နှစ်ရာတန်တစ်ရွက်က ပေးလိုက်တဲ့ တန်ဖိုးကြီး ဘဝသင်ခန်းစာ

0
285

နေသာတဲ့ နေ့လေးတစ်နေ့မှာပေါ့။ ကျွန်မစားပွဲထိုးအလုပ်လုပ်နေတဲ့ ရေခဲမုန့်ဆိုင်လေးထဲကို အဝတ်အစားစုတ်စုတ်ပြတ်ပြတ်နဲ့ သူဆင်းရဲကောင်လေးတစ်ယောက် ဝင်လာတယ်။ ဧည့်သည်ကို ဝန်ဆောင်မှုပေးရမယ့် စားပွဲထိုးတစ်ယောက်ရဲ့ တာဝန်ကြောင့် ကျွန်မလည်း စားပွဲဝိုင်းတစ်ခုမှာ အကျအနထိုင်နေတဲ့ သူ့ဆီသွားပြီး-

“ဘာစားမှာလဲ” လို့ ပျော့ပျောင်းမှုမရှိတဲ့လေသံနဲ့ မေးလိုက်တယ်။

သူက Menu ကတ်ထဲက ဝေဖာတွေနဲ့ ရေခဲမုန့်ပုံကို စားချင်စဖွယ်ကြည့်ပြီး-

“ဒီဝေဖာနဲ့ ရေခဲမုန့်က ဘယ်လောက်လဲဟင်၊ အစ်မ” တဲ့။ ထင်သားပဲ။ ပိုက်ဆံသိပ်ရှိပုံမပေါ်မှတော့ ဈေးမေးပြီးမှ စားတော့မယ်ဆိုတာ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

“၁ဝဝဝ လေ”လို့လည်း ကျွန်မပြန်ဖြေလိုက်ရော အဲဒီကောင်လေးက သူ့အိပ်ကပ်ထဲကနေ ငွေအကြွေလေးတွေကို ထုတ်ပြီး တစ်ရွက်ချင်း ရေတွက်နေတယ်။ ခဏအကြာမှာတော့ မျက်နှာငယ်လေးနဲ့-

“အစ်မရေ။ ဝေဖာမထည့်ရင်ရော” လို့ ထပ်မေးတယ်။ အလုပ်တွေများပြီး ပင်ပန်းနေရတဲ့ကြားထဲ ကျွန်မ စိတ်မရှည်တော့သလို ဖြစ်လာတာကြောင့်

“၈ဝဝ ပဲ” လို့ စိတ်မရှည်တဲ့ လေသံနဲ့ ပြန်ဖြေလိုက်တယ်။

ကောင်လေးက “အဲ့ဒါဆို သားကို ဝေဖာမထည့်တဲ့ ၈ဝဝတန်ရေခဲမုန့်ပဲပေးပါ။ စတော်ဘယ်ရီနော်” ဆိုပြီး ပြုံးရယ်ရင်း ရေခဲမုန့် မှာခဲ့တယ်။

ကျွန်မ စိတ်ပျက်လိုက်တာ။ “ဒီကောင်လေး ပိုက်ဆံမရှိဘဲနဲ့ ရေခဲမုန့်ကစားချင်သေးတယ်။ ဝေဖာမပါတဲ့ ၈ဝဝ တန်အတွက်တောင် သူ့မှာပိုက်ဆံလုံလုံလောက်လောက်ပါရဲ့လား မသိဘူး။ စားသောက်ပြီးမှ ပိုက်ဆံမလောက်တော့ဘူးလို့ ပြောကြည့်။ လုံးဝမသနားဘူးမှတ်။ ဆိုင်ရှင်က ဆူရင် ကိုယ်ပဲ ဆူခံရမှာ” လို့ စိတ်ထဲမှာ တွေးနေခဲ့တယ်။

