သမီးလေးအတွက် – အမျိုးသမီးကောင်းတစ်ယောက် ဖြစ်စေဖို့ (အပိုင်း ၃)

2
1261

ချစ်လှစွာသော သမီးလေး

မေမေရှေ့မှာရေးခဲ့တဲ့ ဆောင်းပါးတွေမှာတော့ သမီးလေးဟာ လူတော်လူကောင်းတစ်ယောက် ဖြစ်လာဖို့ကြိုးစားမယ်ဆိုရင် ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိဘူးလို့ မေမေပြောခဲ့တယ်နော်။ ပြီးတော့ သမီးလေးမှာပိုင်ဆိုင်ထားတဲ့ ကိုယ်ပိုင်အစွမ်းအစတွေနဲ့ သမီးကိုယ်သမီး အကောင်းဆုံး ဘယ်လိုနေထိုင်ရမယ်ဆိုတာလဲ မေမေပြောခဲ့ပါတယ်။ အခုတော့ မေမေဆက်ပြောသွားမှာက သမီးဘဝမှာ တွေ့ကြုံရမယ့် မတူညီတဲ့ လူအမျိုးမျိုးနဲ့ သမီးဘယ်လို ဆက်ဆံနေထိုင်ရမယ် ဆိုတဲ့ အချက်လေးတွေပါပဲ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။သမီးအချစ်တွေကို သိမ်းမထားပါနဲ့၊ ဖွင့်ဟလိုက်ပါ။

သမီး အချစ်တွေကို ရင်းနှီးလိုက်တဲ့နေရာက သမီးဘဝကို ရင်းနှီးလိုက်တဲ့ နေရာပါပဲ။ အချစ်ဆိုတာ အကန့်အသတ် မရှိပါဘူး။ မနက်ဖြန်ဆိုတာ မရှိတော့သလိုမျိုးပုံစံနဲ့ ချစ်ပါ။ မနက်ဖြန်ထပ်ရှိခဲ့ရင်လည်း ထပ်ချစ်ပါ။ မဖြစ်နိုင်တာတွေကို ဖြစ်လာနိုင်စေတာ အချစ်ပါပဲ။

၂။သမီးအတွက် မှန်ကန်တဲ့လူရှိသလို မှားယွင်းတဲ့လူလည်းရှိပါတယ်။

လူလိမ်လူညာတွေရှိသလို မိတ်ဆွေစစ်မိတ်ဆွေမှန်တွေလည်း ရှိပါတယ်။ ဘယ်သူနဲ့ သမီးဘဝအချိန်တွေ ကုန်ဆုံးမလဲဆိုတာ သမီးရွေးချယ်နိုင်ပါတယ်။ စစ်မှန်တဲ့ မိတ်ဆွေက ရိုးသားတဲ့နှလုံးသားရှိပြီး သမီးလိုအပ်လာတဲ့အချိန်မှာ လက်ကမ်းပေးမယ့် လူမျိုးပါ။ ကတိတွေကို ချိုးဖောက်ပြီး သမီးကိုနင်းခြေသွားမယ့် လုပ်ရပ်မျိုး ဘယ်တော့မှ မလုပ်တဲ့ လူမျိုးနဲ့ သမီးပေါင်းသင်းပါ။

၃။သမီးကို တကယ်ဂရုစိုက်တဲ့လူအပေါ် အလေးထားပါ။

သမီးကို တကယ်ချစ်ပြီး ဂရုစိုက်တဲ့လူတွေကို သမီးအလေးထားပြီး သူတို့အချစ်ကို လက်ခံဖို့ ခွင့်ပြုပေးရတယ်။ များသောအားဖြင့် မေမေတို့က ကိုယ်လိုချင်တဲ့ အချစ်တွေကိုရဖို့ ကြိုးစားနေရင်း ကိုယ့်ဘေးမှာ ရှိနေတဲ့အရာတွေကို မမြင်တော့ပါဘူး။ တကယ့်တကယ် မေမေတို့ အချိန်တွေ ပေးထားတဲ့ လူတွေက  အလေးမပေးလည်း ကိစ္စမရှိတဲ့ လူတွေဖြစ်နေတတ်ပါတယ်။

