ချမ်းသာခြင်းအစစ်ဆိုသည်မှာ

0
549

ကျွန်တော်ကျွန်တော့်အဖေကို မချစ်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဖေက ကျွန်တော်ဂုဏ်ယူထိုက်တဲ့သူတစ်ယောက်မှ မဟုတ်ခဲ့တာဗျာ။ ကျွန်တော့်သူငယ်ချင်းတွေရဲ့ အဖေတွေ ကားအကောင်းစားတွေစီးပြီး ကျောင်းကိုလာချိန်မှာ မသားနားတဲ့ အဝတ်အစားတွေနဲ့ ခြေလျင်လျှောက်ပြီး လာကြိုတဲ့အဖေ့ကြောင့် ကျွန်တော်သိပ်ကိုမျက်နှာငယ်ရတာပဲ။

“ သားတို့ဘာကြောင့် ဆင်းရဲရတာလဲ အဖေ” လို့မေးပြန်ရင်လည်း “ ချမ်းသာခြင်းအစစ်ဆိုတာ ပိုင်ဆိုင်မှုဘယ်လောက်ရှိလဲ ဆိုတဲ့အပေါ်မှာ မမူတည်ဘူး။ ဘယ်လောက်ပေးနိုင်လဲ ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်” လို့ အဖေပြောလေ့ရှိတယ်။ အဖေရဲ့ ခပ်ကြောင်ကြောင်စကားတွေကိုကျွန်တော်နားမလည်ပါဘူး။ တစ်ခါတလေမှာ ဂျိုကာအင်္ကျီတွေဝတ်ပြီး ဘယ်တွေသွားမှန်းလည်းမသိဘူးဗျာ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အဖေနဲ့ပတ်သက်ပြီးနောက်ထပ်တစ်ခုနားမလည်တာက နှစ်ဆယ့်လေးနာရီပတ်လုံးအလုပ်လုပ်တတ်ပေမဲ့ ကျွန်တော်တို့ ဆင်းရဲနေသေးတဲ့ ကိစ္စပဲ။ ကျွန်တော့်ကိုမုန့်ဖိုးပေးပြီးတိုင်း မုန့်ဖိုးရဲ့ တစ်ဝက်ကို ပြန်ယူပြီး စုဘူးထဲကို ပြန်ထည့်တတ်တယ်။ ကျွန်တော့်ကျောင်းစရိတ်၊ တစ်ကိုယ်ရည်သုံးစရိတ်ကလွဲရင် အဖေက အမြဲစုတ်ပြတ်နေတော့  အဖေရှာတဲ့ပိုက်ဆံတွေက ဘယ်ကိုရောက်သွားလဲဆိုတာတော့ ကျွန်တော်သိပ်ကိုအံ့သြတာပေါ့ဗျာ။

ဒီလိုနဲ့ ကျွန်တော်ကျောင်းပြီးတော့ အလုပ်တွေရပြီး မြို့မှာပဲ အခြေချဖြစ်ခဲ့တယ်။ အဖေနဲ့ဝေးရာကို ရောက်လာတဲ့အတွက် ကျွန်တော်စိတ်သက်သာရာရလာတယ်လို့ပြောရင်လည်း မမှားဘူးပေါ့ဗျာ။ အဖေဖုန်းဆက်လာတိုင်း စိတ်ရှည်လက်ရှည်ဖုန်းပြောဖို့မအားသလို ကျွန်တော်ဘက်ကစပြီးတော့ ဖုန်းဘယ်တော့မှမခေါ်ဖြစ်ခဲ့ဘူး။ လစဉ်ငွေပို့ပေးတာနဲ့တင် သားတစ်ယောက်ရဲ့ တာဝန်ကျေနေပြီလို့ ယူဆခဲ့တယ်လေ။

