ရာသီစက်ဝန်းကာလဟာ အလုပ်ခွင်အတွင်းက အမျိုးသမီးတွေအပေါ် ဘယ်လိုတွေသက်ရောက်စေတာလဲ

0
270

အမျိုးသမီးတွေ တစ်ယောက်နဲ့တစ်ယောက် နာကျင်မှုပုံစံချင်း မတူပေမဲ့ နောက်ကျောနာကျင်တာ၊ဗိုက်အောင့်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာစတဲ့ ရာသီစက်ဝန်းဝေဒနာတွေကိုတော့ ကျွန်မအမျိုးသမီးတွေဆီကို လစဉ်အလည်လာတဲ့ ဧည့်သည်တွေပါ။ အလိုလိုဝမ်းနည်းနေတတ်တာ၊ စိတ်တိုဒေါသထွက်နေတတ်တာတွေကြောင့် အမျိုးသားတွေက “အခုနက အကောင်းကြီးပါ” လို့ တွေးမိသလို “ကိုယ်လည်း ဘာမှမလုပ်ရဘဲနဲ့” လို့ တွေးမိပြီး ချစ်သူကောင်မလေးကို စိတ်မရှည်နိုင်တဲ့ ကာလတွေပါ။

လစဉ်ဒီကာလတွေမှာ မျက်နှာပေါ်မှာ မိတ်ကပ်လှလှလေးလိမ်း၊ အဝတ်အစားကျော့ကျော့မော့မော့လေးဝတ်ပြီး ရုံးတက်ရပေမဲ့ နာကျင်ကိုက်ခဲမှုတွေ၊ မအီမသာဖြစ်မှုတွေကို ဖုံးကွယ်ပြီး ပြုံးပြနေရပေမဲ့ အမျိုးသမီးအများစုဟာ ရာသီလာနေစဉ်ကာလမှာ အိမ်မှာနားနားနေနေပဲ နေချင်ကြပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

YouGov ရဲ့ စစ်တမ်းတစ်ခုမှာ အမျိုးသမီး ၄၂ ရာခိုင်နှုန်းဟာ နာကျင်ကိုက်ခဲမှုတွေကြားထဲမှာ အလုပ်ချိန်(၈) နာရီဟာ လပေါင်းများစွာကြာသလိုခံစားရတတ်ပြီး အလုပ်ပြီးမြောက်မှုတွေကို လျော့ကျစေတယ်လို့ဆိုပါတယ်။ အဲဒီစစ်တမ်းအရ ရာသီလာနေစဉ်မှာ ဝေဒနာပြင်းပြင်းထန်ထန်ခံစားရတဲ့အမျိုးသမီးတွေအနေနဲ့ အလုပ်မတွင်ရခြင်းအကြောင်းကို အလုပ်ရှင်ကို အကြောင်းအရင်းအမှန်ကို ဖွင့်ပြောဖို့ခက်ခဲတယ်ဆိုတာကိုလည်း ပြောခဲ့ပါတယ်။

တချို့ကုမ္ပဏီတွေအနေနဲ့ အမျိုးသမီးတွေအတွက် ရာသီကာလအတွက် စီစဉ်ဆောင်ရွက်ထားဖို့ ဖြစ်လာနိုင်ပေမဲ့ အမျိုးသမီးတွေက သူတို့ရဲ့အထက်အရာရှိကို မိမိရာသီလာနေတယ်ဆိုတာကို ဖွင့်ပြောပြဖို့ ခက်ခဲနေတတ်ပါတယ်။ အချို့နိုင်ငံတွေမှာ ရာသီလာနေတဲ့အမျိုးသမီးတွေကို အိမ်မှာအနားယူဖို့ ခွင့်ပေးပေမဲ့ အချို့သောအမျိုးသမီးတွေကတော့ အလုပ်ခွင်မှာရာသီလာတဲ့အတွက် အလုပ်ဖြုတ်ခံခဲ့ရပါတယ်။

ဇွန်လမှာတော့ Hyundai က မော်ဒယ်တစ်ယောက်ဟာ ရိုက်ကွင်းထဲမှာ ရှိုးတစ်ခုကို ရိုက်ကူးနေစဉ်မှာ  tampon လဲဖို့ သန့်စင်ခန်းထဲခဏခဏဝင်တာကြောင့် အလုပ်ဖြုတ်ခံခဲ့ရပါတယ်။ မကြာသေးမီကလည်း လုပ်ငန်းခွင်မှာ ရာသီသွေးပေကျံခဲ့မှုကြောင့် အလုပ်ဖြုတ်ခံခဲ့ရတဲ့ အမျိုးသမီးတွေအကြောင်း ကြားသိခဲ့ရပါတယ်။

စိတ်အတက်အကျမျိုးစုံ၊ ဝေဒနာပေါင်းစုံပြည့်နေတဲ့ ရာသီစက်ဝန်းကာလဟာ အမျိုးသမီးတွေကို နားလည်ပေးနိုင်မယ့် ဝန်းကျင်တစ်ခုလိုအပ်သလို လိုအပ်ချက်တွေကို စာနာပေးနိုင်တဲ့ လုပ်ငန်းခွင်တစ်ခုကတော့ လိုအပ်ဆဲပါပဲ။