ဒါရိုက်တာကြည်ဖြူသျှင်နဲ့ (၅) မိနစ်တာ အပိုင်း -၂

0
390
Photo Credit: https://www.facebook.com/kyiphyu.shin

အရင်အပတ်က အောင်မြင်ကျော်ကြားသောမြန်မာအမျိုးသမီးများ ကဏ္ဍမှာ ဒါရိုက်တာကြည်ဖြူသျှင်ရဲ့ ၅ မိနစ် အမေးဖြေ အပိုင်း – ၁ ကို တင်ဆက်သွားပြီး ဖြစ်ပါတယ်။ အခုအပတ်မှာတော့ ဆက်လက်ပြီး အပိုင်း – ၂ ကို တင်ဆက်သွားမှာပါ။

(၆) – မကြည်ဖြူသျှင် ကိုယ်လုပ်ဆောင်ရာ လုပ်ငန်းလေးမှာ ကိုယ့်ကိုယ်ကို အမြဲ တိုးတက်နေဖို့ (self-improvement) အတွက် ဘာတွေ လုပ်လေ့ရှိလဲ။

– အဓိကကတော့ စာအုပ်ဖတ်တာပဲ။ ပထမဆုံး (၈) တန်းလောက်ကတည်းက ဆရာ ပီမိုးနင်း စာအုပ်တွေ စဖတ်နေပြီ။ စဖတ်ဖြစ်တဲ့ ပထမဆုံး စာအုပ်က “ဘဝဓလေ့များ” ဆိုတဲ့စာအုပ်။ ငယ်ငယ်လေးကတည်းက ပြောမယ်ဆိုရင် စာအုပ်ကြီးတွေ ဖတ်ပြီးတော့ လူကသာငယ်တာ စိတ်ကလူကြီးဖြစ်နေပြီ။ အချိန်ဆိုတာ အရမ်းတန်ဖိုးရှိတယ်။ ငါဝါသနာပါတဲ့ အလုပ်ကို ငါဖြစ်အောင် လုပ်ရမယ်။ သူများတွေ ဘာပြောပြော တကယ်ဖြစ်အောင်လုပ်ရင် ဖြစ်တယ်ပေါ့နော်။ စာကြီးပေကြီးတွေ ဖတ်ပြီးတော့ စိတ်ကြီးတွေဝင်နေတယ်။ အသက်(၂၁) နှစ်မှာ စလုပ်ဖြစ်တယ်ဆိုတာလည်း အဲဒါကြောင့်ပါပဲ။ အဓိကကတော့ ဘဝမှာ အခက်အခဲတွေကြုံတဲ့ အခါမှာ စာအုပ်တွေပဲ ဖတ်တာပဲ။ တက်ကျမ်းစာအုပ်တွေဖတ်တယ်။ ဆရာဖေမြင့်စာအုပ်တွေ ကြည်ဖြူ ဖတ်ဖြစ်တယ်။ စာအုပ်တွေကနေ ကိုယ့်ကို တွန်းအားတွေ ပေးတာပဲ။ ခွန်အားတွေပေးတယ်။ စိတ်ဓါတ်ကျလို့ ပင်ပန်းပြီဆိုရင် စာအုပ်တွေ ဖတ်ဖြစ်တယ်။ ဥပမာ-မိတ်ဆွေ အပေါင်းအသင်းနဲ့ ပက်သက်လို့ ကိုယ့်အပေါ်မှာ မကောင်းတာတွေ ကြုံရလို့ရှိရင်လည်း ‘မိတ်ဆွေကောင်းနဲ့ ခရီးသွားခြင်း’ လိုမျိုး စာအုပ်တွေဖတ်ပြီးတော့ ကိုယ့်စိတ်ကိုယ်ပြန်ပြီး ခွန်အားတွေ ပေးတယ်။ စာအုပ်တွေဟာ ဆေးတွေပဲလို့။ ဒီချိန်မှာ ဒီရောဂါဖြစ်ရင် ဒီစာအုပ်လေးဖတ်လိုက်တယ်။ ဟိုရောဂါဖြစ်ရင် ဟိုစာအုပ်လေးဖတ်လိုက်တယ်။ စိတ်ပါပဲ။ အဲလိုနည်းတွေနဲ့ပဲ ကိုယ်လိုချင်တဲ့ အခြေအနေတစ်ခု ရောက်အောင် ကြိုးစားသွားတယ်။