 ၄။ပွင့်ပွင့်လင်းလင်း ပြောဖို့ သမီး ဘယ်တော့မှ မရှက်ပါနဲ့။

သမီးအတွေးတွေကို စိတ်ထဲမှာပဲ သိမ်းဆည်းမထားပါနဲ့။ သမီးစိတ်ထဲမှာ အမှန်တရားတွေ ဥပမာ – ခံစားချက်တွေ အကြောက်တရား စတာတွေပေါ့၊ ဒါတွေကို သမီးသူငယ်ချင်းကောင်းတွေ ဆီမှာ ထုတ်ပြောပါ။ သမီး ထုတ်ပြောလိုက်တယ်အခါမှ အရာရာတိုင်းက ပိုပြီးကိုင်တွယ်နိုင်စရာ ဖြစ်လာပါတယ်။ သမီးဘယ်လိုခံစားနေရတယ်ဆိုတာ ထုတ်ပြောလိုက်တဲ့အချိန်မှာ သမီးခံစားချက်ကို သမီးပိုပြီး နားလည်လာပြီး ခံစားရတာတွေ ပေါ့သွားပါတယ်။ သမီး ခံစားချက်တွေ ရင်ဖွင့်နိုင်တဲ့ သူငယ်ချင်းကောင်းတွေက သမီးကို အားပေးကြမယ်၊ ပြီးတော့ သမီးတစ်ယောက်တည်း အထီးမကျန်နေဘူးလို့ သမီးကို သဘောပေါက်စေပါတယ်။

၅။မနာလိုအားကျမှုတွေကို သမီးထိန်းချုပ်ပါ။

တစ်ယောက်ယောက်က သမီးတကယ်လိုချင်နေတဲ့ အရာတစ်ခုကို လက်ခံရရှိသွားတဲ့အခါ သမီးရင်ထဲမှာ စိတ်ရှုပ်သလို ခံစားရတတ်ပါတယ်။ အဲဒီအခါကျရင် သမီးအကြိမ်ပေါင်းများစွာ ခံစားခဲ့ရတာတွေ မှတ်မိဖို့ သမီးကိုယ်သမီး သတိပေးလိုက်ပါ။ လူတိုင်းလူတိုင်းအတွက် အကျိုးခံစားစရာတွေ အများကြီးရှိပါတယ် သမီး၊ ဒါပေမယ့် တစ်ကြိမ်မှာ တစ်ခါစီပဲ ခံစားကြရတာပါ။ ဒီလိုပဲ ပြိုင်ဘက်ကင်းတဲ့ ထူးခြားမှုတွေက တခြားလူဆီမှာလဲ ဖြစ်ပေါ်တယ်ဆိုတာ သမီးလေး အမှတ်ရပါ။ သမီး လုပ်စရာရှိတာလုပ်ပြီး ရှေ့ဆက်နေမယ်ဆိုရင် အချိန်ကျလာရင် သမီးအတွက် ထူးခြားတဲ့ရလဒ်တွေ ဖြစ်ပေါ်လာပါလိမ့်မယ်။

၆။ယှဉ်ပြိုင်ရတဲ့အခါ လက်ရွေးစဉ်ဖြစ်အောင် နေပါ၊ မှန်မှန်ကန်ကန်နေတာထက် ငြိမ်းငြိမ်းချမ်းချမ်းနေတာက တခါတလေမှာ ပိုကောင်းပါတယ်။

တခါတလေ မေမေတို့ တကယ်မမှားပေမယ့် အမှားကို ရွေးချယ်တတ်ကြတယ်။ ဘာလို့လဲဆိုတော့ မေမေတို့က relationship ကို မာနထက်ပိုပြီး တန်ဖိုးထားလို့ပါ။ အချင်းချင်း ဂရုစိုက်တတ်တဲ့ လူနှစ်ယောက်က စကားများနေမယ်ဆိုရင် နှစ်ယောက်လုံး မှားနေပါတယ် သမီး။ မေတ္တာတရားတွေ၊ ဖျန်ဖြေခြင်းတွေအစား သူတို့က အပေါ်ယံကိုပဲ မြင်နေကြပါတယ်။ အရင်ဆုံးတောင်းပန်တဲ့လူကသာ မှန်ပါတယ်။

၇။တစ်ယောက်ယောက်က စိတ်မသာမယာဖြစ်နေတယ်ဆိုရင် သမီးရဲ့ကြင်နာမှုကို လိုအပ်နေတာလည်း ဖြစ်နိုင်ပါတယ်။

