အလုပ်လုပ်နေရင်း စိတ်ပျံ့လွင့်လွယ်သူများ ဒီစာစောင်လေးကို ဖတ်ကြည့်ပါ

0
46

စူးစမ်းရှာဖွေချင်စရာအကြောင်းအရာတွေ များပြားနေတဲ့ လောကကြီးမှာ အာရုံပျံ့လွင့်ဖို့ဆိုတာ သိပ်ကို လွယ်ကူပါတယ်။ ဖုန်းတွေ၊ ဂိမ်းတွေ၊ လူမှုကွန်ရက်တွေ စတဲ့ အရာတွေဟာ အာရုံစူးစိုက်မှုကို နှောင့်ယှက်နေတဲ့ အဓိကအကြောင်းရင်းတွေပဲပေါ့။

ပန်းတိုင်ကိုရောက်ဖို့ လမ်းမလွဲဘဲ ပြေးဖို့လိုသလို ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ကလည်း အာရုံမပျံ့လွင့်ဘဲ ကြိုးစားဖို့လိုပါတယ်။ အောက်မှာဖော်ပြထားတဲ့နည်းလမ်းတွေကတော့ စိတ်အာရုံမပျံ့လွင့်အောင် ကာကွယ်ဖို့၊ ပျံ့လွင့်နေတဲ့စိတ်အာရုံကို ပြန်လည်စုစည်းနိုင်ဖို့ နည်းလမ်းကောင်းလေးတွေပဲ ဖြစ်ပါတယ်။

၁။ အာရုံစူးစိုက်ထားပါ။

ကိုယ်လုပ်နေတဲ့အလုပ်အပေါ်အပြည့်အဝအာရုံစူးစိုက်ထားဖို့ သိပ်ကိုလိုအပ်ပါတယ်။ ဦးနှောက်အတွင်းမှာ ဘာအတွေးတွေရှိနေတာလဲဆိုတာကို သတိထားပါ။ ပြီးတော့ ဦးနှောက်ထဲကို ဘယ်လိုအတွေးတွေဝင်နေသလဲဆိုတာကိုလည်း ဂရုပြုပါ။

၂။ အသံတွေကို စစ်ထုတ်ပါ။

တစ်ခုခုကို အာရုံစိုက်နေတဲ့အချိန်မှာ ဘေးပတ်ဝန်းကျင်က ကြားနေရတဲ့အသံတွေကလည်း စိတ်အာရုံကို ပျံ့လွင့်စေပါတယ်။ ဒါပေမဲ့ အသံတွေကို လုံးဝမကြားအောင် ပိတ်ထားလိုက်ဖို့ကလည်း မဖြစ်နိုင်ဘူးလေ။ ဒီတော့ အကောင်းဆုံးက ဘယ်အသံဟာ နားထောင်သင့်တယ်၊ ဘယ်အသံဟာ နားမထောင်ဘဲ ဥပေက္ခာပြုထားသင့်တယ်ဆိုပြီး စစ်ထုတ်ထားခြင်းပါပဲ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ စနစ်တကျလုပ်ဆောင်ပါ။

အလုပ်ကို မနေမနားလုပ်ရတာချင်းအတူတူ အချို့တွေက အလုပ်တွေပြီးမြောက်ပြီး၊ အချို့တွေကတော့ အလုပ်တွေ ထင်သလောက်မပြီးတာ ဘာကြောင့်လို့ထင်ပါသလဲ။ တကယ်တော့ အကျိုးရှိတဲ့အလုပ်ကိုပဲ အာရုံစိုက်ပြီး ဇောက်ချလုပ်တာနဲ့ အကျိုးမရှိတဲ့အလုပ်တွေမှာ “မရောင်ရာဆီလူး” လုပ်တာဆိုပြီး ကွာခြားသွားလို့ဖြစ်ပါတယ်။ ဒါကြောင့် အာရုံမပျံ့လွင့်ဘဲ ကိုယ့်အတွက်အရေးပါတဲ့အလုပ်ကိုပဲ လုပ်ပါ။

၎။ ရိုးရှင်းစွာ လုပ်ဆောင်ပါ။

ကိုယ်လိုချင်တဲ့အရာကိုရဖို့၊ အောင်မြင်ပြီးမြောက်ဖို့ ကြိုးစားရာမှာ ကြိုးစားရမယ့် အဆင့်တိုင်းကို ရိုးရိုးလေးပဲသတ်မှတ်ပြီး ရှင်းရှင်းလေးကြိုးစားပါ။ လုပ်ဆောင်ရတဲ့အဆင့်တွေက ရှုပ်ထွေးလေလေ၊ အာရုံပျံ့လွင့်လေလေ ဖြစ်တတ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေနဲ့သာဆို စိတ်အာရုံမပျံ့လွင့်အောင် ကာကွယ်နိုင်ရုံသာမက ပျံ့လွင့်နေတဲ့စိတ်အာရုံတွေကိုပါ ပြန်လည်စုစည်းနိုင်မှာဖြစ်ပါတယ်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။

Leave a Reply