နောက်တစ်ခုထပ်တွေ့ရတာက အောင်မြင်မှုကို ဆက်ပြီးတော့ ဘယ်လိုထိန်းမလဲဆိုတာပဲ။ ကြည်ဖြူထင်ထားတာက အောင်မြင်ဖို့ ကြိုးစားတဲ့ အချိန်ပဲပင်ပန်းမယ်။ အောင်မြင်သွားရင်ပြီးပြီလို့ ကိုယ်ကထင်ခဲ့တယ်။ အမှန်တော့ ကိုယ်ဒီအခြေအနေမှာ ဒီအခက်အခဲလာတယ်။ ဒီထက်မြင့်သွားရင် ဒီထက်ပိုခက်တဲ့ အခက်အခဲကြီးလာတယ်။ ခုချိန်မှာ ကိုယ်အောင်မြင်နေပြီ။ အောင်မြင်နေတဲ့ အချိန်မှာ စိတ်ကို အေးချမ်းအောင် တည်ဆောက်ရတယ်။ ဆရာတော် အရှင်ဆန္ဒာတိက စာအုပ်တွေဖတ်တယ်။ နောက်ပြီး မိုးကုတ်ဆရာတော် ဘုရားကြီးရဲ့ စာအုပ်လေးတွေဖတ်တယ်။ ပြီးတော့ တရားစခန်းဝင်ပါတယ်။ အဲအချိန်မှာသိလာတာက အခက်အခဲဆိုတာ အမြဲတမ်းရှိမှာပဲ။ ဒုက္ခဆိုတာ အမြဲတမ်းရှိမှာပဲ။ ကိုယ့်ဘာကိုယ် ငြိမ်းအောင် ဘယ်လိုနေရမလဲဆိုတဲ့ ဘာသာရေးတွေနဲ့ ကိုယ့်စိတ်ကိုပြန်ပြီးတော့ ထိန်းရပါတယ်။ စိတ်ညစ်စရာရှိရင်လည်း ဖြေလိုက်တယ်။ ကိုယ့်ကို တိုက်ခိုက်လာတယ်ဆိုလည်း အော်သူလည်း သူ့ဒုက္ခသူရှိလို့ပဲလေဆိုပြီး ဖြေလိုက်တယ်။ ကိုယ့်ကိုယ်ကို အကောင်းဆုံး ဖြစ်အောင် တည်ဆောက်တယ်။ ကြည်ဖြူကတော့ ဗုဒ္ဓဘာသာဆိုတော့  ဗုဒ္ဓဘာသာရဲ့ အခြေခံက (၅)ပါးသီလပဲဆိုတော့ ကြည်ဖြူ (၅)ပါးသီလ လုံအောင်ထိန်းတယ်။ အဲလိုမျိုးလုံအောင် ထိန်းတဲ့အခါမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာတယ်။ တစ်ခုပြောရမယ်ဆိုလို့ရှိရင် “ကျွန်မက ဘယ်တော့မှ မလိမ်ဘူး။ ကျွန်မရဲ့စကားက အတည်ပဲ။ ကျွန်မကိုလည်း မလိမ်ခိုင်းနဲ့။ “အဲဒီ (၅)ပါးသီလထိန်းမှုရဲ့ ယုံကြည်မှုဟာ ကိုယ့်ပတ်ဝန်းကျင်က လူတွေက ကိုယ့်အပေါ် ယုံကြည်မှုရှိလာတယ်။ လေးစားလာတယ်။ ကိုယ်ပြောတဲ့ စကားကို သူတို့လက်ခံလာတယ်။ ကြည်ဖြူရှင်ဟာ မလိမ်ဘူးဆိုတဲ့ အရာတစ်ခုနဲ့တင် သူတို့ယုံကြည်မှု ရှိတယ်။ နောက်တစ်ခုက ကိုယ့်တာဝန်ကိုယ် ကျေအောင် ကိုယ်အမြဲလုပ်ပေးတယ်။ ကိုယ့်ကိုယ်တစ်ခုခု တာဝန်ပေးလိုက်ပြီဆို မလုပ်နိုင်ဘူးဆို မလုပ်ဘူး။ လုပ်နိုင်တယ်ဆို တာဝန်ကျေအောင် လုပ်ပေးတယ်။ ဘယ်အရာမဆို စေတနာထားပြီး ကူညီပေးတယ်။ ကူညီရင်းနဲ့ စေတနာ အဝန်းအဝိုင်းတွေက ကိုယ့်ဆီပြန်လည်လာတယ်။ လူတစ်ယောက်ကို ကိုယ်ကူညီလိုက်တဲ့အခါမှာ ကိုယ်ကူညီခြင်းရဲ့နောက်မှာ ကိုယ်မသိတဲ့ လောကအသစ်တွေ ထပ်တွေ့ရတယ်။ ဆိုတော့ အခုအချိန်မှာ ကြည်ဖြူဘယ်လိုနေလဲဆိုရင်တော့ ဒုက္ခတွေ့လည်း ဒါငါအရင်ဘဝကလုပ်ခဲ့တဲ့ အကုသိုလ်တွေပဲ။ သူငါ့ကိုတိုက်ခိုက်ခဲ့သလို ငါပြန်ပြီးတိုက်ခိုက်စရာ အကြောင်းမရှိဘူး။ အဲဒါ ကိုယ့်အကုသိုလ် ဖြစ်သွားမယ်။ ငါတော့ အကောင်းဆုံး ဖြစ်အောင်နေမယ်။ ဆိုပြီးတော့ ကိုယ့်ကိုယ်ကိုပဲ ကောင်းအောင် တည်ဆောက်လိုက်တယ်။ ဘာဖြစ်လာလဲဆိုတော့ ငြိမ်းချမ်းလာတယ်။ ဒုက္ခတွေ ဘယ်လောက်ရှိရှိ၊ အခက်အခဲတွေ ဘယ်လောက်ကြီးကြီး၊ တိုက်ခိုက်မှုတွေ ဘယ်လောက်များများ ငြိမ်းချမ်းလာတယ်။ နောက်တစ်ခုက ကိုယ်နိုင်သလောက် လုပ်တယ်။ ကိုယ့်ကိုယ်ကို လက်ရှိအခြေအနေမှာ အကောင်းဆုံး ဖြစ်အောင် တည်ဆောက်ထားတယ်။ ငါ့အတွက် နေပျော်တယ်။ သေပျော်တယ်လို့ စိတ်ကို တွေးလိုက်တဲ့အခါမှာ ဘဝက ငြိမ်းချမ်းသွားတယ်။ နောက်ဆုံးက ဒါပဲ စိတ်ထားတတ်ဖို့ရယ်၊ ရိုးသားဖို့ပဲ။ ကြည်ဖြူဆို အမြဲတမ်းပြောတယ်။ လည်တယ်ဆိုတာ ကောင်းတာမဟုတ်ဘူးနော်လို့။ ကိုယ်လုပ်တဲ့အလုပ်တွေမှာ ပြဿနာမဖြစ်အောင် နေတတ်တဲ့အခါမှာ တစ်ချို့တွေကမေးကြတယ်_ကျွန်မရိုရိုးပဲပြောတယ် ကျွန်မ အရှိအတိုင်းပဲသွားတယ် အရှိတိုင်းပဲပြောတယ်လို့။ စေတနာထားပြီးလုပ်ပေးတယ်။ ဆိုတော့တစ်ချို့လည်တဲ့ သူတွေဟာ ကိုယ့်လောက်နေရာမရဘူး။ ဘာလို့နေရာမရတာလည်းဆိုတော့ သူတို့လည်လို့ နေရာမရတာ။ ဒီလူဟာ လည်တယ်လို့သိလို့ရှိရင် ယုံကြည်မှုက လျော့သွားတယ်။ ဒီလူကရိုးသားတယ်ဆိုတာ သိလို့ရှိရင် ယုံကြည်မှုက ပိုပြီးတိုးလာတယ်။ ယုံကြည်မှု ပိုရှိလေ အလုပ်လုပ်ရတာ ပိုကောင်းလေပဲ။ ဆိုတော့ အဓိကက ရိုးသားမှုရယ် စေတနာရယ်ပေါ့နော် အဲဒီနှစ်ခုနဲ့တင် ကြည်ဖြူကတော့ ကိုယ့်ကိုယ်ကို အေးအေးချမ်းချမ်းပဲ တည်ဆောက်သွားတာပေါ့။

