ခွဲစိတ်စရာ၊ ငွေကုန်ခံစရာမလိုဘဲ မေးနှစ်ထပ်ကို ဖယ်ရှားနိုင်မယ့် လေ့ကျင့်ခန်းလေးများ

blank

    မင်္ဂလာပါ ဂန္ထဝင်ပျိုမေတို့ရေ…။

ဒီတစ်ပတ်ရဲ့ အလှအပရေးရာကဏ္ဍမှာ တင်ဆက်ပေးမှာကတော့ မေးနှစ်ထပ်ဖြစ်နေတာကို ဖယ်ရှားပေးပြီး သွယ်လျလှပတဲ့ V-Shape ပုံစံမျက်နှာလေးကို ပိုင်ဆိုင်နိုင်စေမယ့် လေ့ကျင့်ခန်းလေးတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ Botox ထိုးစရာ၊ ခွဲစိတ်ပြုပြင်စရာမလိုဘဲ လှပသွယ်လျပြီး အဆီပိုကင်းတဲ့ မျက်နှာလေးတွေ၊ မေးရိုးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေဖို့ အောက်မှာ ဖော်ပြထားတဲ့ လေ့ကျင့်ခန်းတွေကို အတူတူ လုပ်ကြည့်ရအောင်။

မေးနှစ်ထပ်ဖြစ်တာကို ပျောက်ကင်းစေဖို့ လေ့ကျင့်ခန်းစလုပ်တော့မယ်ဆိုရင် အခြားလေ့ကျင့်ခန်းတွေလိုပဲ သွေးပူလေ့ကျင့်ခန်းကနေ စတင်ရမှာ ဖြစ်ပါတယ်။ သွေးပူလေ့ကျင့်ခန်းလုပ်ဖို့ အောက်မေးရိုးကို ရှေ့နောက်ဘယ်ညာ ရွေ့လျားပါ။ မေးရိုးကို ဖြည်းဖြည်းချင်းရွေ့လျားရမှာဖြစ်ပြီး ရှေ့နောက်ဘယ်ညာဆိုရင် တစ်ကြိမ်နှုန်းနဲ့ ၈ကြိမ်ရွေ့ပါ။

သွေးပူလေ့ကျင့်ခန်းပြီးပြီဆိုရင် လေ့ကျင့်ခန်းစမယ်နော်။

လေ့ကျင့်ခန်း (၁) ပါးစပ်နဲ့ ရေခပ်သလိုလုပ်ပါ။

ပါးစပ်ဖွင့်ပါ။ အောက်နှုတ်ခမ်းကို အောက်သွားပေါ်မှာ လိပ်ပြီး ဖုံးလိုက်ပါ။ သင့်ပါးစပ်ကို ယောက်ချိုလိုသဘောထားပြီး အောက်မေးရိုးနဲ့ ရေခပ်သလိုရွေ့လျားပါ။ ရေခပ်သလိုလုပ်ပြီး ခေါင်းပြန်မော့ချိန်မှာ ပါးစပ်ကို စေ့စေ့ပိတ်ထားလိုက်ပါ။ ဒီနည်းအတိုင်း ၅ကြိမ်ကနေ ၇ကြိမ်အထိလုပ်နိုင်ပါတယ်။

ဒီလေ့ကျင့်ခန်းလုပ်နေချိန်မှာ သင့်နှုတ်ခမ်းထောင့်စွန်းတွေကို ဖြေလျော့ထားပါ။

လေ့ကျင့်ခန်း (၂) နှာခေါင်းထိပ်ကို လျှာနဲ့ထိပါ။

နှုတ်ခမ်းသားတွေကို ဖြေလျော့ထားပါ။ လျှာကို ထုတ်နိုင်သမျှထုတ်ပြီး နှာခေါင်းထိပ်ကိုထိနိုင်သလောက်ထိပါ။ မထိရင်လည်း ရပါတယ်။ ဒီလိုမျိုး (၅) ကြိမ်ပြန်လုပ်ပါ။

ဒီလေ့ကျင့်ခန်းက hyoid ကြွက်သားတွေကို သန်မာစေပြီး မေးနှစ်ထပ်ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။

လေ့ကျင့်ခန်း (၃) မေးကြောတွေကို ဆွဲဆန့်ပါ။

ပါးရိုးတွေကို မြှင့်တင်ပြီး ငယ်ရွယ်နုပျိုတဲ့အသွင်ဆောင်စေနိုင်မယ့် လေ့ကျင့်ခန်းလေးပါ။ အရင်ဆုံးခေါင်းကို ဘယ်ဘက်ကို လှည့်နိုင်သမျှလှည့်ပါ။ မေးရိုးတွေကို ရှေ့ဘက်ရွေ့ပြီး မေးကြောတွေ၊ လည်ပင်းကြောတွေကို ဆွဲဆန့်လိုက်ပါ။ ပြီးရင် ညာဘက်ကို ပြန်လှည့်ပြီး ခုနကအတိုင်း မေးကြော၊ လည်ပင်းကြောတွေကို ပြန်ဆွဲဆန့်ပါ။ ဒီနည်းအတိုင်း တစ်ဖက်ကို ၅ ကြိမ် အလှည့်ကျလုပ်ပေးခြင်းဖြင့် လှပသွယ်လျတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄) မော့ပြီးနမ်းပါ။

