ကမ္ဘာကြီးကို သိပ္ပံပညာဖြင့် ပြောင်းလဲစေခဲ့သော မှတ်သားဖွယ်အမျိုးသမီးလေးယောက်

0
712

စာအုပ်တစ်အုပ်၏ အဖုံးကိုကြည့်ပြီး စာအုပ်ထဲမှာပါသော အရေးအသားအကြောင်း အကဲခတ်ဖို့ မဖြစ်နိုင်ပါ။ ထိုနည်းအတူ အထက်ပုံပါ အမျိုးသမီးလေးဦးတို့သည် သိပ္ပံလောကတွင် လွမ်းမိုးကျော်ကြားပြီး ကမ္ဘာကြီးကို ပြောင်းလဲကြလိမ့်မယ်လို့ သင်တွေးမိခဲ့ပါသလား? ပုံကိုသာကြည့်ခြင်းအားဖြင့် ကျွန်မလည်း မထင်ခဲ့ပါဘူး။ သို့သော်လည်း အောက်ပါပုံတိုဝတ္ထုများကို ဖတ်ကြည့်မှ အံ့သြမှုများမိပါတယ်။ ဒီဝတ္ထုတိုလေးတွေ ဘယ်လိုကောင်းတယ်ဆိုတာ ဖော်ကြူးရမယ်ဆိုရင် ဒီစာစောင်လေးဟာ အင်မတန်ရှည်လျားသွားနိုင်ပါတယ်။ ကဲ ကျွန်မချီးမွမ်းခန်းတွေ မလွန်သေးခင် အောက်ပါစာတိုဝတ္ထုလေးတွေကို ဖတ်ကြည့်ရအောင်။

ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

Rosalind Franklin [25 July 1920 – 16 April 1958]

ရိုဆယ်လင်း (Rosalind) သည် DNA ၏ ဖွဲ့စည်းတည်ဆောက်ပုံကို သိရှိုစေသော ကမ္ဘာကျော် photograph 51 ကို တွေ့ရှိခဲ့သူဖြစ်သည်။ သူမသည် အသက်၁၅နှစ်အရွယ်မှစ၍ သိပ္ပံပညာရှင်တစ်ဦး ဖြစ်လာရန် ဆုံးဖြတ်ချက်ချခဲ့သည်။ ရိုဆယ်လင်း သည် Cambridge University မှ ပညာသင်ဆုချီးမြင့်ခြင်းခံရပြီး ဓာတုဗေဒဘာသာရပ်ကို လေ့လာသင်ယူခဲ့သည်။ X-ray diffraction နည်းလမ်းကို အသုံးပြုပြီး ကျောက်မီးသွေး၏ မော်လီကျူးတည်ဆောက်ပုံကို ပြသခြင်းဖြင့် PhD ဘွဲ့ရယူနိုင်ခဲ့သည်။ ထို့နောက် သူမသည် Kings College တွင် သူကျွမ်းကျင်သော X-ray diffraction နည်းလမ်းဖြင့် DNA ၏ပုံသဏ္ဍန်ကိုအသေးစိတ် သုတေသနပြုလုပ်ခဲ့သည်။ သူ့လုပ်ဆောင်တွေ့ရှိချက် များက သူ့ လုပ်ဖော်ကိုင်ဖက်များကို  နိုဘယ်လ်ဆု ဆွတ်ခူးစေနိုင်ရန် များစွာအထောက်အကူဖြစ်စေခဲ့သည်။ ရိုဆယ်လင်းသည် ဆေးရွက်ကြီးတွင်ကျသော ပိုးတစ်မျိုးနှင့် ပိုလီယိုပိုးတို့ကို ရှေ့ဆောင်လေ့လာခဲ့သူတစ်ဦးလည်းဖြစ်သည်။

IrèneJoliot-Curie[12.September,1897 – 17.March,1956]