(၇) – မကြည်ဖြူသျှင် အနေနဲ့ အလုပ်နဲ့ မိသားစုဘဝမျှအောင် (work-life balance လေးတစ်ခုရအောင်) အချိန်ကို ဘယ်လို ပိုင်းခြား အသုံးပြုလေ့ရှိလဲ။

– အရင်တုန်းကဆိုရင် ပြောရမယ်ဆိုရင် မိသားစုအတွက် အချိန်လုံးဝ မပေးနိုင်ခဲ့ဘူး။ ကိုယ့်အလုပ်ထဲပဲ လုံးဝကို နှစ်ထားတယ်။ အခုချိန်ကြတော့ အသက်ကလည်း နည်းနည်းရလာတယ်။ မိသားစုအပေါ်ကြတော့ ကိုယ့်အဖေအမေတွေလည်း အသက်ကြီးပြီ။ ကိုယ်တတ်နိုင်သမျှ အချိန်ပေးသင့်တယ်ဆိုတဲ့အခါမှာ အဓိကအချိန်ပေးနိုင်တာက ထမင်းစားချိန်ပဲ ပေးနိုင်တယ်။ မနက်အိပ်ယာထ ဖေဖေနဲ့တွေ့လို့ရှိရင် စကားတစ်ခွန်းနှစ်ခွန်း စကားပြောဖြစ်တယ်။ နေ့ခင်း ထမင်းစားချိန်မှာ တတ်နိုင်သ၍မိသားစုနဲ့ ဆုံအောင် ထမင်းစားတယ်။ ညနေထမင်းစားချိန်မှာ ဆုံအောင်စားတယ်။ အဲလိုအချိန်လေးပဲ မိသားစုအတွက် အချိန်ပေးဖြစ်တယ်။ အရင်တုန်းကဆိုလို့ရှိရင်  ထမင်းစားတောင် မဆုံဖြစ်ဘူး။

(၈) – မကြည်ဖြူသျှင် အနေနဲ့ တက်သစ်စ လူငယ်တွေအတွက်  အချိန်ကို ဘယ်လို အကျိုးရှိရှိ အသုံးချသင့်လဲ ဆိုတာကို ပြောပေးပါဦး။ လူငယ်တွေကို စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စကားလက်ဆောင်လေး အနည်းငယ်ပေးပါဦးရှင်။

– ကြည်ဖြူပြောချင်တာကတော့လေ လူငယ်တွေ အနေနဲ့ပေါ့နော် ပထမအဆင့်တော့ ပညာကို ပြည့်အောင် ဖြည့်ပါ။ ကြည်ဖြူဆို အင်္ဂလိပ်စာ အားနည်းတယ်။ အဲဒီအားနည်းချက်က ကိုယ့်အတွက် အများကြီး ထိန်းချုပ်မှုတွေ ဖြစ်စေတယ်ပေါ့နော်။ ကိုယ့်ရဲ့ အသက်ရွယ်ပေါ်မှာ မူတည်ပြီးတော့ ဘယ်အရွယ်ဖြစ်ဖြစ် အင်္ဂလိပ်စာ ကျွမ်းကျင်အောင်လုပ်ပါ။ နောက်တစ်ခုက ကိုယ့်ရဲ့အချိန်တွေကို တန်ဖိုးရှိအောင် အသုံးချပါ။ ကုန်သွားတဲ့ အချိန်က ကိုယ့်အတွက် ပညာရမလား၊ ငွေရမလား၊ ကုသိုလ်ရမလားပေါ့။ တစ်ခုခုရအောင် အသုံးချပေါ့။ ရိုးသားပါ။ ငါးပါးသီလ တတ်နိုင်သမျှ လုံအောင်ထိန်းပါ။ ငါးပါးသီလ လုံတဲ့ လူတစ်ယောက်သည် ဘာလုပ်လုပ် အဆင်ပြေပါတယ်။ နောက်တစ်ခုက ရိုးသားတဲ့သူ  တစ်ယောက်အတွက် နေရာတိုင်းမှာ သူ့အတွက် နေရာတစ်ခုက အမြဲရှိနေပါတယ်။ အောင်မြင်မှုတွေရလာပါလိမ့်မယ်။ အဓိကပြောချင်တာကတော့ ရိုးသားပါ။ ကြိုးစားပါ။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ပါစေနဲ့။

