ဗျာဒိတ်၊ ဖွား၊ ဗောဓိပင်၊ စံဝင်နန်းနိဗ္ဗာန် မြင်တဲ့ ကဆုန်လပြည့်(သို့မဟုတ်) ဗုဒ္ဓနေ့

0
612

ညီမလေးရေ…

မကြာမီကျရောက်လာမယ့် ကဆုန်လပြည့်နေ့အကြောင်း ညီမလေးကို  ပြောပြမယ်နော်။ “ဗျာဒိတ်၊ ဖွား၊ ဗောဓိပင်၊ စံဝင်နန်းနိဗ္ဗာန် မြင်” ဆိုတဲ့ လင်္ကာလေးအတိုင်း ကဆုန်လပြည့်နေ့ဟာ မြတ်စွာဘုရားအလောင်းတော် ဗျာဒိတ်ခံယူတဲ့နေ့၊  ဖွားမြင်တော်မူတဲ့နေ့၊ သစ္စာလေးပါးကိုမြင်တော်မူတဲ့နေ့ ၊ ပရိနိဗ္ဗာန်စံတော်မူတဲ့နေ့ဖြစ်ပြီး ဗုဒ္ဓနေ့လို့လည်း ခေါ်ကြတဲ့နေ့လေးပေါ့ ညီမလေး။

ကဆုန်လပြည့်နေ့မှာ မြန်မာပြည်အနှံ့အပြားက ဘုရားကျောင်းကန်တွေမှာ မြတ်စွာဘုရားကိုယ်စား မဟာဗောဓိပင်ကို ရေသပ္ပါယ်ကြတယ်။   မဟာဘုရားရှင်လက်ထက်တော်အခါက ဘုရားရှင်ကို ဖူးမျှော်ဖို့လာကြသူတွေဟာ ဘုရားရှင် ဒေသစာရီကြွချီသွားချိန်နဲ့ ကြုံကြိုက်ပြီး ဘုရားရှင်ကို ဖူးမြင်ခွင့်မရဘဲ ပြန်သွားခဲ့ရတယ်။ အဲဒီအကြောင်းကို အရှင်အာနန္ဒာ မထေရ်မြတ်က မြတ်စွာဘုရားကို လျှောက်ထားတာကြောင့် ရှင်မောဂ္ဂလ္လာန်မထေရ် မြတ်ကြီးက မူရင်းဗောဓိပင်ကနေ ကြွေလုလု အစေ့တစ်လုံးကို သင်္ကန်းတော်နဲ့ ခံယူခဲ့ပြီး သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်ကို သယ်ဆောင်ပေးတော်မူခဲ့တယ်။ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ရှင်အာနန္ဒာက ဗောဓိပင်မျိုးစေ့ကို ကောသလမင်းနဲ့ အနာထပိဏ်သူဌေး၊ ဝိသာခါတို့ရဲ့ အကူအညီနဲ့ အများကိုးကွယ်ဆည်းကပ်နိုင်ဖို့အတွက် ဇေတဝန်ကျောင်းတော်အရှေ့မှာ စိုက်ပျိုးပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ကဆုန်လပြည့်နေ့မှာ ဘုရားရှင်ရဲ့ ကိုယ်စားဖြစ်တဲ့ မဟာဗောဓိပင်ကို ရေသပ္ပါယ်ကြတာပေါ့ ညီမလေး။

ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ အထွတ်အမြတ်ထားရာနေ့လေးဖြစ်တဲ့ ကဆုန်လပြည့်နေ့မှာ ဗောဓိညောင်ပင်ကို ရေစင်သွန်းလောင်းခြင်း၊ ဥပုဒ်သီလခံယူခြင်း၊ စတုဒီတာကျွေးမွေးခြင်းစတဲ့ကောင်းမှုကုသိုလ်တွေကို ပြုလုပ်ကြတယ်။ ဒုက္ခအပေါင်းလွတ်ကင်းရာဖြစ်တဲ့ နိဗ္ဗာန်လမ်းကို ပြသခဲ့တဲ့ မြတ်စွာဘုရားရှင်ကို တသပြီးကောင်းမှုကုသိုလ်တွေပြုလုပ်ကြတဲ့နေ့လေးဆိုရင်တော့ မမှားဘူးပေါ့ ညီမလေး။

ဒါကြောင့် ညီမလေးလည်း ကောင်းမှုကုသိုလ်တွေပြုလုပ်ပြီး ဘုရားရှင်ရဲ့ ကျေးဇူးတော်ကိုသတိရဖို့ မမေ့နဲ့နော်။