ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်များကို သဘာဝနည်းလမ်းဖြင့် ဖယ်ရှားခြင်း

0
1473

ကျွန်မတို့ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ ဖယ်ရှားဖို့လိုလာပြီဆိုတာကို ပြသတဲ့လက္ခဏာတွေကိုတော့ အရင်စာစောင်လေးမှာ ဖော်ပြခဲ့ပြီးပါပြီ။ အခုဖ်ာပြသွားမှာကတော့ ဒီအဆိပ်အတောက်တွေကို ဘယ်လိုဖယ်ရှားရမယ် ဆိုတာပါပဲ။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အဆိပ်အတောက်တွေကို သဘာဝအတိုင်း ဘယ်လိုဖယ်ရှားကြမလဲ။

ကျွန်မတို့တွေ သိတဲ့အတိုင်းပါပဲ နေ့စဉ်နဲ့အမျှ ကျွန်မတို့ခန္ဓာကိုယ်ကြီးဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ၊ အလှပြင်ပစ္စည်းတွေနဲ့ စားသောက်လိုက်တဲ့ အစားအစာတွေကနေ တဆင့် အဆိပ်အတောက်များစွာဖြင့် တိုက်ခိုက်ခံနေရပါတယ်။ ဒါပေမယ့် ထိတ်လန့်စရာမလိုပါဘူး။ အဆိပ်အတောက်တွေကို တိုက်ခိုက်ပေးဖို့ သဘာဝက ဖန်တီးပေးထားပါတယ်။ ဒါပေမယ့် တခါတရံမှာ ဒီအဆိပ်အတောက်တွေက သတ်မှတ်ချက်ထက် ကျော်လွန်များပြားတတ်ပါတယ်။ ဒီလိုဖြစ်လာရင် အဆိပ်အတောက် ဖယ်ရှားပေးဖို့ လိုအပ်လာပါပြီ။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ရှင်းလင်းပေးမယ့် နည်းလမ်း (၁၀)မျိုးကို အခုပဲ ဖော်ပြပေးလိုက်ပါတယ်။

၁။ရေများများသောက်ပါ။

နေ့စဉ် ရေများများသောက်ပေးခြင်းဖြင့် စုပုံနေတဲ့ အဆိပ်အတောက်တွေကို ဆေးကြောပေးဖို့ ကူညီပေးပါလိမ့်မယ်။ တစ်ရက်မှာ ကော်ဖီခဏခဏ မသောက်မိပါစေနဲ့။ ကော်ဖီအစား ရေတစ်ခွက် သောက်လိုက်ပါ။ ရေရှည်အတွက် ပိုပြီးကောင်းမွန်ပါလိမ့်မယ်။

၂။အမျှင်ဓာတ်များများ စားသုံးပေးပါ။

အမျှင်ဓာတ်များများစားသုံးပေးခြင်းဖြင့် အဆိပ်အတောက်တွေကို လွယ်ကူမြန်ဆန်စွာ ဖယ်ရှားပေးနိုင်ပါတယ်။ ကြာရှည်ခံအောင်လုပ်ထားတဲ့ အစားအစာတွေမှာပါဝင်တဲ့ ကြာရှည်ခံပစ္စည်းတွေအားလုံးက အစာခြေစနစ်ထဲမှာ စုနေကြပါတယ်။ ဒါကြောင့် အမျှင်ဓာတ်ကြွယ်ဝတဲ့ လတ်လတ်ဆတ်ဆတ် သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးပါ။

၃။အကျင့်ဆိုးလေးတွေကို ခဏရပ်ထားပါ။

အဆိပ်အတောက်ဖယ်ရှားနေတုန်း အဆိပ်အတောက်တွေ ထပ်မဖြစ်အောင် ကာကွယ်မှ ပိုထိရောက်မှာပါ။ ဒါကြောင့် အရက်တို့ ကော်ဖီတို့ သောက်တာတွေကို ခဏရပ်ထားပါ။ ဒါတွေအစား ရေနဲ့ သစ်သီးဖျော်ရည်တွေ သောက်သုံးပေးပါ။ ဆေးလိပ်သောက်တာကိုလည်း ရပ်ထားရပါတယ်။ ဆေးလိပ်ဆိုတာ အဆိပ်အတောက်တွေ စုနေတဲ့အရာလေ။ ဒါကြောင့် ဆေးလိပ်ကိုခဏရပ်လိုက်ရင် အဆိပ်အတောက်တွေ ရပ်တန့်လိုက်သလိုပါပဲ။

၎။ဗီတာမင် စီ ပိုစားပေးပါ။

ဗီတာမင်စီကို အသုံးပြုပြီး ဂလူသာသိုင်အုန်း (glutathione) ကို ခန္ဓာကိုယ်က ထုတ်လုပ်ပေးပါတယ်။ အသည်းက အဆိပ်အတောက်တွေ ဖယ်ရှားတဲ့အခါ ဒီကွန်ပေါင်းကို အသုံးပြုပါတယ်။ ဒါကြောင့် ဗီတာမင် စီ ကြွယ်ဝတဲ့ လတ်လတ်ဆတ်ဆတ် သစ်သီးတွေ များများစားပေးပါ။ ဒါမှ အသည်းက အဆိပ်အတောက်ဖယ်ရှားခြင်းကို အကူအညီဖြစ်စေမှာ ဖြစ်ပါတယ်။