ကြည်ဖြူ လူငယ်တွေကို သိစေချင်တာတစ်ခုက မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်နဲ့ ပတ်သက်ပြီး လူတွေက ဘယ်လိုထင်လဲဆိုရင် ဘွဲ့တွေ အရေးမကြီးဘူး။ ဆရာဝန်၊ အင်ဂျင်နီယာဘွဲ့၊ ကွန်ပျူတာဘွဲ့ရဆိုလို့ ရှိရင် art and science ပဲ။ ဘွဲ့တွေသည် ငါတို့အတွက် ဘာမှ အဓိကမကျဘူးလို့ လူတွေက မြင်ကြတယ်။ လောကမှာ ငွေရှိရင် ပြီးရော၊ အလုပ်ရှိရင် ပြီးရောလို့ မြင်ကြတယ်။ ကြည်ဖြူလည်း ဒီလိုပဲ နေခဲ့တယ်။ အဲလိုတွေနေခဲ့လို့ ကြည်ဖြူဆုံးရှုံခဲ့ရတာတွေ ရှိခဲ့တယ်။ တစ်ခုက ကြည်ဖြူ ပထမနှစ် အရေးအခင်းဖြစ်လို့ ကျောင်းပိတ်သွားတဲ့ အချိန်မှာ ကြည်ဖြူ ဒါရိုက်တာ စလုပ်တယ်။ ကြည်ဖြူရတဲ့ မေဂျာက မြန်မာစာဘွဲ့။ မြန်မာစာဆိုတော့ မြန်မာစာမေဂျာသည် ကိုယ့်အတွက် ဘာမှ အသုံးဝင်တာလဲ မဟုတ်ဘူး။ နောက်တစ်ခုက စာမေးပွဲ ဖြေကာနီးဆို ကိုယ့်အတွက် ဇာတ်ကားရိုက်ဖို့က အမြဲကြုံရတတ်တော့ ဇာတ်ကားရိုက်ဖို့ကပဲ ကိုယ့်အတွက် အမြဲအရေးကြီးနေခဲ့တယ်ဆိုတော့ တက္ကသိုလ်ကို ပြန်မဖြေဖြစ်တော့ဘူးပေါ့။ ပြန်မဖြေဖြစ်တာ ဘယ်လောက်တောင် ကြာသွားလဲ ဆို (၁၀)နှစ်ကြာသွားတယ်။ အဲဒီအချိန်မှာ ရုပ်ရှင်အစည်းအရုံးကနေပြီးတော့ ကြည်ဖြူ့ကို နိုင်ငံခြားလွှတ်ဖို့ဆိုပြီး ပြောတယ်။ အိန္ဒိယနိုင်ငံ ရုပ်ရှင်သင်တန်းကျောင်းက မြန်မာနိုင်ငံက လူငယ်ဒါရိုက်တာတွေကိုခေါ်တယ်။ အသက်ကန့်သတ်ထားတယ်။ အသက် (၂၅) နှစ်နဲ့ (၃၀) ကြားဖြစ်ရမယ်။ ပြီးတော့ ပရော်ဖက်ရှင်နယ် ဒါရိုက်တာတစ်ယောက်ဖြစ်ရမယ်။ ဘွဲ့ရပညာတတ်တစ်ယောက် ဖြစ်ရမယ်။ လူကြီးတွေက ဘွဲ့ရပြီိလို့ ထင်ပြီး ကြည်ဖြူ့ကို သွားဖို့ရွေးလိုက်တယ်။ ကိုယ်ကဘွဲ့မရဘူးဆိုတော့ ကိုယ်ရတဲ့ အခွင့်အရေးတစ်ခု ဆုံးရှုံးလိုက်ရတယ်။ အဲဒီချိန်မှ နောင်တရပြီးတော့ ကြည်ဖြူကဘွဲ့ပြန်ယူတယ်။ နောက် ဒါရိုက်တာကလည်းဖြစ်ပြန်။ ဇာတ်ညွှန်းလည်းရေးနေတဲ့ သူတစ်ယောက်ဆိုတော့ တက္ကသိုလ်စာသည် “၏၊ သည်” မရွေးဖြေစရာ မလိုဘူး။ ကိုယ်စိတ်ကူးရှိသလို ကွန့်မြူးလို့ရတဲ့ အခါကျတော့ စာကိုကောင်းကောင်း ကိုယ်ကဖြေနိုင်ခဲ့တယ်။ အဲတော့ ဆရာမတွေက မဟာတတ်ဖို့ထိတိုက်တွန်းကြတယ်။ ကြည်ဖြူက မလိုပါဘူးပေါ့နော် ကြည်ဖြူဘွဲ့ရရင်တော်ပြီပြီးတော့ ကြည်ဖြူလက်လည်း ညောင်းတယ် ဖြေရတာပေါ့နော်။ ဆိုတော့ အောင်မှတ်ရရင်ပြီးရော၊ အဓိက ဘွဲ့ရဖို့ပဲဆိုပြီး ကိုယ်လုပ်နိုင်ရဲ့သားနဲ့ မဖြေပဲနဲ့ ဘွဲ့လက်မှတ်ကို ရအောင်ယူခဲ့တယ်။ အဲဒီအခါမှာ အဲလိုမျိုးလုပ်ခဲ့တဲ့ ဆုံးရှုံးမှုက ဘယ်မှာ ထပ်ဖြစ်လဲဆိုတော့ ကိုရီးယားနိုင်ငံကို ချစ်ကြည်ရေးအနေနဲ့ စကောလားနဲ့ပဲ မြန်မာဒါရိုက်တာကို သင်တန်းတက်ဖို့အတွက်ခေါ်တယ်။ ဒီတစ်ခါတော့ အိုကေပဲပေါ့။ ကိုယ်လည်းအားလုံးနီးပါးပြည့်စုံပြီဆို လျှောက်လိုက်တာ။ အဲဒီမှာ ဘာထပ်တွေ့ရလဲဆိုတော့ ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ အမှတ်ကို သူတို့က ပြန်ကြည့်တယ်။ သူတို့က ဘာမေဂျာပဲ ဖြစ်ဖြစ် ပြန်ကြည့်တယ်။ သူတို့ရဲ့ အမှတ်ကိုကြည့်ပြီးတော့ ဒီလူတစ်ယောက်ရဲ့ အိုင်ကျူကို သူတို့က ဆုံးဖြတ်တယ်။ နောက်တစ်ခုက ကျောင်းတက်ခဲ့တဲ့ တက္ကသိုလ်ကာလမှာ ကြိုးစားခဲ့တယ်ဆိုတဲ့ ပြယုပ်ကို သူတို့ကယူတယ်။ ဒီတော့ ကြည်ဖြူကဘွဲ့ရရင် ပြီးရောဆိုပြီးတော့ အောင်မှတ်ရအောင်ပဲ ဖြေခဲ့တဲ့ အတွက် ကြည်ဖြူ ပြန်ပြုတ်သွားတယ်။ အဲဒါလေးတွေကို ဒီခေတ်လူငယ်လေးတွေကို သိစေချင်တယ်။ ဘယ်မေဂျာပဲဖြစ်ဖြစ်ပေါ့နော် ART and Science ကိုယ်ယူတဲ့ မေဂျာမှာ အမှတ်အများဆုံးရအောင် ယူပြီးတော့ ဘွဲ့ကို ယူပါ။ တစ်ချိန်မှာ အဲဒါလေးတွေသည် မမြင်ရသော ပစ်ချက်တွေ ဖြစ်လာတတ်တယ်။ အခု ကြည်ဖြူ ပြန်တွေးရင်တော့ ကြည်ဖြူ့အသက်အရွယ်နဲ့ ပြန်မရနိုင်တော့ဘူး။ အဲဒါကြောင့် လူငယ်တွေ အနေနဲ့ ကြည်ဖြူ့လို ဆုံးရှုံးမှုတွေနဲ့ မကြုံတွေ့စေချင်ဘူး။

