မိန်းကလေးအများစုက စိတ်ဆင်းရဲစရာ အချစ်ရေးကနေ ဘာကြောင့် မရုန်းထွက်နိုင်ကြတာလဲ

0
130
ဂန္ထဝင်စာချစ်သူတို့ရေ….

မိန်းကလေးအများစုဟာ ယောက်ျားလေးတစ်ယောက်ကို ချစ်သူအဖြစ်ရွေးချယ်ပြီးပြီဆိုရင် ကောင်းတာဆိုးတာအားလုံးကို လက်ခံပြီးချစ်တတ်ကြပါတယ်။ အချို့သော ယောကျာ်းသားတွေဟာ ချစ်သူမိန်းကလေးတွေအပေါ် စိတ်ဒဏ်ရာရအောင်၊ စိတ်မချမ်းသာအောင်ပြုလုပ်တတ်ကြပါတယ်။ သူငယ်ချင်းတွေ၊ မိသားစုတွေကတော့ ကောင်လေးရဲ့ရိုင်းပြစော်ကားမှုတွေကြောင့် ဒေါသတွေတချောင်းချောင်းထွက်၊ ကောင်လေးနဲ့အဆက်ဖြတ်ဖို့ ဘယ်လိုပဲဖျောင်းဖျကြပါစေ ကောင်မလေးကတော့ အချစ်ပိုက်ကွန်ကနေ ရုန်းမထွက်နိုင်ဖြစ်နေတတ်ပါတယ်။ မိန်းကလေးတွေအနေနဲ့ ချစ်သူရဲ့ရိုင်းပြမှုတွေကို သည်းခံပြီး စိတ်ဆင်းရဲစရာအချစ်ရေးမှာ ဘာကြောင့်ဆက်လက်နှစ်မြှပ်နေတတ်ကြလဲဆိုတာကို ဖတ်ကြည့်လိုက်ရအောင်နော်။

၁။ မိန်းကလေးတစ်ယောက် ချစ်သူရဲ့ ရိုင်းပြမှုတွေကို သည်းခံနေတဲ့ ပထမဆုံးအကြောင်းပြချက်ကတော့ အချစ်ရေးမှာ စိတ်ဆင်းရဲစရာတွေကြုံရတာဟာ သဘာဝပဲလို့ လက်ခံထားတာကြောင့်ပါ။ ချစ်သူဘာလုပ်လုပ်သည်းခံပေးရမယ်ဆိုတဲ့ တွေးတွေနဲ့ ဖြေသိမ့်ရင်း စိတ်ဆင်းရဲစရာကိစ္စတွေကို လက်ခံနေတတ်ပါတယ်။ တကယ်တော့ အချစ်ရေးကြောင့် ဒါမှမဟုတ် ချစ်သူကြောင့် အမြဲစိတ်သောကရောက်နေရတယ်ဆိုတာ မဖြစ်သင့်တဲ့အခြေအနေတစ်ခုပါ။ လူတစ်ယောက်ကို ပိုမိုပျော်ရွှင်စေတာမျိုးမဟုတ်ဘဲ အမြဲစိတ်ထောင်းကိုယ်ကြေဖြစ်နေတယ်ဆိုရင် အဲဒီလိုအချစ်ရေးကို ဇွတ်အတင်းဖက်တွယ်မထားသင့်ပါဘူး။

၂။ ဒုတိယအကြောင်းပြချက်ကတော့ “ချစ်သူနဲ့လမ်းခွဲလိုက်ရင် လူတွေက ဘယ်လိုဝေဖန်ကြမလဲ” ဆိုတဲ့ ကြောက်ရွံ့မှုပဲဖြစ်ပါတယ်။ တစ်ခါတလေမှာ မိမိကဘယ်လောက်ပဲ လမ်းခွဲချင်ပေမယ့် ချစ်သူက လမ်းခွဲမပေးတာ၊ ခြိမ်းခြောက်ထားတာ စတာတွေကြောင့် တစ်ယောက်တည်းစိုးရိမ်စိတ်တွေကြောင့် စိတ်ဆင်းရဲစရာအချစ်ရေးကို ဆက်စောင့်ထိန်းနေရတတ်ပါတယ်။ တစ်ချို့သောကောင်လေးတွေဟာ ကောင်မလေးနဲ့ သူရဲ့ မမြင်သင့်မမြင်အပ်တဲ့ ဓာတ်ပုံတွေကို ခိုးရိုက်ထားပြီး လမ်းခွဲပြတ်စဲတဲ့အခါ လူမှုကွန်ယက်တွေပေါ်မှာ ဖြန့်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ကောင်မလေးကို စိတ်ဆင်းရဲမှုတွေ ဆက်ပေးနေတတ်ပါတယ်။ ကောင်မလေးဖက်ကတော့ ဆုပ်လည်းဆူးစားလည်းရူးဆိုတဲ့ အခြေအနေတွေကြုံရပြီး မနှစ်မြို့စရာအချစ်ပိုက်ကွန်ထဲမှာ ဆက်မြောနေရတတ်ပါတယ်။

၃။ တတိယအကြောင်းပြချက်ကတော့ ရှက်ရွံ့မှုပဲဖြစ်ပါတယ်။ မိမိဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာတွေကို ညှဉ်းပန်းနှိပ်စက်ခံနေရတယ်၊ ချစ်သူကရိုင်းပြစော်ကားတတ်တယ်ဆိုတာကို မိသားစုတွေ၊ သူငယ်ချင်းတွေက သိသွားရင်မိမိကို ဘယ်လိုထင်ကြမယ်၊ အပြစ်တင်ဝေဖန်ကြမယ်ဆိုတဲ့အတွေးတွေနဲ့ အပူရုပ်ကိုဟန်လုပ်ပြီး ချစ်သူအမည်ခံ ယုတ်မာရက်စက်သူကို ဆက်တွဲနေရတတ်ပါတယ်။

