ရပ်တွေ၊ သူ့ပုံစံတွေကြည့်ရုံနဲ့ သူ မောင့်ကို စိတ်ဝင် စားနေတယ်ဆိုတာ လုံးဝကို သိသာနေပါတယ်။ ဒါကို မောင်လည်း သိပါတယ်။ ဒါလီ ဆက်သွယ်သမျှ ကိစ္စတိုင်း ကိုလည်း ကျွန်မမသိရင်တောင် မောင်ကိုယ်တိုင်ပြန်ပြောပြနေကျမို့ မောင်ကတော့ မဖောက်ပြန်ဘူးဆိုတာ ကျွန် မ သိပါတယ်။ အခုခေတ်ဆို ကျွန်မတို့ မကြာခဏတွေ့နေကြတာက ဖောက်ပြန်တဲ့ဇာတ်လမ်းတွေပေါ့။ ကိုယ့်ချစ်သူ သူများနောက်ပါသွားတဲ့ကိစ္စဟာ တစ်ဖက်က ဘယ်လောက်ပဲ ဆွဲဆောင်ပါတယ်၊ ကိုယ်ညံ့ပါ တယ်ဆိုဆို အဓိကက ချစ်သူရှိရက်နဲ့ နောက်တစ်ယောက်နောက်လိုက်သွားသူရဲ့အပြစ်လို့ ကျွန်မကတော့ သတ်မှတ်ပါတယ်။ ဒါကြောင့် ဒါလီဘယ်လောက်ပဲဆွဲဆောင်ဆွဲဆောင် မောင်ကိုယ်တိုင်မပါရင် ဘာမှမဖြစ်နိုင် ဘူးလို့ ကျွန်မ ယုံကြည်ပါတယ်။ ဒါပေမဲ့ ကျွန်မဘဝင်မကျတာက သပ်သပ်ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဘဝပေးအခြေအနေနဲ့ တချို့သော အကြောင်းကိစ္စတွေမှ မရှိရင် မိန်းကလေးအများစုဟာ ကိုယ်မချစ် မနှစ်သက်တဲ့လူတွေက လာပတ်သက်ရင် ခါးခါးသီးသီးဖြစ်တတ်ကြတယ်။ ဒါပေမဲ့ မောင်တို့ ယောက်ျားလေး တွေကျတော့ ဘာကြောင့် သူတို့ကို စည်းလာကျော်နေတဲ့ မိန်းကလေးတွေအပေါ် ပြန်မပြတ်သားနိုင်ကြတာလဲ။ ကျွန်မကို အားလုံးပြောပြတာမှန်ပေမဲ့ ဘာကြောင့် ဒါလီ့ကို ပြတ်ပြတ်သားသား မဆက်ဆံတာလဲဆိုတာ ကျွန်မ တကယ်နားမလည်ဘူး။ ဖုန်းဆက်ရင်လည်း ဖုန်းလက်ခံပြောတယ်။ ကွန်မန့်ဝင်ရေးရင်လည်း မရိုးသားတဲ့ ကွန်မန့်ကိုတောင် စာပြန်တယ်။ အပြင်မှာတွေ့လို့စကားပြောရင်လည်း ဘေးနားက ကျွန်မကိုတောင် မငဲ့ဘဲ ရယ်ရယ်မောမောစကားပြန်ပြောတယ်။ ကျွန်မက ပြောရင်လည်း “ တစ်ဖက်က မိန်းကလေးလေကွာ။ အားနာလို့ပါ” လို့ဆင်ခြေပေးတယ်။ တခြားကိစ္စတွေမှာဆိုရင် မောင်အဲ့ဒီလောက်အားနာတတ်တဲ့လူမဟုတ်တာ ကျွန်မအသိဆုံးပါ။ အဲ့ဒီကိစ္စအတွက်နဲ့ ကျွန်မတို့ခဏခဏစကားများရတယ်။ မောင်က သူ့သိက္ခာကို ကျွန်မစော်ကားတယ်တဲ့။ ဒါဆို ဒါလီကို ပြတ်ပြတ်သားသားဖြတ်လိုက်ဆိုတော့လည်း နားမထောင်ဘူး။ မောင်သူ့ကို မချစ်ဘူးဆိုတာ ကျွန်မ သိပါတယ်။ အခုထိလည်း မဖောက်ပြန်သေးပါဘူး။ ယောက်ျားလေးတွေ ဟာ ကိုယ်မကြိုက်လည်း ကိုယ့်ကို မိန်းကလေးတွေက လာကြိုက်ရင် အဲ့ဒီလိုပဲ သာယာတတ်ကြသလား။ ဘာမှဆက်စပ်စရာလည်း မလိုဘဲနဲ့ ဒါလီ့ကို မောင်ဘာကြောင့် ပြတ်ပြတ်သားသားမပြောပစ်တာလဲ။ ကျွန်မ နားမလည်နိုင်ဘူး။

တရားလွန်သဝန်တိုတတ်သူမဟုတ်ပေမဲ့ မောင်က ဒါလီ့ကို အဲ့ဒီလိုလက်ခံပတ်သက်နေတာကိုတော့ ကျွန်မမကြည်ဖြူနိုင်ပါဘူး။ လက်မထပ်ခင်တောင် ကျွန်မစကားနားမထောင်တဲ့မောင်က လက်ထပ်ပြီးတဲ့ အထိ ဒါလီက၊ ဒါမှမဟုတ် ဒါလီ့လို မိန်းကလေးတွေက လာပတ်သက်ရင်လည်း မောင်က အဲ့ဒီလိုပဲ ပြန်ပတ်သက်နေ ဦးမှာလား။ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ရဲ့ရင်းနှီးမှုနောက်မှာ ဘာမဆိုဆက်ဖြစ်သွားနိုင်တာမို့ ပြန်လက်ခံပတ်သက်တဲ့အဆင့်ကနေ ဖောက်ပြန်တဲ့ အဆင့်အထိရောက်မသွားနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ။  ရေလာမြောင်းပေးလုပ်နေတဲ့ ဒါလီ့ကိုလည်း ကျွန်မတားပိုင်ခွင့်မရှိဘူး။ မြောင်းပိတ်ဖို့ ပြောတော့လည်း မောင်က ကျွန်မစကား နားမထောင်ဘူး။ ကျွန်မကလည်း အခုလိုအခြေအနေမျိုးနဲ့ မောင့်ကို လက်တွဲရမှာကို ကြောက် တယ်။

ဒီဇာတ်လမ်းမှာ ကျွန်မဘာဆက်လုပ်သင့်လဲဟင်။

သင့်အမြင်လေးကို comment box မှာ မျှဝေခဲ့ပါဦးနော်။