တည်မြဲနေတဲ့အချစ်စစ်ရဲ့ ရင်ခုန်မှုကင်းတဲ့ အမှန်တရားများ

0
1611

၁။ အချစ်စစ်ဆိုတာ အမြဲတမ်းမသာယာဘူး။ နာကျင်ခံစားရတဲ့အချိန်တွေ ရှိချင်ရှိလိမ့်မယ်။ အဲဒီ့အချိန်တွေကို လက်ခံနိုင်ရမယ်။

၂။ တစ်ခါတလေ ချစ်သူရဲ့ မျက်နှာကိုကြည့်ပြီး မချစ်ချင်ဘဲ အပြစ်မြင်နေတတ်တဲ့ အခိုက်အတန့်တွေရှိလိမ့်မယ်။ ဒါကို လက်ခံနိုင်ရမယ်။

၃။ သူလုပ်ခဲ့တဲ့အပြစ်တွေကြောင့် စိတ်နာချင်ပေမဲ့ စိတ်မနာနိုင်တဲ့အချိန်တွေ ရှိလိမ့်မယ်။ ဒါကို လက်ခံနိုင်ရမယ်။

၎။ အရင်က အရမ်းကြွေခဲ့ရတဲ့ သူ့အပြုအမူလေးတွေ၊ ပုံစံလေးတွေကို အမြင်ကတ်ပြီး အပိုအလုပ်တွေလို့ ထင်နေတတ်တဲ့ အခိုက်အတန့်တွေ ရှိလာနိုင်တယ်။ ဒါကို လက်ခံနိုင်ရမယ်။

၅။ ဘယ်လောက်ပဲ ချစ်ပါတယ် ပြောပြော၊ တကယ်တမ်းတော့ အဆုံးမဲ့အချစ်တွေဆိုတာ ဘယ်သူ့ဆီမှာမှမရှိဘူး။ သင့်ဆီမှာလည်းမရှိသလို သင့်ချစ်သူဆီမှာလည်းမရှိဘူး။ ဒါကို လက်ခံနိုင်ရမယ်။

၆။ တစ်ခါတလေ ချစ်သူအပေါ်မှာ မျှော်လင့်ထားသမျှ ဖြစ်မလာတာတွေ၊ စိတ်ကူးအိပ်မက်တွေ ပျက်စီးသွားရတာတွေ ရှိကောင်းရှိလိမ့်မယ်။ ရေးကြီးခွင်ကျယ်ကိစ္စမဟုတ်ရင်တော့ လက်ခံနိုင်ရမယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ တစ်ခါတလေကျရင် “သူ ငါ့ကို တကယ်ရော ချစ်ရဲ့လား” ဆိုတဲ့ အတွေးတွေနဲ့ သံသယဝင်တာမျိုးတွေ ရှိလာလိမ့်မယ်။ ဒီလိုအခိုက်အတန့်တွေမှာ ယုံကြည်မှုကို ရှေ့တန်းတင်ဖို့ လိုလိမ့်မယ်။

၈။ လူတစ်ယောက်ကို ချစ်တယ်ဆိုတာ အဲဒီလူရဲ့ ကောင်းခြင်းဆိုးခြင်းအားလုံးကို ချစ်ဖို့ ဆိုလိုတာ မဟုတ်ပါဘူး။ သင်မကြိုက်တာတွေ သူလုပ်ချင်လုပ်လာလိမ့်မယ်။ ခွင့်လွှတ်နိုင်တဲ့ လုပ်ရပ်မျိုးဆိုရင် လက်ခံနိုင်ရမယ်။

၉။ “လူ့အလို နတ်မလိုက်နိုင်” ဆိုသလို သင့်အကြိုက်ကိုလည်း သင့်ချစ်သူက အပြည့်အဝဖြည့်ဆည်းမပေးနိုင်ပါဘူး။ ဒီအချက်ကိုလည်း လက်ခံနိုင်ရမယ်။

၁ဝ။ “မုသားမပါ လင်္ကာမချော” ဆိုသလို သင့်ချစ်သူက သင့်ကို လိမ်ပြောတာလေးတွေ ရှိချင်ရှိလိမ့်မယ်။ ကြီးကြီးမားမားအပြစ်မဟုတ်ဘူးဆိုရင် လက်ခံနိုင်ရမယ်။

၁၁။ အပြန်အလှန်ထားခဲ့တဲ့ သစ္စာကတိတွေလည်း လွဲချင်လွဲနေလိမ့်မယ်။ သစ္စာမပျက်သရွေ့တော့ ဒါကို လက်ခံနိုင်ရမယ်။

၁၂။ တစ်ခါတလေ အချစ်ရေးအဆင်မပြေမှုတွေကို ကောင်းကောင်းဖြေရှင်းနိုင်ရမယ်။

၁၃။ အချစ်ဟာပျော်ရွှင်မှုတွေကို ဖြစ်တည်စေနိုင်သလို နာကျင်မှုတွေကိုလည်း ဖြစ်ပွားလာစေပါတယ်။ ဒီအချက်ကို လက်ခံနိုင်ရမယ်။

၁၄။ အချစ်ရေး တစ်ခုရေရှည်တည်မြဲဖို့ အချစ်တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ ဒါကိုလည်း သိထားရမယ်။

တာရှည်ခိုင်မာတဲ့ အချစ်ရေးတစ်ခုတည်ဆောက်ဖို့ အချစ်တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ နားလည်လက်ခံမှုတွေ၊ သည်းခံခွင့်လွှတ်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေကို အချိုးကျပေါင်းစပ်ပြီးမှ အချစ်စစ်တစ်ခုကို တည်ဆောက်နိုင်တာပါ။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာရဲ့ ရသကို သေတပန်သက်တဆုံး ခံစားနိုင်ကြပါစေရှင်။

သင့်အမြင်လေးတွေကို comment မှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။