ဒုတိယအမျိုးသမီးလေးမှာ ပိုလိုနီယံ နှင့် ရေဒီယံ ကို ရှာဖွေတွေ့ရှိခဲ့သော မေရီ ကာရီ (Marie Curie) နှင့် ပီယာ ကာရီ(Pierre Curie) တို့၏ သမီးငယ်လေးဖြစ်သည်။ သူသည် သူ့ခင်ပွန်း ဖရက်ဒရစ်(Frederic) နှင့်အတူ artificial radioactivity ကို ဖန်တီးနိုင်ခဲ့ပြီး ဓာတုဗေဒပညာရပ်ဖြင့် နိုဘယ်လ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အိုင်းရင်း(Irene) မှာ ငယ်စဉ်ကတည်းက ပညာရေးတွင် အလွန်ထူးချွန်ခဲ့ပြီး သူ့မိခင် ထူထောင်ခဲ့သော ကျားမ မရွေး တက်ခွင့်ရှိသောပါရီစီယန်(Parisian) ကျောင်းတွင် တက်ရောက်ခဲ့သည်။ အိုင်းရင်း(Irene) သည် သူနာပြုတက္ကသိုလ်တွင် ဆက်လက်ပညာဆည်းပူးခဲ့သော်လည်း ပထမကမ္ဘာစစ်ကြောင့် ပညာရေးတစ်ပိုင်းတစ်စ ဖြစ်ခဲ့ရသည်။ သူမနှင့် သူ့မိခင်တို့မှာ စစ်အတွင်း ဆေးရုံသို့ရောက်ရှိလာသော စစ်ဘေးဒုက္ခသည်များအား မိမိတို့တတ်ကျွမ်းသော ပညာရပ်ဖြင့် အားတက်သရော ပါဝင်ကူညီခဲ့ကြသည်။ ဤလုပ်ဆောင်မှုများကြောင့် ပြင်သစ်နိုင်ငံ စစ်ဌာနမှ ဂုဏ်ပြုဆုတံဆိပ် ချီးမြင့်ခြင်းခံခဲ့ရသည်။ စစ်ပြီးကာလတွင် မိခင်၏ လုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်ပြီး ဖရက်ဒရစ်(Frederic) နှင့်ချစ်ကျွမ်းဝင်ခဲ့သည်။ သူတို့နှစ်ဦးလက်တွဲကာ နျူးကလီးယားနှင့်ဆိုင်သော ရူပဗေဒပညာရပ်များ၊ ဆေးပညာ၏အခြေခံအုတ်မြစ်များနှင့် ကင်ဆာရောဂါကုသခြင်းကို အထောက်အကူပြုစေသည့် ဓာတုဗေဒဆိုင်ရာ ရှာဖွေတွေ့ရှိမှုများဖြင့် ကမ္ဘာကြီးအား ပိုမိုအမြင်ကျယ်လာစေခဲ့ပါသည်။

Esther Lederberg [December 18, 1922 – November 11, 2006]

အိစ်တာ (Esther) သည် ကမ္ဘာပေါ်တွင် ထင်ရှားသော အဏုဇီဝဗေဒပညာရှင် microbiologist နှင့် ဗီဇမျိုးစေ့လေ့လာသောပညာရှင် geneticist တစ်ဦးဖြစ်ပါသည်။ သူ၏ မှတ်တမ်းတင်ဖွယ် ရှာဖွေတွေ့ရှိမှုများစွာအနက် လန်ဘာဖေ့ခ်ျ(Lambda Phage) ဟုခေါ်သော ဘက်တီးရီးယားအတွင်းတွင် နေထိုင်သော ဗိုင်းရပ်ပိုးတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ခြင်းသည် ဗိုင်းရပ်စ်ပိုးများ၏ မျိုးရိုးဗီဇဖြစ်စဉ် သဘောတရားများလေ့လာရာတွင် များစွာအထောက်အကူပြုခဲ့သည်။ သူသည် ငယ်စဉ်ကတည်းက ဆင်းရဲနွမ်းပါးစွာ ကြီးပြင်းခဲ့ရသည်။ ကျောင်းစရိတ်များ ပေးရန် မစားမသောက်ဘဲနေခဲ့ရသည်အထိ ဆင်းရဲနွမ်းပါးခဲ့သည်။ ဓာတ်ခွဲခန်းတွင် စမ်းသပ်ရန် အသုံးပြုသော တိရစ္ဆာန်လေးများကို ညစာအဖြစ် စားသုံးခဲ့ရသည်။ အသက် (၁၆)နှစ်အရွယ်တွင် အထက်တန်းပြီးဆုံးပြီး အသက် (၂၀)နှစ်တွင် ကောလိပ်ဒီဂရီ ပြီးဆုံးခဲ့သော ထူးချွန်ထက်မြတ်သူတစ်ဦးလည်းဖြစ်သည်။ အိစ်တာသည် သူ့ခင်ပွန်းလုပ်ငန်းဖြစ်သော ဘက်တီးရီးယားပိုးမွှားများ ပြောင်းလဲမှုဖြစ်စဉ်ကို နှိုင်းယှဉ်လေ့လာရာတွင် မိတ်ကပ်တို့ဘတ်ကိုအသုံးပြုပြီး ကူညီလုပ်ကိုင်ခဲ့သည်။ ဤလေ့လာမှုကြီးကြောင့် သူမ၏ခင်ပွန်းသည်အား နိုဘယ်လ်ဆု ဆွတ်ခူးစေနိုင်ခဲ့သည်။