၅။ဆေးဖက်ဝင် လက်ဖက်ရည်များ သောက်ပေးပါ။

ဆေးဖက်ဝင်တဲ့ လက်ဖက်ရည်များ ပုံမှန်သောက်ပေးခြင်းဖြင့် အဆိပ်အတောက်တွေ ဖယ်ရှားပေးနိုင်ပါတယ်။ ဆေးဖက်ဝင် လက်ဖက်တွေက အကျိုးကျေးဇူးများစွာပေးနိုင်သလို ရွေးချယ်စရာလည်း အများကြီးရှိပါတယ်။ အကောင်းဆုံး ဆေးဖက်ဝင်အပင်ကတော့ လက်ဖက်စိမ်းနဲ့ Burdock tea တွေပါပဲ။ သွေးသန့်စေတဲ့အပြင် အဆိပ်အတောက်တွေကိုပါ ဖယ်ရှားပေးပါတယ်။

၆။ရှုပ်ထွေးသော ကာဘိုဟိုက်ဒြိတ်များ စားသုံးပေးပါ။

ရိုးရှင်းတဲ့ ကာဘိုဟိုက်ဒြိတ်တွေဖြစ်တဲ့ ဆန်၊ pasta နဲ့ ပေါင်မုန့်တွေ စားသုံးခြင်းကို ရပ်တန့်လိုက်ပါ။ ဒါတွေအစား whole grain အစားအစာများ စားသုံးပေးပါ။ ဒီအစားအစာတွေက သွေးထဲကသကြားဓာတ် မြင့်တက်တာတွေကို ရပ်တန့်စေပြီး အဆိပ်အတောက်ဖယ်ရှားဖို့ အမျှင်ဓာတ်ဖြည့်ပေးပါတယ်။

၇။ကြက်သွန်ဖြူများများ စားပေးပါ။

အဆိပ်အတောက်များတဲ့အခါ စားသုံးပေးသင့်တဲ့ အစားအစာတွေထဲမှာ ကြက်သွန်ဖြူက တစ်ခုအပါအဝင်ပါပဲ။ ကြက်သွန်ဖြူပုံမှန်စားပေးခြင်းဖြင့် အသည်းမှာရှိတဲ့ အင်ဇိုင်းတွေ ထုတ်လုပ်ရာမှာ ကူညီပေးပါတယ်။ ဒါ့အပြင် စီလီနီယမ် (selenium) နဲ့ အယ်လီစင် (allicin) တွေကလည်း အသည်းကို ဆေးကြောပေးဖို့ ကူညီပါတယ်။

၈။ချဉ်သောအသီးများကို စားပေးပါ။

အချဉ်ဓာတ်ပါတဲ့အသီးတွေဖြစ်တဲ့ ရှောက်သီး၊ ဂရိပ်ဖရု၊ သံပုရာ စတာတွေက အဆိပ်အတောက် သန့်စင်ပေးတဲ့ စနစ်အတွက် အကျိုးရှိစေပါတယ်။ ရှောက်သီးမှာ citric acid များစွာပါဝင်တာကြောင့် အဆိပ်အတောက်တွေကို ပျော်ဝင်စေပြီး စွန့်ထုတ်ဖို့ လွယ်ကူစေပါတယ်။

၉။ကိုက်လန်နဲ့ တခြားအစိမ်းရောင် အရွက်များ

ကိုက်လန်က အဆိပ်အတောက်ဖယ်ရှားပေးတဲ့ အစားအစာတစ်မျိုးပါပဲ။ မုန်လာထုပ်လိုမျိုး အစိမ်းရောင်တခြားအရွက်တွေလည်း စားသုံးပေးနိုင်ပါတယ်။ အစိမ်းရောင် ဟင်းရွက်တွေက သွေးထဲမှာရှိတဲ့ အက်ဆစ်ဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။

၁၀။လေ့ကျင့်ခန်းများများလုပ်ပြီး များများအိပ်ပါ။

နောက်ဆုံးနည်းလမ်းကတော့ လေ့ကျင့်ခန်း ပုံးမှန်လုပ်ခြင်းပါပဲ။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် သွေးလည်ပတ်မှု ပိုကောင်းပါတယ်၊ အဆုပ်ကလည်း ကောင်းကောင်း အလုပ်လုပ်နိုင်ပါတယ်၊ ဒါတွေက အဆိပ်အတောက်တွေဖယ်ရှားရာမှာ အကူအညီဖြစ်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် ကောင်းမွန်စွာလည်း အိပ်စက်နိုင်စေတာကြောင့် အဆိပ်အတောက်တွေကို အလိုအလျောက် ဖယ်ရှားပြုပြင်ပေးနိုင်ပါတယ်။

ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေများလာရင် ပြတဲ့လက္ခဏာတွေကို သိပါသလား။ အဆိပ်အတောက်တွေကို ဖယ်ရှားတဲ့နည်းတွေထဲမှာ ဘယ်နည်းလမ်းကို အကြိုက်ဆုံးဖြစ်ပါသလဲ။

ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