မကြာပါဘူး။ ဟိုကောင်လေး ရေခဲမုန့်ကို ပြောင်သလင်းခါနေအောင် စားသွားပြီး ကောင်တာမှာ ပိုက်ဆံလာရှင်းသွားတယ်။ တစ်ရာတန်နဲ့ နှစ်ရာတန်အနွမ်းလေးတွေပဲ ပေးတယ်။ မယူချင်ပေမယ့် လက်ခံလိုက်ပါတယ်။ ပြန်လဲခိုင်းလည်း ဒင်းလေးမှာ ပိုက်ဆံဘယ်လောက်များ ထပ်ပါဦးမှာ မို့လို့လဲ။

သူဆိုင်ထဲကထွက်သွားပြီးတော့ သူစားသွားတဲ့ ရေခဲမုန့်ခွက်ကို သိမ်းဖို့ မ,ယူလိုက်တယ်။ ရေခဲမုန့်ခွက်အောက်မှာ နှစ်ရာတန်အသစ်လေးတစ်ရွက်။ ဘေးက စာရွက်ပိုင်းလေးမှာတော့ ဘောပင်လေးနဲ့ မလှမပရေးထားတဲ့ စာတိုလေးတစ်ကြောင်း၊ “အစ်မအတွက် ဘောက်ဆူး” တဲ့လေ။

နှစ်ရာတန်လေးကိုကိုင်ပြီး ကျွန်မ အချိန်တော်တော်ကြာ မှင်သက်နေမိတယ်။ ရင်ထဲမှာလည်း ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်တွေ၊ သူ့ကို အထင်ကြီးလေးစားစိတ်တွေ၊ ရှက်စိတ်တွေနဲ့  ပြည့်နှက်လို့။ သူ့မုန့်ဖိုးလေးတွေစုပြီး ရေခဲမုန့်လာဝယ်စားတာတောင် ကျွန်မကို ဘောက်ဆူးပေးဖို့ ငွေ ၂ဝဝ ချန်ထားပြီး သူအရမ်းစားချင်နေတဲ့ ဝေဖာပါတဲ့ရေခဲမုန့်မစားဘဲ ရိုးရိုးရေခဲမုန့်ပဲ စားခဲ့တယ်။ ဒါကို မသိနားမလည်တဲ့ ကျွန်မက အထင်သေးတဲ့မျက်လုံးတွေနဲ့ ငြိုငြင်ခဲ့မိသေးတယ်လေ။ ကျွန်မ ဘယ်လောက်တောင် စိတ်ဓာတ်ညံ့ဖျင်းလိုက်သလဲ။ ကျွန်မဟာ ဒီကောင်လေးလောက်တောင်မှ စိတ်ဓာတ်မမြင့်မြတ်ပါလားလို့ တွေးမိပြီး ရှက်လိုက်တာ မပြောပါနဲ့တော့။

အဲဒီ နှစ်ရာတန်လေးကို ကျွန်မ ပလက်စတစ်ကတ်လောင်းပြီး သိမ်းထားခဲ့တယ်။ သူတစ်ပါးကို အထင်မသေးဖို့၊ လူတိုင်းကို ကိုယ်ချင်းစာညှာတာတတ်ဖို့၊ သူတစ်ပါးကို ကြင်နာစွာ ကူညီဖို့၊ မေတ္တာထားဖို့ အဲဒီ နှစ်ရာတန်လေးက ကျွန်မကို ဆုံးမနေသလိုပါပဲ။ ကျွန်မစိတ်တွေလည်း ပြောင်းလဲသွားခဲ့တယ်လေ။

ကျွန်မ အဲဒီကောင်လေးကို အမြဲလိုလို မျှော်မိတယ်။ သူဒီတစ်ခါလာရင် သူစားချင်တဲ့ ဝေဖာနဲ့ရေခဲမုန့်ကို ကျွန်မကိုယ်တိုင်ဝယ်ကျွေးမလို့လေ။ ဒါပေမဲ့ သူရောက်မလာတော့ပါဘူး။ သူပေးခဲ့တဲ့ နှစ်ရာတန်လေးကတော့ ကျွန်မသွားလေရာ ကောက်ကောက်ပါလို့ပေါ့။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။

Leave a Reply