ကျွန်မချစ်သူရဲ့ ချစ်သူအသစ်စက်စက်လေးအတွက် အိတ်ဖွင့်ပေးစာ

0
949

ကျွန်မချစ်သူရဲ့ ချစ်သူအသစ်စက်စက်လေးရေ….

ရှင်သိလား….. လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကအထိ  ကျွန်မချစ်သူကို ဆုံးရှုံးလိုက်ရတဲ့အတွက် ကျွန်မဝမ်းနည်းနေခဲ့တယ်။ အပြည့်အဝယုံကြည်ထားတဲ့  ချစ်ရသူတစ်ယောက်ရဲ့ သစ္စာဖောက်မှု၊ နှလုံးသားတစ်ခုလုံးအပ်နှံထားသူတစ်ယောက်ရဲ့ ပြောင်းလဲမှုတွေဟာ ကျွန်မကိုအံ့သြမှင်သက်စေခဲ့တယ်။ တစ်ဘဝလုံးအတူရှိကြမယ်ဆိုတဲ့ ကတိကဝတ်တွေဟာ တတိယလူတစ်ယောက်ကြောင့် ပျက်စီးသွားပြီဆိုတာ သိလိုက်ရတဲ့အချိန်မှာ ကျွန်မရင်ထဲမှာ မုန်တိုင်းအစင်းတစ်ရာမက ဖြတ်တိုက်သွားခဲ့တယ်လေ။ ရှင်ကတော့ ကျွန်မကို ရှင့်အပြုအမူအတွက် တောင်းပန်ပါတယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ ကျွန်မအတွက်စိတ်မပူပါနဲ့ သစ္စာမရှိသူနဲ့ စည်းမစောင့်သူ ပေါင်းစပ်လိုက်တဲ့ ရှင်တို့နှစ်ယောက်ရဲ့ ဘဝသာ ဆက်ပြီးအဆင်ပြေကြပါစေလို့ ကျွန်မဆုတောင်းပေးလိုက်ပါတယ်။

တကယ်တော့လေ ကျွန်မရှင့်ကို ကျေးဇူးတင်တယ်သိလား။ ရှင်သာမရှိခဲ့ရင် ကျွန်မဘဝကို ဘယ်လို အကောင်းဆုံးတည်ဆောက်နိုင်တယ်ဆိုတာ သိမှာမဟုတ်ဘူး။ ကျွန်မဘဝကို စိတ်ကြိုက်ပုံဖော်နိုင်တဲ့ လွတ်လပ်မှုရဲ့ အရသာကို ကျွန်မသိမှာမဟုတ်ဘူး။ ကျွန်မစိတ်ကြိုက်အဝတ်အစားတွေကို ဝတ်ရတဲ့အရသာ၊ သူငယ်ချင်းတွေအတွက် အချိန်ပိုပေးနိုင်တဲ့ အရသာကိုလည်း ကျွန်မမြည်းစမ်းရမှာမဟုတ်ဘူး။ ကျွန်မအချိန်ပိုဆင်းတဲ့ရက်တွေမှာ ရှင့်ရဲ့ချစ်သူဖြစ်သွားတဲ့လူ စိတ်ပူနေမှာကိုလည်း စိုးရိမ်စရာမလိုတော့ဘူး။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အမှန်အတိုင်းပြောရရင် ပထမဆုံးယုံကြည်ပြီး ချစ်ခဲ့တဲ့သူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် ကျွန်မဝမ်းနည်းခဲ့တာပေါ့။ ဒါပေမဲ့လေ ကိုယ့်ကို ပျော်ရွှင်အောင်ထားဖို့ ကိုယ့်မှသာတာဝန်အရှိဆုံးလို့ သဘောပေါက်လာပြီးတဲ့နောက် ကျွန်မနေတတ်လာပါတယ်။ ကျွန်မဘဝထဲမှာ ကျွန်မဝင်ခွင့်ပြုတဲ့အရာတွေသာ ရှိနေမယ်ဆိုတာကို ကျွန်မနားလည်လာတယ်။ အခုဆိုရင် ကျွန်မကိုချစ်တဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကို နေရာအပြည့်ပေးထားတယ်။ သူတို့ဟာ ကျွန်မကိုအခြေအနေတိုင်းမှာ ချစ်နေပေးတတ်သူတွေ၊ ကျွန်မဘေးနားမှာ အမြဲရှိနေပေးပါမယ်ဆိုတဲ့ ကတိတွေမပေးပေမယ့် ကျွန်မလက်ကိုဆုပ်ကိုင်ထားပေးမယ့်သူတွေဆိုတာကို ကျွန်မသိလာပြီ။

အချစ်ဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပေမဲ့ ဘဝမဟုတ်ဘူးဆိုတာ ကျွန်မရှင့်ကြောင့်သိလာတယ် သိလား။ ကျွန်မကိုယ်ကျွန်မ ဂရုစိုက်တတ်လာတယ်။ ဘဝကိုအကောင်းဆုံးတည်ဆောက်ဖို့ သတိရလာတယ်။ ညဖက်တွေမှာ ဖုန်းပြောရင်းကုန်တတ်တဲ့ အချိန်တွေကို စာဖတ်ပြီးကုန်ဆုံးတတ်လာပြီ။ နောင်အခါမှာ လက်တွဲဖော်ရွေးချယ်တဲ့အခါ လေ့လာရမယ့်အရာတွေကိုလည်း သင်ခန်းစာရသွားပြီ။

ရှင်တို့လည်း ဘဝခရီးမှာ အဆင်ပြေချောမွေ့ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။