ကလေးဘဝကို အကောင်းဆုံးဖြတ်သန်းနိုင်စေဖို့ ရင်သွေးငယ်လေးတွေကို သင်ကြားပြသပေးသင့်တဲ့ စိတ်နေစိတ်ထား (၅) ခု

0
208

၁။ အခက်အခဲတွေကို ကျော်လွှားနိုင်အောင် သင်ကြားပေးပါ။

ကလေးတွေကို စိတ်ဓာတ်ခိုင်မာလာအောင်၊ အခက်အခဲတွေကို ကောင်းစွာကျော်ဖြတ်နိုင်အောင် သင်ကြားပေးပါ။ ပြဿနာတစ်ခုခုကြုံလာပြီဆိုရင်လည်း ကိုယ်တိုင်ဖြေရှင်းတတ်အောင်၊ အကူအညီလိုရင် တောင်းခံတတ်အောင် သင်ကြားပေးပါ။ ဒီလိုသင်ကြားပေးခြင်းက သူတို့ရဲ့ ဘဝသက်တမ်းတစ်လျှောက်လုံးအတွက် စိတ်ညစ်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေ ကင်းဝေးစေနိုင်ပါတယ်။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ သူတစ်ယောက်တည်းမဟုတ်ဘူးဆိုတာသိအောင် သင်ကြားပေးပါ။

အခက်အခဲတွေနဲ့ ကြုံလာရတဲ့အခါ၊ မျှော်လင့်ထားသလိုဖြစ်မလာတဲ့အခါ၊ လိုချင်တာကိုမရတဲ့အခါ ဒီလိုဖြစ်နေတာ သူတစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို နားလည်အောင် ပြောပြပါ။ လူတိုင်းလူတိုင်းမှာ အခက်အခဲတွေရှိနေတတ်တဲ့အကြောင်းကို သင်ပေးထားခြင်းက ကလေးငယ်ရဲ့ ဘဝတစ်လျှောက်လုံးမှာ ညှာတာသနားတတ်တဲ့စိတ်ကလေးဖြစ်လာစေပြီး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ စိတ်ခွန်အားဖြစ်စေနိုင်ပါတယ်။

၃။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် သင်ကြားပေးပါ။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ကလေးတွေမှာ စိတ်ဖိစီးမှုတွေမရှိတတ်ကြပါဘူး။ ကလေးတစ်ယောက်အနေနဲ့ စိတ်ခံစားမှုကောင်းမွန်ဖို့၊ ကောင်းစွာပြုမူနေထိုင်တတ်ဖို့၊ အလုပ်တာဝန်တွေကို ကောင်းမွန်စွာလုပ်ဆောင်တတ်ဖို့ ကိုယ့်ကိုယ်ကိုယုံကြည်မှုက မရှိမဖြစ်လိုအပ်ပါတယ်။ ဒါ့ကြောင့် ကိုယ်စွမ်းကိုယ်စကို ယုံကြည်တတ်အောင်၊ အစွမ်းအစတွေကို ထုတ်ဖော်အသုံးချနိုင်အောင် ကလေးတွေကို သေသေချာချာသင်ပြထားသင့်ပါတယ်။

၎။ ခွင့်လွှတ်တတ်အောင် သင်ကြားပေးပါ။

ငယ်ရွယ်နုနယ်စဉ်မှာ ခွင့်လွှတ်ခြင်းရဲ့အနှစ်သာရကို သင်ယူရခြင်းဟာ ကလေးရဲ့ အနာဂတ်ဘဝအတွက် ဆုလာဘ်တစ်ခုပါပဲ။ စိတ်နှလုံးသားကို လေးလံပူလောင်စေတဲ့ အမုန်းတရားတွေ၊ ရန်ငြှိုးတွေကို ဆုပ်ကိုင်မထားဖို့၊ ခွင့်လွှတ်ပြီး မေတ္တာထားတတ်ဖို့ သင်ကြားပေးသင့်ပါတယ်။ ခွင့်လွှတ်တတ်တဲ့ကလေးတစ်ယောက်အနေနဲ့ ဘဝသက်တမ်းတစ်လျှောက်လုံးကို ပျော်ရွှင်စွာ ဖြတ်သန်းသွားနိုင်မှာ အသေအချာပါပဲ။

၅။ နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းတတ်ဖို့ သင်ကြားပေးပါ။

ကလေးတွေကို ငယ်စဉ်ကတည်းက လောကကြီးရဲ့ ပျော်ရွှင်စရာလေးတွေ၊ လောကကြီးရဲ့ အလှအပလေးတွေ၊ ကျေးဇူးတင်ထိုက်တာလေးတွေကို ပြောပြပြီး နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ သင်ကြားပေးပါ။ နေ့တိုင်းမှာ အချိန်တစ်ခုသတ်မှတ်ပြီး အဲဒီ့နေ့ရဲ့ ကောင်းတဲ့ကိစ္စရပ်လေးတွေကို ပြန်လည်တွေးတောခိုင်းပါ။ ဒီလိုသင်ကြားပေးခြင်းက နေ့စဉ်ဘဝရဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေပါတယ်။

ဂန္ထဝင်စာဖတ်ပရိသတ် ဖေဖေမေမေတို့ရေ…။ သားသားမီးမီးလေးတွေကို အထက်ပါနည်းလမ်းလေးတွေအတိုင်း သင်ကြားပေးခြင်းက သားသားမီးမီးတို့ရဲ့ စိတ်ခံစားမှုလေးတွေကို ကောင်းမွန်ပျော်ရွှင်စေနိုင်ပြီး ကလေးဘဝကို ပျော်ရွှင်ပေါ့ပါးစွာ ဖြတ်သန်းစေနိုင်ပါတယ်။ ကလေးဘဝဆိုတာ ဆော့ကစားမှုတွေ၊ ရိုးသားအပြစ်ကင်းမှုတွေ၊ ပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေတဲ့ အဖိုးတန်ဆုံးအချိန်ကာလလေးတစ်ခုဖြစ်ပါတယ်။ စိတ်ခံစားမှုတွေ နုနယ်လွန်းပြီး အစွန်းအထင်းအဖြစ်စေနိုင်ဆုံး၊ အထိခိုက်စေနိုင်ဆုံး ကာလလည်းဖြစ်တာကြောင့် ကောင်းစွာ ဂရုစိုက်နိုင်မှ ပျော်ရွှင်တဲ့ကလေးတစ်ယောက် ဖြစ်လာနိုင်မှာပါ။

အညွန့်တလူလူနဲ့ ပျိုးပင်လေးတွေကို အခက်အလက်ဝေဆာတဲ့ သစ်ပင်ကောင်းတစ်ပင်ဖြစ်အောင် ရေလောင်းပေါင်းသင်ပြီး ပြုစုပျိုးထောင်ပေးဖို့က ကျွန်မတို့မိဘတွေရဲ့ သမိုင်းပေးတာဝန်ပဲမဟုတ်ပါလားရှင်။

မိဘဘဝရောက်နေတဲ့ သူငယ်ချင်းတွေ ဖတ်ရှုမှတ်သားနိုင်စေဖို့ SHARE လိုက်ပါ။

Leave a Reply