ငွေကုန်ကြေးကျမများဘဲ အိမ်လေးကို ပိုမိုလှပအောင် အလှဆင်ကြမယ်

blank

ကျွန်မတို့အတော်များများဟာ အိမ်တွင်းကို ပိုမိုလှပအောင် အလှဆင်ဖို့ စဉ်းစားမိလိုက်တဲ့အခါ ငွေကုန်ကြေးကျများမယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ကျွန်မတို့အိမ်လေး လှပသန့်ရှင်းဖို့ ပညာရှင်တွေမငှားဘဲ၊ ငွေကုန်ကြေးကျများစရာမလိုဘဲ ကျွန်မတို့ကိုယ်တိုင် ပြင်ဆင်လို့ရပါတယ်။ ဒါကြောင့် အိမ်ဂေဟာလေးကို ထူးခြားလှပအောင် ကိုယ်တိုင်တန်ဆာဆင်နိုင်မယ့် နည်းလမ်းလေးတွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ သုံးနေကျပုံစံမဟုတ်ဘဲ ပြောင်းလဲအလှဆင်ကြည့်ပါ။

အိမ်တွင်းကို လှပအောင် အလှဆင်တဲ့အခါ ပစ္စည်းလေးတွေကို သုံးနေကျပုံစံမဟုတ်ဘဲ အခြားပုံစံတစ်မျိုးနဲ့ ပြောင်းသုံးကြည့်ပါ။ ဥပမာ- တံခါးမှာတွဲလောင်းချိတ်ရတဲ့ အလှဆင်ခန်းဆီးလေး တွေကို မီးဖိုခန်းမှာ လိုက်ကာအဖြစ်အသုံးပြုခြင်းက တမူထူးခြားတဲ့ အမြင်ဆန်းလေးကို ပေးစွမ်းနိုင်ပါတယ်။     ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ အဝတ်ဗီရိုတွေကို စိတ်ကူးဉာဏ်ရင့်သန်စေတဲ့ ပစ္စည်းလေးတွေနဲ့ အလှဆင်ပါ။

အဝတ်အစားလဲခြင်းက နေ့စဉ်မဖြစ်မနေလုပ်ရတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အဝတ်ဗီရိုတွေ၊ အဝတ်လဲခန်းတွေမှာ စိတ်ကိုပျော်ရွှင်စေတဲ့ပစ္စည်းလေးတွေ၊ စိတ်လန်းဆန်းတက်ကြွစေတဲ့ စာသားလေးတွေ၊ ဖက်ရှင်ဒီဇိုင်းပုံလေးတွေ၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးပွားစေတဲ့ စာစုလေးတွေနဲ့ အလှဆင်ပါ။

၃။ ရိုးရှင်းလွယ်ကူတဲ့ ကိစ္စရပ်လေးတွေကို အရင်ပြီးပြတ်အောင် လုပ်ပါ။

အချိန်အားတာနဲ့ ရိုးရှင်းလွယ်ကူတဲ့ အိမ်အလုပ်လေးတွေကို လုပ်ပါ။ အဝတ်ဗီရိုရှုပ်နေတာတွေကို ရှင်းလင်းတာမျိုး၊ ကိုယ်ပိုင်ဥယျာဉ်လေးကို ပေါင်းသင်ပြီး အပင်လေးတွေကို ရေလောင်း၊ မြေသြဇာထည့်တာမျိုးလေးတွေ လုပ်တာမျိုးပေါ့။ ဒီလိုအလုပ်လေးတွေကို ဖြည်းဖြည်းချင်းလုပ်သွားရင် သင့်အိမ်လေးက အထွေအထူးအလှဆင်စရာမလိုဘဲ လှပနေမှာပါ။

၎။ ကိုယ်တိုင်လုပ်အမွှေးအိတ်လေးတွေနဲ့ အိမ်တွင်းကိုမွှေးပျံ့နေအောင်ထားပါ။

ပန်းအိုးထိုးပြီးခြောက်သွားတဲ့ပန်းတွေကို လွှင့်မပစ်ဘဲ ပန်းခြောက်လေးတွေကို လာဗင်ဒါအဆီလေးနဲ့ရောပြီး ကိုယ်တိုင်လုပ်အမွှေးအိတ်လေးတွေ ဖန်တီးပါ။ ထိုအမွှေးအိတ် လေးတွေရဲ့ ရနံ့သင်းသင်းလေးတွေက တစ်အိမ်လုံးကို မွှေးပျံ့လှပစေပါတယ်။

၅။ ဟောင်းသွားတဲ့ပစ္စည်းတွေကို အကျိုးရှိရှိအသုံးချပါ။

လှပတဲ့ဖန်ခွက်လေးတွေ၊ ပန်းကန်လုံးလေးတွေ၊ ခြင်းလေးတွေနဲ့ အခြားမီးဖိုချောင်သုံးပစ္စည်း လေးတွေကို ဟောင်းသွားပေမယ့် လွှင့်မပစ်ပါနဲ့။ ကော်ကောင်းကောင်းနဲ့ လှလှလေးကပ်ပြီး မိတ်ကပ်ပစ္စည်းထည့်ဖို့ နှစ်ထပ်စင်လေးတွေအနေနဲ့ အသုံးပြုလို့ရပါတယ်။

သင့်ဆီမှာလည်း အသုံးဝင်တဲ့ အိမ်အလှဆင်နည်းလမ်းလေးတွေရှိရင် Comment Box မှာ မျှဝေဖို့ ဖိတ်ခေါ်ပါရစေရှင်။