တခါတလေ တချို့လူတွေက ကိုယ့်အမူအရာတွေက ရိုင်းပြနေတယ်ဆိုတာကို သတိမပြုမိကြဘူး။ ဒါမျိုးကို သမီးကြုံတွေ့လာနိုင်ပါတယ်။ သူတို့ စကားတွေက တောင်းဆိုတာမျိုးထက် တိုက်ခိုက်နေတာမျိုး ဖြစ်နေတတ်တယ်။ ဒီလိုအခြေအနေမျိုးမှာ သမီးက နားလည်ပြီး မေတ္တာထားလိုက်ပါ။ သူတို့အတွက်ကောင်းတာ တစ်ခုခု လုပ်ပေးပါ။ “အဆင်ပြေရဲ့လား” “ကျွန်မကူညီနိုင်တာ ရှိလား” စတဲ့ ရိုးရှင်းတဲ့ စကားလေးတွေနဲ့ ကမ်းလှမ်းပါ။ ဒီလိုလုပ်တာက တချို့အခြေအနေတွေမှာ သိပ်ကို ထူးခြားစေတယ် သမီး။ ဝေဖန်ဖို့ စိတ်ထဲက တိုက်တွန်းနေတာကို သည်းခံပါ။ လူတစ်ယောက်က ကိုယ့်ကိုနားလည်တဲ့လူတွေ မရှိဘူးလို့ ယူဆတဲ့အချိန်မှာ အကြင်နာတရားကို ထုတ်ဖော်ပြသနိုင်ဖို့က သိပ်ကို ခက်ခဲပါတယ်။ သူတို့ အထီးမကျန်ပါဘူးဆိုတာ သိအောင် သမီးပြသပေးပါ။ ချစ်ခြင်းမေတ္တာတွေ၊ ထောက်ခံအားပေးခြင်းတွေ ရတဲ့အခါ လူတွေက သူတို့ အမုန်းတရားနဲ့ ဒေါသတွေကို ကျော်လွှားသွားနိုင်ပါတယ်။

၈။သမီးမသိစိတ်ထဲက ပြီးပြည့်စုံချင်တဲ့ စိတ်ကို ထိန်းချုပ်ပါ။

သမီး ပြီးပြည့်စုံခြင်းကို အမြဲရှာဖွေနေမိတဲ့အခါ သမီးမပျော်ရွှင်နိုင်တော့ပါဘူး။ အထူးသဖြင့် relationship နဲ့ပတ်သက်လာရင် ဒီအချက်က ပိုပြီးမှန်ကန်ပါတယ်။ ဒါကြောင့် လူတွေကို မပြည့်စုံလို့ဆိုပြီး သမီးအပြစ်မတင်ပါနဲ့။ ဟန်ဆောင်မနေတာကိုပဲ သမီးလေးစားရမှာပါ။ သမီးတခါတလေ စိတ်ရှုပ်ထွေးပေမယ့်လည်း အမှန်တကယ်တော့ သမီးက ပြီးပြည့်စုံတဲ့ ချစ်သူရည်းစားနဲ့ သူငယ်ချင်းတွေကို မလိုချင်ပါဘူး။ သမီးလိုချင်တာက သမီးစိတ်ချယုံကြည်လို့ရတဲ့၊ သမီးအပေါ် မှန်မှန်ကန်ကန် ဆက်ဆံတဲ့၊ သမီးပွင့်ပွင့်လင်းလင်း ပြောဆိုလို့ရတဲ့၊ နောက်ပြောင်လို့ရတဲ့၊ သူတို့နားမှာသမီးရှိနေတာထက် သမီးနားမှာရှိနေရတာကို သဘောကျတဲ့လူတွေကို သမီးပိုလိုချင်တာပါ။

သမီးဘဝမှာ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေနဲ့ ရုန်းကန်နေရတဲ့အခါ သမီးတစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို သမီးသတိရပါ။ မေမေတို့အားလုံးလည်း သမီးလိုပါပဲ၊ ကောင်းကောင်းမွန်မွန်နေနိုင်ဖို့ အလုပ်ကြိုးစားရတယ်၊ ရှင်းရှင်းလင်းလင်း တွေးတောရတယ်၊ မေမေတို့ ဘဝတွေနဲ့ မိသားစုတွေ၊ သံယောဇဉ်တွေကို ထိန်းသိမ်းကြရပါတယ်။ မေမေဒီအချက်တွေ ရေးသားပြောပြတယ်ဆိုတာ တစ်နေ့နေ့တစ်ချိန်ချိန်မှာ သမီးအတွက် အထောက်အကူဖြစ်စေဖို့ပါ။

သမီးကိုချစ်တဲ့

မေမေ

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။

2 COMMENTS

Comments are closed.