အဲဒါနဲ့ပဲ “အဖေ အသည်းအသန်ဖြစ်နေပြီ” လို့ အကြောင်းကြားစာရမှပဲ ကျွန်တော်အဖေ့အိမ်ကိုရောက်ခဲ့တယ်။ အဖေ့ရဲ့အသက်ကို မှီရုံမှီခဲ့ပေမယ့် အဖေနဲ့ ဘာစကားမှမပြောလိုက်ရဘူးဆိုပါတော့ဗျာ။ အဖေ့ရဲ့ အသုဘကိစ္စတွေအပြီး အိမ်ကိုသေချာသတိထားကြည့်မိတော့ ကျွန်တော့်နာမည်နဲ့ ကျေးဇူးတင်လွှာတွေကို အစီအရီချိတ်ထားတာကိုတွေ့တယ်။ ကင်ဆာဖောင်ဒေးရှင်း တစ်ခုမှာ ကျွန်တော်ငယ်ငယ်လေးကတည်းကနေ အခုအချိန်အထိ နှစ်အလိုက်လှူဒါန်းထားတဲ့ ကျေးဇူးတင်လွှာလေးတွေကိုကြည့်ပြီး ကျွန်တော်ပဟေဋ္ဌိဖြစ်သွားတာပေါ့။ ဒါကြောင့်ကျွန်တော်လည်း ဂုဏ်ပြုမှတ်တမ်းလွှာမှာပါတဲ့ လိပ်စာလေးအတိုင်း လိုက်သွားခဲ့တယ်။ ကင်ဆာဖောင်ဒေးရှင်းကို ဦးစီးဆောင်ရွက်နေတဲ့သူက…

“ သားအဖေက ဦးတို့ဖောင်ဒေးရှင်းရဲ့ အမာခံအလှူရှင်တစ်ယောက်ပေါ့ကွာ။ နှစ်စဉ်မတည်အလှူငွေတွေထည့်လာတာလည်း (၁ဝ) နှစ်ကျော်ရှိပြီ။ အလှူငွေတွေထည့်ဝင်ပေးတဲ့အပြင စနေ-တနင်္ဂနွေလိုနေ့မျိုးမှာ ဂျိုကာဝတ်စုံကြီးဝတ်ပြီး ကလေးတွေကို ဖျော်ဖြေသေးတယ်။ သားအဖေကြောင့် ကလေးတွေအတွက် ဆေးဝါးအထောက်အကူတွေရခဲ့သလို သူတို့လေးတွေရဲ့ ဝေဒနာကို ခဏတာမေ့ပျောက်ပြီး ရယ်မောနိုင်ခဲ့ကြတယ်။ သားမြို့မှာအလုပ်သွားလုပ်ပြီး ငွေတွေပို့နိုင်တဲ့အချိန်မှာလည်း သူအလုပ်မလုပ်ဘဲနေလို့ရပေမယ့် နောက်ဆုံးအချိန်တွေအထိ ကျောင်းကကလေးတွေကို လှူဖို့သေခါနီးဆဲဆဲအထိ အလုပ်လုပ်ပြီး လှူဒါန်းပေးခဲ့တယ်။ သားအဖေဟာ သားအတွက် သိပ်ကိုဂုဏ်ယူထိုက်တဲ့ လူတစ်ယောက်ပါ” တဲ့။

ကျွန်တော်လေ ဦးလေးကြီးရဲ့ စကားကိုကြားတစ်လှည့်မကြားတစ်လှည့် ဖြစ်ရင်း ဖေဖေပြောခဲ့တဲ့ “ချမ်းသာခြင်းအစစ်ဆိုတာ ပိုင်ဆိုင်မှုဘယ်လောက်ရှိလဲ ဆိုတဲ့အပေါ်မှာ မမူတည်ဘူး။ ဘယ်လောက်ပေးနိုင်လဲ ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်” ဆိုတဲ့စကားလေးကိုပဲ အပြန်ပြန်ကြားယောင်လာမိတယ်။

ပြီးတော့… ကျွန်တော် ကိုယ့်ကိုယ်ကိုတိုးတိုးလေးမေးမိတယ်….

ကျွန်တော်တကယ်ချမ်းသာပြီလား…..။