 

ကဲ… စာဖတ်ပရိသတ်တို့ရေ…မကြည်ဖြူသျှင်ရဲ့ 5 Minute Biography လေးကိုဖတ်လိုက်ရတာ ဘာအတုယူဖွယ်လေးတွေ တွေ့လိုက်ရလဲ။ ကျွန်မအနေနဲ့တော့ မကြည်ဖြူရဲ့ ရည်မှန်းချက်ခိုင်မာမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စိတ်ဓာတ်လှပမှု၊ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်မှုနဲ့ အခုလိုရပ်တည်နိုင်ဖို့အတွက် အချိန်ပေးပြီး ကိုယ်လိုရာ ပန်းတိုင်ဆီသို့ ဇွဲလုံ့လအပြည့်နဲ့ မဆုတ်မနစ် အားထုတ်ကြိုးပမ်းမှုလေးတွေကို တွေ့လိုက်ရပါတယ်။ ကျွန်မတို့ မိန်းကလေးတွေ အားကျအတုယူထိုက်သော ရှေ့ဆောင်လမ်းပြသွားသူပါ။ ဂန္တဝင်စာဖတ်ပရိသတ်ကြီးတို့လည်း မကြည်ဖြူလိုဘဲ ရည်မှန်းချက်ခိုင်ခိုင်မာမာနဲ့ အားကျိုးမာန်တက် လိုရာပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။

 

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အားကျဖွယ်ကောင်းတယ်ဆို Share လိုက်ပါအုံး။