ယနေ့ခေတ်ရဲ့ လမ်းတွေမှာ ကားတွေ၊ ဆိုင်ကယ်တွေ ပျားပန်းခတ်တမျှ ရှုပ်ထွေးလာနေသလို ယာဉ်မတော်တဆမှုတွေလည်း များပြားမြင့်တက်လာတာကို စိုးထိတ်ဖွယ်တွေ့ရှိနေရပါတယ်။ ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခဲ့တဲ့သူတွေရှိသလို ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဆုံးရှုံးသွားရသူတွေလည်း ဒုနဲ့ဒေးပါ။ ယာဉ်တိုက်မှုတစ်ခုဟာ ထိခိုက်အန္တရာယ်ရသူ ကာယကံရှင်ကိုယ်တိုင်အတွက်သာမက နောက်ကွယ်ကမှီခိုနေတဲ့ မိသားစုဝင်တွေအတွက်လည်း ဒုက္ခဖြစ်စေပါတယ်။
တကယ်တော့ ကားဆိုတာ လူကထိန်းချုပ်ပြီး မောင်းနှင်ရတဲ့ သက်မဲ့ပစ္စည်းပါ။ သွားရေးလာရေး အဆင်ပြေလွယ်ကူအောင် တီထွင်ထားတဲ့ အရာပါ။ အဲဒီ သက်မဲ့ပစ္စည်းကြောင့် အသက်အန္တရာယ်ဒုက္ခရောက်တာမျိုးမဖြစ်အောင်၊ သက်မဲ့ကားက သက်ရှိလူကိုထိန်းချုပ်ပြီး ပြန်လည်မောင်းနှင်ခံရတာမျိုးမဖြစ်အောင် ယာဉ်မောင်းသူတွေအားလုံး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို ခရေစေ့တွင်းကျသိရှိနားလည်ပြီး လိုက်နာဖို့လိုပါတယ်။
မြို့ကြီးပြကြီးတွေရဲ့ ယာဉ်မောင်းသူတွေထဲမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို နားလည်သိရှိပြီး လိုက်နာသူတွေရှိသလို၊ စည်းကမ်းတွေ၊ စနစ်တွေကို ဂဃနဏမသိဘဲ ကားမောင်း၊ ဆိုင်ကယ်မောင်းတတ်ရင်ပြီးရောဆိုပြီး စည်းကမ်းမဲ့မောင်းနှင်နေသူတွေလည်း အများကြီး ရှိနေဆဲပါပဲ။ အဲဒီလို စည်းကမ်းနားမလည်သူတစ်ယောက်ကြောင့် စည်းကမ်းရှိသူတွေအများကြီး ထိခိုက်ရတယ်ဆိုတာ ရင်နာစရာပါပဲ။ ဒါဟာ နိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ်ကိုပါ ထိခိုက်စေပါတယ်။
ဒါကြောင့် တစ်နိုင်ငံလုံးက ယာဉ်မောင်းနှင်သူတွေအားလုံးကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး သေသေချာချာသိရှိနားလည်ဖို့ အသိပညာပေးလှုပ်ရှားမှုတွေကို အစိုးရကဦးဆောင်ပြီး အင်တိုက်အားတိုက်လုပ်ဆောင်ပေးဖို့လိုပါတယ်။ အစိုးရတင်မဟုတ်ပါဘူး၊ ယာဉ်မောင်းသူအချင်းချင်းလည်း တစ်ဦးနဲ့တစ်ဦး ယာဉ်စည်းကမ်းလမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး လက်ဆင့်ကမ်းပညာပေးတာမျိုးတွေ လုပ်သင့်ပါတယ်။ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ပညာပေးတွေလုပ်လို့ စည်းကမ်းတွေကို သိသွားတယ်ထားဦး၊ ယာဉ်မောင်းသူတွေဘက်ကလည်း သေသေချာချာ စည်းကမ်းလိုက်နာဖို့ လိုအပ်ပါသေးတယ်။
မကြာသေးခင်ကမှ မြန်မာ့နံပါတ်တစ် အွန်လိုင်းအခြေပြုမော်တော်ယာဉ်ရောင်းဝယ်ရေး website နဲ့ application တစ်ခုဖြစ်တဲ့ Motors.com.mm က ဦးစီးဦးဆောင်ပြုပြီး Motors Awareness Campaign (Mandalay) ကို မန္တလေးမြို့၊ ဟိုတယ်ရွှေပြည်သာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားဖြစ်မြောက်ဖို့အတွက် Motors.com.mm နဲ့အတူ Ford Myanmar, AYA Myanmar Insurance (AMI) နဲ့ groupbuyy.com.mm တို့က ပူးပေါင်းပါဝင်ခဲ့တယ်။ အဲဒီအခမ်းအနားမှာ အမှတ် (၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊ အမှတ် (၁၄) ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲ၊ ဒုတိယဗိုလ်ကြီး ကျော်ကျော်အောင်မှ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ သိမှတ်စရာအကြောင်းအရာတွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ သိပ်ကိုကောင်းတဲ့ လှုပ်ရှားမှုပါ။ ဒီလို awareness campaign တွေကြောင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းတွေကို အမှန်တကယ်သိရှိနားလည်ပြီး စနစ်တကျမောင်းနှင်တဲ့ ယာဉ်မောင်းတွေ တိုးလာမယ်ဆိုရင် ယာဉ်ကြောင့်ဖြစ်တဲ့မတော်တဆမှုတွေ၊ အသက်ဆုံးရှုံးမှုတွေကို အတိုင်းအတာတစ်ခုထိ လျှော့ချနိုင်မှာပါ။ ဒီလို awareness campaign ကြောင့် လူတစ်ယောက်က ယာဉ်စည်းကမ်းလမ်းစည်းကမ်းတွေကို သိသွားမယ်၊ ပြီးတော့ နောက်ထပ် လူတစ်ယောက်ကို ပြန်လည်မျှဝေမယ်။ ဒါဆိုရင် အချိန်တိုအတွင်းမှာ လူတော်တော်များများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို သိရှိလိုက်နာနိုင်ပြီး အန္တရာယ်ကင်းမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို အသိပညာပေးလှုပ်ရှားမှုတွေကို များများပြုလုပ်ကြဖို့ တိုက်တွန်းရင်း Motors.com.mm ကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်လိုက်ပါတယ်ရှင်။
သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။