ဒီအပြုအမူတွေက သင့်ကိုယ်ရည်ကိုယ်သွေးကို လျော့ကျစေတယ်ဆိုတာ သိပါသလား။

0
372

ဂန္ထဝင်စာဖတ်ပရိတ်ကြီးရေ… လုပ်ငန်းခွင်မှာ အောင်မြင်ထက်မြက်ပြီး ဘုန်းတန်ခိုးအာဏာကြီးတဲ့ အမျိုးသမီးတွေကို ကျွန်မတို့အားလုံး အားကျတတ်ကြပါတယ်။ ဒါပေမယ့် ကျွန်မတို့ကိုယ်တိုင်ကတော့ ကိုယ်ပိုင်အရည်အသွေးနဲ့ ဘုန်းတန်ခိုးတွေကို တိုးမြင့်လာအောင် ကြိုးစားဖို့ မေ့လျော့နေတဲ့အပြင် ရှိရင်းစွဲအရည်အသွေးတွေကိုပါ လျော့ကျသွားအောင် ပြုမှန်းမသိ ပြုမူနေကြတာကို သတိထားမိကြပါသလား။ ကျွန်မတို့ရဲ့တန်ဖိုးကို ကျွန်မတို့ကိုယ်တိုင်ပဲ ထိန်းသိမ်းရမယ်၊ တိုးမြှင့်ရမယ် မဟုတ်ပါလား။

ဒီတစ်ပတ်မှာတော့ ဂန္ထဝင်စာဖတ်ပရိသတ် အမျိုးသမီးတို့ သတိပြုစေနိုင်ဖို့ ကိုယ်ပိုင်အရည်အသွေးကို ယုတ်လျော့စေတဲ့ အမူအကျင့်တွေ၊ လုပ်ရပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ လိုရင်းရောက်အောင်မပြောဘဲ သွယ်ဝိုက်စကားဆိုခြင်း။

အမျိုးသမီးတွေတော်တော်များများက စကားပြောရာမှာ ကိုယ်ဖြစ်ချင်တာကို တည့်မပြောဘဲ စကားအလှလေးတွေသုံးပြီး ကွယ်ဝိုက်ပြောဆိုတာတွေ၊ ခွင့်တောင်းတာတွေ၊ ပြတ်ပြတ်သားသားမပြောဆိုတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီအကျင့်တွေဟာ ယဉ်ကျေးတဲ့အမူအကျင့်ဖြစ်ပေမယ့် လုပ်ငန်းခွင်ပိုင်းနဲ့ အုပ်ချုပ်မှုပိုင်းတွေမှာ တန်ခိုးအာဏာကို လျော့ပါးစေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ တောင်းပန်စကားဆိုလွန်းခြင်း။

“တောင်းပန်ပါတယ်”၊ “ဆောရီးနော်” စတဲ့ တောင်းပန်စကားတွေကို မိန်းမသားတွေအနေနဲ့ အခေါက်ခေါက်အခါခါ အသုံးပြုတတ်ကြပါတယ်။ ကိုယ့်အမှားအတွက် တောင်းပန်စကားပြောသင့်ပေမယ့် ကိုယ်မမှားတဲ့ကိစ္စရပ်တွေအတွက် တောင်းပန်စကားပြောဖို့ မလိုအပ်ပါဘူး။ အထူးသဖြင့် လုပ်ငန်းခွင်မှာ တောင်းပန်စကားဆိုလွန်းခြင်းက ကိုယ့်ရဲ့ တန်ခိုးအာဏာနဲ့ ကိုယ်ရည်ကိုယ်သွေးကို လျော့ပါးစေပါတယ်။