Barbara Mclintock [June 16, 1902 – September 2, 1992] 

ဘာဘရာ သည် ကလာပ်စည်းများ နှင့် မျိုးရိုးဗီဇများကို လေ့လာသော ပညာရှင် (Cytogeneticist) အဖြစ် ၁၉၈၃ခုနှစ် ရူပဗေဒနှင့် ဆေးပညာရပ်တွင် နိုဘယ်လ်ဆု ဆွတ်ခူးနိုင်သူ တစ်ဦးဖြစ်သည်။ နာမည်အရင်းက အယ်လီနော်(Eleanor) ဖြစ်ပြီး သူ၏ ယောက်ျားလေးဆန်သော စရိုက်လက္ခဏာများကြောင့် သူမ၏မိဘများက ဘာဘရာဟုပြောင်းလဲခေါ်ဆိုခဲ့သည်။ အထက်တန်းကျောင်းပြီးဆုံးသောအခါ သူ၏မိခင်က တက္ကသိုလ် တက်ရောက်ရန်တားမြစ်ခဲ့သည်။ တက္ကသိုလ် ပညာတတ်မြောက်ခဲ့လျှင် အိမ်ထောင်ပြုရာတွင် အခက်အခဲဖြစ်မည်ကို ပူပန်၍ဖြစ်သည်။ သို့သော် ဘာဘရာ၏ ဖခင်အကူအညီဖြင့် Cornell Universityတွင် တက်ရောက်ခွင့် ရခဲ့သည်။ Cornell University တွင် အမျိုးသမီးများအား မျိုးရိုးဗီဇပညာရပ်ဖြင့် ဘွဲ့ရယူခြင်းကို ပိတ်ပင်ထားသဖြင့် ရုက္ခဗေဒပညာရပ်ဖြင့် ဘွဲ့ရယူခဲ့သည်။ သို့သော် ဘာဘရာ သည်သူမ၏သုသေတနများဖြင့် မျိုးရိုးဗီဇပညာလောကကို တစ်ခေတ်ဆန်းစေခဲ့သည်။ သူမသည် ခရိုမိုဆုမ်း တစ်ခုမှတစ်ခုသို့ သယ်ယူပို့ဆောင်ခြင်းဖြင့် မျိုးရိုးဗီဇများဖြစ်ပေါ်လာခြင်းကို ဖော်ထုတ်နိုင်ခဲ့ပြီး နိုဘယ်လ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ သူမ၏လုပ်ဆောင်ချက်များသည် ရောဂါများကုသရာတွင် ပဋိဇီဝဆေးများကို ခုခံနိုင်သော ဘက်တီးရီးယားများ၏ ဖွဲ့စည်းတည်ဆောက်ပုံများလေ့လာရာတွင် အထောက်အကူဖြစ်စေခဲ့သည်။

အ​ထက်ပါ ​ဆောင်းပါးကှိုဖတ်ခြင်းဖြင်. တစ်​ခုခု သင်​ယူရရှိခဲ့တယ်​ဆိုရင်​သင့်​သူငယ်​ချင်း​တွေကို SHARE ပေးဖို့မ​မေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