အရပ်ရှည်တဲ့ ချစ်သူကောင်လေးကို မော့နမ်းသလို လေ့ကျင့်ခန်းလေးပါ။ အရင်ဆုံးခေါင်းကိုမော့ပြီး မျက်နှာကျက်ကိုကြည့်ပါ။ အောက်မေးရိုးကို ရှေ့ကို ဆွဲဆန့်လိုက်ပါ။ ပြီးရင် အနမ်းပေးသလို နှုတ်ခမ်းလေးတွေကို စုကျုံ့လိုက်ပါ။ အဲဒီအနေအထားအတိုင်း ၈စက္ကန့်နေပါ။ ပြီးမှ ပုံမှန်အနေအထားအတိုင်း ပြန်နေပါ။ ဒီနည်းအတိုင်း ၅ ကြိမ်ပြုလုပ်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

လေ့ကျင့်ခန်း (၅) လက်သီးဒဏ်ကို ခုခံပါ။

သင့်လက်သီးနှစ်ဖက်ကို မေးစေ့အောက်မှာ ထောက်ထားပါ။ ပြီးရင် အောက်မေးရိုးကို လက်သီးတွေအပေါ်ကို ဖိချပါ။ အဲဒီဖိအားကို ခံနိုင်ဖို့ မေးရိုးတစ်ဝိုက်က ကြွက်သားတွေကို တင်းနေအောင် ဆွဲဆန့်ထားပါ။ ဖိအားကို တဖြည်းဖြည်းမြှင့်ပြီး အားကုန်စိုက်ထုတ်ပြီးပြီဆိုရင် ၃ စက္ကန့်လောက် ထိန်းထားပါ။ ပြီးရင် ပြန်ဖြေလျှော့လိုက်ပါ။

ဒီနည်းအတိုင်း ၅ကြိမ်ကနေ ၇ကြိမ်အထိ ပြန်ကျော့ပြီး လုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၆) ပြုံးပါ။

သွားတွေကို တင်းတင်းစေ့ပါ။ နှုတ်ခမ်းတွေကို ကျယ်နိုင်သလောက် ကျယ်အောင် ဆွဲဆန့်ပါ။ လျှာကိုသွားဖုံးမှာ ဖိကပ်ထားပါ။ ပါးတဝိုက်က ကြွက်သားတွေမှာ တင်းအားကိုခံစားရတဲ့အထိ ဖိကပ်ပြီး ဆွဲဆန့်ထားပါ။ ၅ စက္ကန့်လောက်ဆွဲတင်းထားပြီး ၃စက္ကန့်လောက် ပြန်လျှော့ပါ။ ဒီနည်းအတိုင်း ၅ကြိမ်ကနေ ၈ကြိမ်အထိလုပ်ပေးရင် မေးနှစ်ထပ်ပျောက်ကွယ်စေမှာပါ။

လေ့ကျင့်ခန်း (၇) ပါးဖောင်းထားပါ။

ပါးစပ်တစ်ခုလုံးလေတွေပြည့်သွားအောင် ရှူသွင်းလိုက်ပြီး ပါးဖောင်းထားပါ။ ပြီးရင် လက်ဝါးနှစ်ဖက်နဲ့ ပါးတွေကို ဖိလိုက်ပါ။ ဖိတဲ့အခါ လေတွေမှုတ်မထုတ်မိအောင်ထိန်းထားပါ။ ၅ စက္ကန့်လောက်ဖိထားပြီးရင် လက်တွေကို ဖယ်လိုက်ပြီး လေတွေကို ပြန်မှုတ်ထုတ်လိုက်ပါ။ ဒီနည်းအတိုင်း ၅ကြိမ်ပြုလုပ်ပါ။ ပါးကြွက်သားတွေကို သန်မာစေပြီး မျက်နှာလေးကို သွယ်လျလှပစေပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ လေ့ကျင့်ခန်းလေးတွေကို နေ့စဉ်ပုံမှန်ပြုလုပ်သွားမယ်ဆိုရင် မျက်နှာအလှကို ဖျက်ဆီးနေတဲ့မေးနှစ်ထပ်တွေ၊ မေးအောက်က အဆီပိုတွေကို ဖယ်ရှားနိုင်ပြီး လှပသွယ်လျတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ငွေကုန်ကြေးကျခံပြီး ခွဲစိတ်စရာမလိုတဲ့ မျက်နှာသွယ်လျနည်းလေးကို သူငယ်ချင်းတွေသိအောင်လည်း SHARE ပေးလိုက်ပါဦး။