၃။ ကိုယ့်ရဲ့အကြံဉာဏ်တွေကို သူတစ်ပါးကို ပေးသုံးခြင်း။

အလုပ်အစည်းအဝေးမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူတူ အလုပ်ကိစ္စပြောဆိုချိန် ကိုယ့်အကြံဉာဏ်ကောင်းတွေကို ကိုယ်တိုင်ပဲ တင်ပြဆွေးနွေးသင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ ကိုယ့်အကြံဉာဏ်တွေကို အခြားသူတစ်ယောက်ကို ပြောပြပြီး သူ့ရဲ့ကိုယ်ပိုင်အကြံဉာဏ်လို ပြောဆိုဆွေးနွေးခွင့်ပြုခြင်းက သင့်ရဲ့ စွမ်းအားနဲ့ လူလေးစားခံရမှုကို လျော့ပါးစေပါတယ်။ အခြားသူကို မဖြစ်မနေ ဆွေးနွေးခိုင်းရမယ်ဆိုရင်တောင် credit ရအောင် တောင်းသင့်ပါတယ်။

၎။ ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ဖို့ မေ့လျော့နေခြင်း။

တစ်ခါတလေ လူတွေကြားမှာ ကိုယ်ရည်သွေးရတာဟာ အများကဲ့ရဲ့စရာအလုပ်လို့ လူတော်တော်များများက ထင်တတ်ကြပါတယ်။ လူတွေကြားမှာ ကိုယ်ပိုင်အရည်အချင်းကို ထုတ်ဖော်ပြသဖို့ မေ့လျော့နေတာ၊ တွန့်ဆုတ်နေတာမျိုး မဖြစ်သင့်ပါဘူး။ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးကို ထုတ်ဖော်မပြတာက အချိန်ကာလကြာလာတာနဲ့အမျှ ကိုယ်ရည်ကိုယ်သွေးနဲ့ တန်ခိုးအာဏာကို လျော့ကျစေပါတယ်။

၅။ လူမှုဆက်ဆံရေးကို ကောင်းစွာ အသုံးမချခြင်း။

အမျိုးသမီးတွေဟာ သူတစ်ပါးကို အကူအညီပေးဖို့ လွယ်ကူသလောက် အခြားသူဆီကနေ လိုအပ်တဲ့အကူအညီယူဖို့ တွန့်ဆုတ်တတ်ကြပါတယ်။ အမျိုးသမီးတွေရဲ့စွမ်းအားကို တိုးမြှင့်ပေးတဲ့နေရာမှာ လူမှုဆက်ဆံရေးကောင်းမွန်ခြင်းသာမကပဲ ထိုလူမှုဆက်ဆံရေးကို အကျိုးရှိစွာ အသုံးချတတ်ဖို့လည်းလိုတာကြောင့် အကူအညီတောင်းဖို့တွန့်ဆုတ်နေတာကလည်း လုပ်နိုင်စွမ်းနဲ့ အရည်အသွေးကို လျော့ကျစေပါတယ်။

၆။ အကျိုးသက်ရောက်မှုရှိဖို့ထက် လူချစ်ခံရဖို့ကို ပိုဦးစားပေးခြင်း။

လုပ်ငန်းခွင်မှာ လူချစ်လူခင်ပေါများဖို့ အရေးကြီးတယ်ဆိုပေမယ့် လူချစ်လူခင်များဖို့ ရည်ရွယ်ချက်တစ်ခုနဲ့ အကျိုးသက်ရောက်မှုမရှိတဲ့အလုပ်တွေ၊ အဓိပ္ပာယ်မရှိတဲ့အလုပ်တွေကို လုပ်တာမျိုးမဖြစ်သင့်ပါဘူး။ လူအများလေးစားအားကျရတဲ့၊ ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်ဆိုတာ အပြောထက် အလုပ်နဲ့ သက်သေပြတဲ့သူ၊ အပိုအလုပ်တွေ မလုပ်တတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

အမျိုးသမီးတို့ရဲ့ စွမ်းအားကို လျော့ကျစေမယ့် အခြားအမူအကျင့်လေးတွေရှိသေးရင် comment box မှာ ဆွေးနွေးဖို့ ဖိတ်ခေါ်ပါရစေရှင်။