ပျော်ရွှင်ကျန်းမာတဲ့ ရင်သွေးလေးတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်…

blank

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်တယ်ဆိုတာ ကြားရတာရိုးရှင်းသလောက် သိပ်ကိုခက်ခဲတဲ့ ကိစ္စရပ်ကြီးပါ။ သားသမီးတွေကို အောင်မြင်ပျော်ရွှင်အောင် ပြုစုပျိုးထောင်ပေးဖို့ဆိုတာက မိဘတိုင်းရဲ့ အိပ်မက်ပဲ မဟုတ်လား။ မိဘတစ်ယောက်အနေနဲ့ ကလေးတွေကို ပြီးပြည့်စုံအောင် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ပြည့်စုံအောင်ဖြည့်စွမ်းပေးရုံအောင် ဖြည့်စွမ်းပေးရုံနဲ့ မလုံလောက်ပါဘူး။ ဒါ့ကြောင့် ပျော်ရွှင်တက်ကြွပြီး အောင်မြင်မှုလမ်းကြောင်းပေါ် ချီတက်နိုင်တဲ့ ကလေးငယ်လေးတွေအဖြစ် ဘယ်လိုပြုစုပျိုးထောင်ရမလဲ ဆိုတဲ့ အကြံပြုချက်လေးတွေကို စာချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ ကလေးငယ်ကို ချစ်ခင်မြတ်နိုးမှုနဲ့ တန်ဖိုးထားမှုကို အမြဲပြသပါ။

ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးမှုတွေဟာ ကလေးငယ်ရဲ့ စိတ်ခံစားမှုတွေကို လုံခြုံစေပါတယ်။ လူတိုင်းဟာ လေးစားမှုနဲ့ ထိုက်တန်တယ်ဆိုတာကို ကလေးငယ်ကို နားလည်စေပြီး အပြန်အလှန်လေးစားမှုကို တည်ဆောက်ပါ။ နေအိမ်ကနေ ချစ်ခြင်းမေတ္တာနဲ့ လေးစားမှုတွေကို လေ့ကျင့်သင်ကြားပြီးဖြစ်တဲ့ ကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစွာနဲ့ ပတ်ဝန်းကျင်မှာလည်း ပြောဆိုဆက်သွယ်နိုင်မှာဖြစ်ပါတယ်။

၂။ ကလေးငယ်တွေအတွက် စံနမူနာကောင်းအဖြစ် နေထိုင်ပါ။

လေ့လာမှုတွေအရ မိဘတွေဟာ ကလေးငယ်တွေရဲ့ စိတ်ခံစားမှုနဲ့ စာရိတ္တတွေဟာ မိဘတွေရဲ့ အပြုအမူတွေဆီက ယောင်ပြန်ဟပ်တဲ့ အရာတွေဆိုတာ သိရပါတယ်။ ကလေးငယ်တွေကို “င့ါပြောသလို လုပ် ငါလုပ်သလိုမလုပ်နဲ့” ဆိုတဲ့ လွဲမှားတဲ့ အယူအဆတွေနဲ့ ဦးမဆောင်ဘဲ ကိုယ်တိုင်က စံနမူနာကောင်းတွေအဖြစ် ရပ်တည်ပါ။ ကလေးငယ်ကို ကြိုးစားစေချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်က နှိုးနှိုးကြားကြားနဲ့ ကြိုးစားတဲ့မိဘတစ်ယောက်ဖြစ်အောင်နေပါ။

၃။ ကလေးငယ်ရဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုပါ။ ရှုံးနိမ့်မှုတွေကို နှစ်သိမ့်ပေးပါ။

လူတစ်ယောက်ဟာ အမြဲတမ်းအောင်မြင်နေမှာ မဟုတ်သလို အမြဲတမ်းလည်း ရှုံးနိမ့်နေမှာမဟုတ်ပါဘူး။ သင့်ကလေးအနေနဲ့ အောင်မြင်မှုတွေရရှိတဲ့အခါ အသိအမှတ်ပြုချီးကျူးပေးတာဟာ သင့်ကလေးတွေရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေကို တိုးပွားစေပြီး ပိုကြိုးစားဖို့ အားတွေဖြစ်စေပါတယ်။ ရှုံးနိမ့်တဲ့အခါမှာလည်း သင့်ရဲ့အားပေးမှုတွေက သင့်ကလေးကို စိတ်ဓာတ်ကြံ့ခိုင်စေပါတယ်။ အနိုင်အရှုံးဆိုတာ မမြဲတဲ့သဘောတရားတွေဆိုတာကို နားလည်လာတဲ့အခါ သင့်ကလေးငယ်ဟာ အခြေအနေမျိုးစုံမှာ ပျော်အောင်နေတတ်လာပါလိမ့်မယ်။

၎။ ကလေးငယ်ကို သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့ပေးပါ။

အခုခေတ်မှာ မိဘအများစုဟာ “ငြိမ်နေ ပြီးတာပဲ” ဆိုတဲ့ ထုံးကို နှလုံးမူပြီး  ကလေးတွေကို ဖုန်းနဲ့ပစ်ထားတာ၊ တီဗွီကြည့်ခိုင်းတာတွေ လုပ်တတ်ကြပါတယ်။ အီလက်ထရောနစ်ပစ္စည်းတွေနဲ့ များများထိတွေ့တဲ့ကလေးတွေဟာ စိတ်မရှည်တာ၊ စိတ်ဂဏှာမငြိမ်တာနဲ့ ပေါင်းသင်းဆက်ဆံရေးစွမ်းရည် လျော့ကျတာတွေဖြစ်တတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ယိုင်နဲ့နေတဲ့ ကလေးတွေဟာ အောင်မြင်ပျော်ရွှင်တဲ့ လမ်းနဲ့လျော့နည်းနေဦးမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ပတ်ဝန်းကျင်က ကလေးတွေနဲ့ အတူတူကစားတာ၊ သစ်ပင်အတူတူစိုက်တာ စတာတွေနဲ့ သင့်ကလေးငယ်ကို သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့ခွင့်ပေးပါ။

၅။ ကလေးငယ်ရဲ့ ခန္ဓာကိုယ်သန်စွမ်းကျန်းမာမှုကို ဂရုစိုက်ပါ။

“စိတ်သွားတိုင်းကိုယ်ပါ” တဲ့ ကလေးငယ်တစ်ယောက်ဖြစ်ဖို့အတွက် ကျန်းမာရေးကောင်းမွန်ဖို့ကလည်း သိပ်ကိုအရေးကြီးပါတယ်။ သင့်ကလေးငယ်ကို သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေ ကျွေးပါ။ အိပ်ရေးဝဝအိပ်စက်စေပါ။ သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှား အားကစားတွေပြုလုပ်စေပါ။ မကြာခဏဖျားနာမှုမရှိအောင် ကာကွယ်ပေးနိုင်တဲ့ ဗီတာမင်စီ ကိုလည်း ဂရုတစိုက်နဲ့ ဖြည့်တင်းပေးပါ။

ဂန္ထဝင် စာချစ်သူဖေဖေမေမေတို့ ဗဟုသုတရစေဖို့အတွက် Vicee နဲ့ ဂန္ထဝင်မဂ္ဂဇင်းတို့မှ ပူးပေါင်းစီစဉ်တင်ဆက်တဲ့ ဒီစာစောင်လေးကို နှစ်သက်တယ်ဆိုရင် ဝေမျှပေးလိုက်ပါဦးနော်။