စာချစ်သူတို့ရေ….။
“ချစ်သူနှစ်ဦးလက်ထပ်ပြီးသွားတဲ့အခါ သားတစ်ရာမြေးတစ်ဖြာနဲ့ ပျော်ရွှင်စွာ ပေါင်းဖက်ကြ လေသည်” ဆိုတာ ပုံပြင်ထဲမှာပဲ ရှိပါတယ်။ တကယ်တော့ မွေးဖွားလာတဲ့ ကလေးလေးကို ပျော်ရွှင် ကျန်းမာစွာ ကြီးပြင်းလာဖို့ဆိုတာ ဇနီးမောင်နှံနှစ်ယောက်လုံး အားသွန်ခွန်စိုက် ကြိုးပမ်းရတဲ့ကိစ္စတစ် ခုပါ။ လက်ထပ်ပြီးတဲ့နောက်မှာ ဘယ်နှစ်နှစ်မှာ ကလေးယူမယ်၊ ကလေးတစ်ယောက်နဲ့ တစ်ယောက် ကြားမှာ ဘယ်လောက်ခြားမယ် စတဲ့ကိစ္စတွေကို စနစ်တကျစီစဉ်ထားဖို့ လိုပါတယ်။ အဲ့ဒီလို စနစ်တ ကျ အစီအစဉ်ချမထားနိုင်တဲ့အခါ မွေးဖွားလာမယ့် ကလေးလေးအပေါ်မှာကော၊ မိခင်အတွက်နဲ့ တစ် မိသားစုလုံးအပေါ်မှာပါ သက်ရောက်မှုတွေ များစွာရှိနေနိုင်ပါတယ်။
ကလေးနီးတဲ့အခါ….
လမစေ့၊ ပေါင်မပြည့်တဲ့ကလေးလေးတွေ၊ ကိုယ်လက်အင်္ဂါမသန်စွမ်းတဲ့ ကလေးလေးတွေ မွေး ဖွားလာတာ….။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ၊ ကျန်းမာရေးမကောင်းတဲ့ ကလေးလေးတွေ၊ အသက်တိုတဲ့ ကလေးလေးတွေ မွေးဖွားလာတာ..။
မိဘတွေရဲ့ ဂရုစိုက်မှု အလုံအလောက်မရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းတာ၊ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမရရှိတာ…။
မိခင်အနေနဲ့လည်း ကိုယ်ဝန်ဆောင်ချိန်နီးကပ်တဲ့အတွက်
သားအိမ်ပေါက်ပြဲလွယ်တာ…။
ကလေးမီးဖွားစဉ်သွေးသွန်တာ…။
သေဆုံးမှုနှုန်းများတာ…။
စိတ်ဖိစီးမှုများပြီး ကလေးတွေကို အပြည့်အဝ ဂရုမစိုက်နိုင်တာတွေအပြင်
မိသားစုရဲ့ ငွေရေးကြေးရေး ကျပ်တည်းလာတာ…။
ကလေးတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ အခြားလိုအပ်ချက်တွေကို ပြည့်ပြည့်ဝဝ ဖြည့်စွမ်းမပေးနိုင်တာ၊
ကလေးတွေအများကြီးနဲ့ ကသီကလင်တွေဖြစ်ပြီး အိမ်ထောင်ဖက်နှစ်ဦးကြားမှာ ကတောက်ကဆတွေ များလာတာမျိုးတွေဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် အိမ်ထောင်ရှင် အမျိုးသမီးနဲ့ အမျိုးသားတွေအနေနဲ့ အိမ်ထောင်ပြုပြီးနောက်မှာ ကလေးယူမယ့်အချိန်၊ ကလေးယူမယ့်အရေအတွက်တွေနဲ့ ပတ်သက်ပြီး ကြိုတင်စီမံကိန်းချထားပြီး စနစ်တကျတိုင်ပင်ဆွေးနွေးထားသင့်ပါတယ်။ လိုအပ်တဲ့သားဆက်ခြားနည်းတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ပြင်ဆင်ထားမှသာ သာယာပျော်ရွှင်တဲ့ မိသားစုဘဝတစ်ခုကို တည်ဆောက်နိုင်မှာ မဟုတ်လား။
သဘာဝရဲ့ ရင်သွေးငယ်တွေနဲ့ ကမ္ဘာလောကကြီးကို အလှဆင်နိုင်ဖို့ စနစ်တကျပြုစုပျိုး ထောင်နိုင်ကြပါစေလို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ Lydia တို့မှ ဆန္ဒပြုရေးသားတင်ဆက်ပေးလိုက်ပါတယ်ရှင်။