လှပပြီးဆွဲဆောင်မှုရှိတဲ့နှုတ်ခမ်းသားတစ်စုံ ပိုင်ဆိုင်နိုင်စေဖို့ သဘာဝနည်းလမ်း

blank

နူးညံ့တဲ့နှုတ်ခမ်းဖူးဖူးလေးတွေ ပိုင်ဆိုင်ထားတဲ့မိန်းကလေးဟာ အရမ်းကို ကံကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးဖြစ်ပါတယ်။ ဒီလို ဖူးငုံနူးညံ့တဲ့နှုတ်ခမ်းသား တစ်စုံပိုင်ဆိုင်ဖို့ နှုတ်ခမ်းသားလေးတွေကို ချေးချွတ်ပေါင်းတင်ဖို့ လိုအပ်ပါတယ်။ နှုတ်ခမ်းပေါင်းတင်ဆေးတွေဟာ နှုတ်ခမ်းသားကို သိသာစွာနူးညံ့လာစေတယ် ဆိုပေမယ့်လည်း ဓာတုဗေဒပစ္စည်းတွေပါဝင်တာကြောင့် ရေရှည်သုံးဖို့ မသင့်တော် ပါဘူး။

ဒါ့ကြောင့် နူးညံ့တဲ့ နှင်းဆီဖူးနှုတ်ခမ်းလွှာလေးတွေပိုင်ဆိုင်ချင်တဲ့ ဂန္ထဝင်စာဖတ်ပရိသတ်များအတွက် သဘာဝပစ္စည်းလေးတွေနဲ့ နှုတ်ခမ်းပေါင်းတင်နည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

လိုအပ်သော ပစ္စည်းများ
  • နူးညံ့တဲ့သွားတိုက်တံ
  • ခွက်ငယ်တစ်ခွက်
  • နားကြပ်တံ (သို့) ဂွမ်းလုံး
  • သံလွင်ဆီ (သို့) အုန်းဆီ အနည်းငယ်
  • သကြားအနည်းငယ်
  • သစ်ကြံပိုးခေါက်အနည်းငယ်
နှုတ်ခမ်းသားချေးချွတ်နည်း

သံလွင်ဆီ (သို့) အုန်းဆီအနည်းငယ်ကို သကြားနဲ့ရောမွှေပါ။ ရလာတဲ့အရောကို သွားပွတ်တံမှာသုတ်ပြီး နှုတ်ခမ်းသားပေါ်က ဆဲလ်သေတွေကိုဖယ်ရှားဖို့ နှုတ်ခမ်းသားကို နူးညံ့စွာပွတ်တိုက်ပါ။ ထို့နောက် ဂွမ်းလုံးလေးကို ရေဆွတ်ပြီး နှုတ်ခမ်းကို သန့်ရှင်းအောင် သုတ်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နှုတ်ခမ်းသားပေါင်းတင်နည်း
  • သံလွင်ဆီ (သို့) အုန်းဆီအနည်းငယ်ကို သစ်ကြံပိုးခေါက်မှုန့်နဲ့ ပျစ်ပျစ်လေး ရောမွှေပါ။
  • နှုတ်ခမ်းပေါ်ကို သုတ်လိမ်းပြီး လက်ချောင်းလေးများဖြင့် နှုတ်ခမ်းသားကို နှိပ်နယ်ပေးပါ။
  • ၁ဝ မိနစ်ခန့်ထားပြီး ရေဆွတ်ထားတဲ့ ဂွမ်းလုံးလေးနဲ့ သန့်စင်လိုက်ပါ။

သစ်ကြံပိုးခေါက်ဟာ နှုတ်ခမ်းသားရဲ့သွေးကြောတွေကို ပိုမိုလည်ပတ်စေနိုင် ပါတယ်။ သစ်ကြံပိုးခေါက်ကို အသုံးပြုခြင်းကြောင့် နှုတ်ခမ်းသားတွေ အနည်းငယ် ရောင်ရမ်းနီရဲလာပြီး အနည်းငယ်ထုံနေသလိုခံစားရတတ်ပါတယ်။ ထိုသို့ရောင်ရမ်းခြင်း က နှုတ်ခမ်းသားကို အချိန်အနည်းငယ်အထိ နှင်းဆီဖူးလေးလို လှပစေပါတယ်။ ဒီလိုရောင်ရမ်းပေမယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နည်းလမ်းတစ်ခုပါ။ ဒါပေမယ့် “တန်ဆေး၊ လွန်ဘေး” ဆိုသလို ခဏခဏအသုံးပြုမယ်ဆိုရင်တော့ နှုတ်ခမ်းခြောက် ခြင်း၊ နှုတ်ခမ်းကွဲခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

Lip Gloss သုံးတဲ့အချိန်မှာ သစ်ကြံပိုးရွက်အဆီအနည်းငယ်ကို lip gloss နဲ့ ရောပြီးသုံးပေးခြင်းက နှုတ်ခမ်းသားလေးတွေကို ပိုမိုရွှန်းစိုပြီး လှပစေပါတယ်။ ဒီသဘာဝနည်းလမ်းလေးကိုသုံးပြီး မြင်သူတကာအားကျရတဲ့ ဆွဲဆောင်မှုအပြည့် နှုတ်ခမ်းဖူးဖူးလေးတစ်စုံ ပိုင်ဆိုင်နိုင်ကြပါစေရှင်။

အလှအပနည်းလမ်းလေးတွေကို သူငယ်ချင်းတွေအတွက် SHARE လိုက်ပါနော်။