မိန်းကလေးတစ်ယောက်ကို သန်းပေါင်းများစွာ ထိုက်တန်တဲ့ စိန်ပွင့်လေးဖြစ်အောင် ဘယ်အရာတွေက သွေးပေးနိုင်တာလဲ။

စာချစ်သူတို့ရေ….။

ကမ္ဘာမြေရဲ့ဖိအားကို နှစ်ပေါင်းများစွာတိုင်အောင် ခံနိုင်ရည်ရှိကြပြီး အဖိုးတန်ကျောက်မျက်လေးဖြစ်လာကြတဲ့ စိန်ပွင့်လေးတွေကို မိန်းကလေးတိုင်း နှစ်သက်မြတ်နိုးကြပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်စိန်ပွင့်လေးတွေဖြစ်တယ်ဆိုတာကိုတော့ မိန်းကလေးအများစုက မေ့နေတတ်ကြပါတယ်။ မွေးရာပါ မိခင်စိတ်ထားနဲ့ ချစ်ခြင်းမေတ္တာတွေဟာ မိန်းကလေးတိုင်းကို ထောင်ချီတန်တဲ့ စိန်ပွင့်လေးတွေအဖြစ် သတ်မှတ်ထားပြီးသားပါ။ ဖြူစင်ပြီး ရောင်ပြန်များစွာ သိုသိပ်သိမ်းဆည်းထားတဲ့ စိန်ပွင့်လေးတွေလိုပဲ ခံနိုင်ရည်စွမ်းအားနဲ့ သတ္တိတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေဟာ သူတို့ကိုယ်သူတို့ ကျောက်ရိုင်းတုံးလေးတွေလို သဘောထားမိတတ်ကြပါတယ်။

အမျိုးသမီးတွေဟာ အရာရာနဲ့ အဆင်ပြေဖို့အတွက် ကိုယ့်ကိုယ်ကို အနောက်ကိုပို့ထားတတ်ကြတယ်။ ကိုယ့်ရဲ့တန်ဖိုးတွေကို ချိုးနှိမ်ထားတတ်ကြတယ်။ ကိုယ့်ရဲ့တန်ဖိုးနဲ့ ထိုက်တန်တဲ့ ပြောဆိုဆက်ဆံမှုတွေ မရပြန်တော့လည်း တစ်ဖက်ကလူကို အပြစ်မတင်နိုင်ဘဲ ကိုယ့်မှာ ဘာတွေမှားနေလို့လဲလို့ တွေးပြီး သိမ်ငယ်စိတ်တွေ ဝင်မိပြန်ရော။ စိန်ရဲ့တန်ဖိုးဆိုတာ တန်ဖိုးထားတတ်တဲ့ အဖိုးထိုက်တန်တဲ့ အရာတစ်ခုဖြစ်တယ်မဟုတ်လား။ စိန်အကြောင်းနားမလည်တဲ့ သူရဲ့ လက်ထဲမှာတော့ စိန်ဆိုတာကလည်း ကျောက်တုံးလေးတစ်တုံးထက် ဘာမှပိုလာမှာမဟုတ်ပါဘူး။

ဒါပေမဲ့ စိန်ဆိုတာက စနစ်တကျ သွေးထားခြင်းမရှိဘူးဆိုရင်လည်း တန်ဖိုးတက်လာမှာ မဟုတ်ပါဘူးနော်။ အမျိုးသမီးတိုင်းဟာ အဖိုးထိုက်တန်တဲ့ စိန်ပွင့်လေးတွေဖြစ်ပေမယ့် ပုံစံကျကျသွေးဖို့၊ တောက်ပလာအောင် ပေါလစ်ရှ်တိုက်ပေးဖို့ လိုပါတယ်။

အဲ့ဒီလိုသွေးပေးဖို့အတွက်…
ကိုယ့်ကိုယ်ကိုယ်ယုံကြည်ဖို့…
အရည်အချင်းတွေကို ဖြည့်စွမ်းဖို့…
အခက်အခဲတိုင်းကို စိတ်ဓာတ်ခိုင်မာစွာ ကျော်ဖြတ်နိုင်ဖို့… အရေးကြီးပါတယ်။ စိန်ပွင့်လေးတွေ တောက်ပဖို့ စိန်ပွင့်လေးတွေလို ဖိအား၊ သွေးတဲ့ဒဏ်တွေနဲ့ တောက်ပဖို့ သတ္တိရှိဖို့လည်း လိုအပ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ မကောင်းပြောဝေဖန်မှုတွေ၊ လောကဓံရဲ့ ရိုက်ချက်တွေကို ကျော်လွှားပြီးတဲ့နောက်မှာ အဖိုးထိုက်တန်တဲ့ စိန်ပွင့်လေးတွေဖြစ်လာမယ်ဆိုတာကို မှတ်ထားပါ။ အပြင်ပန်းက အလှတရားတွေထက် စိတ်တွင်းအလှဟာ လှပထက်မြက်လာတဲ့အခါ အတွင်းထဲက ဖြာထွက်နေတဲ့ စိန်ပွင့်လေးတွေရဲ့ အလှတွေလိုပဲ လှပလာပြီပေါ့။

စာချစ်သူတို့ရဲ့ စိတ်ဓာတ်ခွန်အားအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ တော်ဝင်စိန်တိုက်တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။