၎။ စတုတ္ထအကြောင်းပြချက်ကတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတာပဲဖြစ်ပါတယ်။ ချစ်သူဟာ မိမိကိုအရာရာအတွက် အပြစ်တင်နေတတ်တာ၊ အမြဲတမ်း ဆူပူကြိမ်းမောင်းနေတတ်တာ၊ အသုံးမဝင်တဲ့လူတစ်ယောက်လို ခံစားနေစေတာတွေအားလုံးဟာ မိမိရဲ့အမှားတွေလို့ ထင်နေတတ်ပါတယ်။ “ငါကိုက မဟုတ်တာပါ” လို့ဖြေတွေးရင်း မတရားစွပ်စွဲမှုတွေကို ရင်စီးခံနေတတ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ ပဉ္စမအကြောင်းပြချက်ကတော့ ချစ်သူမရှိရင် အသက်မရှင်နိုင်လောက်ဘူးလို့ ထင်လောက်အောင် ချစ်နေတာကြောင့်ဖြစ်ပါတယ်။ ချစ်သူရဲ့ ဆိုးသွမ်းမှုတွေဟာ နောက်ကျရင်ပြောင်းလဲသွားလိမ့်မယ်။ မိမိရဲ့ချစ်ခြင်းတွေကို နားလည်လာလိမ့်မယ်ဆိုတဲ့အတွေးနဲ့  မထိုက်တန်တဲ့ ချစ်ခြင်းကနေ မရုန်းထွက်နိုင်ဖြစ်နေတတ်ပါတယ်။

၆။ ဆဋ္ဌမအကြောင်းပြချက်ကတော့ မိမိရဲ့ ပတ်ဝန်းကျင်မှာ ဟန်ဆောင်ကောင်းတဲ့ ချစ်သူကိုယုံကြည်နေတဲ့သူတွေများတာကြောင့် ဖြစ်ပါတယ်။ လူရှေ့မှာ အရမ်းချစ်ပြတတ်ပြီး ပိရိလွန်းတဲ့ ချစ်သူကြောင့် မိမိကို ယုံကြည်မှာမဟုတ်ဘူးဆိုတဲ့ အတွေးနဲ့ မိမိရဲ့ဘဝကိုရေစုန်မျောပြီး စိတ်ဆင်းရဲစရာတွေကို သည်းခံနေတတ်ပါတယ်။

၇။ နောက်ဆုံးအကြောင်းပြချက်ကတော့ စစ်မှန်တဲ့အချစ်ရေးတစ်ခုရဲ့ စံနှုန်းတွေကို မသိတာကြောင့်ဖြစ်ပါတယ်။ မိမိကိုအချိန်ပြည့် လွှမ်းမိုးချုပ်ကိုင်နေတတ်တာ၊ အခြားသူတွေနဲ့ ပတ်သက်ခွင့်မပေးတာ၊ မိမိစိတ်နဲ့ကိုယ်ကို မိမိစိတ်တိုင်းကျ စီမံခွင့်မရတာ၊ ချုပ်ချယ်တတ်တာတွေကို အချစ်ရေးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ထင်နေတာကြောင့်ပါ။ တကယ်စစ်မှန်တဲ့အချစ်ရေးမှာ လိုအပ်တဲ့ လွတ်လပ်မှုတွေ၊ ပေးဆပ်မှုတွေအကြောင်းမသိတဲ့အပြင် မိမိနဲ့ ထိုက်တန်တဲ့အချစ်ဟာ ဘာလဲ မိမိဟာလည်းပျော်ရွှင်မှုတွေနဲ့ ထိုက်တန်တယ်ဆိုတာကို မသိတဲ့အတွက် ရရှိထားတဲ့အခြေအနေကနေ မရုန်းထွက်ဘဲ သည်းခံနေတတ်ကြတာဖြစ်ပါတယ်။

စာဖတ်ပရိသတ်ကြီးရေ…

မိမိကို အမြဲတမ်းစိတ်ဒုက္ခပေးတတ်ပြီး ပြတ်မယ်လုပ်တဲ့အခါ ပြန်ချော့လိုက်၊ ခြိမ်းခြောက်လိုက်နဲ့ မိမိကိုဖမ်းထားတဲ့ သဘောထားညံ့ဖျင်းတဲ့ အချစ်ပိုက်ကွန်ထဲကနေ မရုန်းထွက်နိုင်ဘူးဆိုရင် စိတ်ထောင်းကိုယ်ကြေဖြစ်နေဦးမှာပဲ။ သင်သိထားရမှာက သင်ဟာလည်း ပျော်ရွှင်မှုတွေနဲ့ ထိုက်တန်တယ်၊ လွတ်လပ်မှုတွေကို ပိုင်ဆိုင်သင့်တယ်၊ တန်ဖိုးထားမြတ်နိုးမှုတွေကို ရသင့်တယ်၊ စစ်မှန်တဲ့ချစ်ခြင်းတွေနဲ့ ထိုက်တန်တယ်ဆိုတာပါပဲ။

သဘောကျနှစ်ခြိုက်ခဲ့ရင် SHARE ပေးလိုက်ပါဦးနော်။