ဝိတ်ချပြီးမှ အင်္ကျီအသစ်ဝယ်မလို့လား။ ဒီစာလေးကို အရင်ဖတ်ကြည့်လိုက်ပါ။

ချစ်စရာညီမလေးတို့ရေ…

ခန္ဓာကိုယ်ကို ပိန်အောင် ဝိတ်ချမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိနေတာကြောင့် အင်္ကျီအသစ်ဝယ်ချင်စိတ်ပေါ်လာတိုင်း “ဝိတ်ကျမှ ဝယ်တော့မယ်” ဆိုတဲ့အတွေးတွေနဲ့ စိတ်ကိုချုပ်တည်းလိုက်ရတဲ့ ဖီလင်မျိုးကို မမနားလည်ပါတယ်။ အရုပ်မမှာ ဝတ်ပေးထားတဲ့ နောက်ဆုံးပေါ်ဒီဇိုင်းလန်းလန်းအင်္ကျီလေးက ပိန်သွယ်သွားတဲ့ခန္ဓာကိုယ်မှာဆို ဘယ်လောက်လိုက်ဖက်လိုက်မလဲဆိုပြီးလည်း တွေးမိဖူးကြတယ်မဟုတ်လား။ ပြီးတော့ အခုလက်ရှိ body size အတိုင်း အင်္ကျီဝယ်လိုက်တယ်ဆိုရင် ဝိတ်ချချင်တဲ့စိတ်ပျောက်သွားလိမ့်မယ်လို့လည်း ထင်နေကြတယ်မဟုတ်လား။

ဒါတွေကို မမ ကိုယ်ချင်းစာမိပါတယ်ကွယ်။ ဘာလို့လဲဆိုတော့ မမလည်း တစ်ချိန်တုန်းက ဒီလိုအတွေးတွေတွေးပြီး အဝတ်အစားအသစ်တွေမဝယ်ဘဲ နေခဲ့မိတယ်လေ။ အကျိုးဆက်ကတော့ ကိုယ့်ကိုယ်ကို အပြစ်တင်တဲ့စိတ်တွေ၊ ကျရှုံးမှုတွေ၊ စိတ်ဓာတ်ကျတာတွေကိုပဲ ပိုင်ဆိုင်ခဲ့ရတယ်လေ။ ဝိတ်ကလည်းမကျတဲ့အပြင် လိုချင်တဲ့အင်္ကျီလေးကိုပါ လက်လွှတ်လိုက်ရတာကိုး။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

        ဒါကြောင့် “ဝိတ်ကျမှ အင်္ကျီအသစ်ဝယ်မယ်” ဆိုတဲ့စိတ်က မထားသင့်ဘူးလို့ ပြောတာပေါ့။ အဲဒီအတွေးနဲ့ပက်သတ်ပြီး ဘာလို့မထားသင့်တာလဲဆိုတာကို အချက်နှစ်ချက်နဲ့ ယှဉ်ပြီး ပြောပြမယ်နော်။

ပထမတစ်ချက်က ဒီလိုတွေးခြင်းအားဖြင့် ကိုယ့်ကိုယ်ကို အသုံးမကျတဲ့သူတစ်ယောက်လို ခံစားရစေတယ်။ ဝိတ်ချမယ်ဆိုပြီး size သေးတဲ့ အင်္ကျီလေးတွေကို ဝယ်ထားတယ်၊ နောက်တော့ ကိုယ့်မှာရှိတဲ့အဝတ်အစားအားလုံးနီးပါးက ကိုယ်နဲ့မတော်တာတွေပဲဆိုရင် ကိုယ့်ခန္ဓာကိုယ်ကို ရွံမုန်းလာပြီး စိတ်ဓာတ်ကျတာမျိုးတွေဖြစ်လာနိုင်တယ်လေ။ ပြီးတော့ အဝတ်အစားဒီဇိုင်းတွေကလည်း အမြဲအသစ်ထွက်နေတယ်မဟုတ်လား။ ဒီတော့ ဒီဇိုင်းသစ်ပေါ်တယ်၊ ကြိုက်တယ်ဆိုရင် ညီမလေးတို့ဝတ်လို့ရတဲ့ size ကြီးကြီး တစ်ထည်သာရွေးဝယ်ထားလိုက်။ ပိန်ပိန်ဝဝ၊ အထာကျကျဝတ်တတ်ရင် ဆွဲဆောင်မှုရှိတာပဲ မဟုတ်လား။

ဒုတိယတစ်ချက်က သူများအမြင်မှာ ကြည့်ကောင်းဖို့ ကိုယ့်စိတ်ကို ချုပ်တည်းပြီး ကိုယ့်ခန္ဓာကိုယ်ကို အတင်းအကျပ်ညှင်းပန်းတာမျိုးက မဖြစ်သင့်ပါဘူး။ ကိုယ်စားချင်တာစားရပြီး သက်တောင့်သက်သာနေနိုင်တာဟာ ပျော်စရာတစ်ခုလို့ မမမြင်တယ်ကွယ်။ ပြီးတော့ ကိုယ့်ကို ပေါ့ပါးလွတ်လပ်စေမယ့် အဝတ်အစားတွေမှ ကိုယ်နဲ့အသင့်တော်ဆုံးမဟုတ်လား။ ကိုယ့်ပိုက်ဆံနဲ့ ဝယ်ထားတဲ့အဝတ်အစားကို ကိုယ်တိုင်ရွေးချယ်ခွင့်ရှိရမှာပေါ့။ ဝိတ်ချပြီးမှ အင်္ကျီအသစ်ဝယ်မယ်ဆိုတာ အဝတ်အစားက ကိုယ့်ကို ပြန်ရွေးချယ်ခွင့် ပေးလိုက်သလိုပဲမဟုတ်လား။ ဒီလိုဆိုရင် ညီမလေးတို့ဆီမှာ ရှိနေသင့်တဲ့ self-worth က လျော့ပါးသွားမယ်လို့ မထင်မိဘူးလားဟင်။

ဒါကြောင့် ဝိတ်ချပြီးမှ အင်္ကျီဝယ်မယ်ဆိုတာမျိုး မတွေးပါနဲ့။ စားချင်တာစားပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ စိတ်လက်ပေါ့ပါးစွာနေထိုင်ပါ။ အင်္ကျီလှလှလေးတွေ့လို့ လိုချင်တယ်ဆိုရင် လက်ရှိ body size အတိုင်းဝယ်ပြီး ဝတ်ဆင်လိုက်ပါ။ ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ တစ်နေ့တာကို ဖြတ်သန်းပါ။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတာ မိန်းကလေးအတွက် အလှဆုံးဝတ်ရုံတစ်ခုပဲ မဟုတ်လား။

ချစ်ခြင်းများစွာဖြင့်

မမဂန္ထဝင်

ခံယူချက်ချင်း တိုက်ဆိုင်သွားတယ်ဆိုရင် SHARE လိုက်ပါနော်။