တစ်နှစ်အတွင်း ကျန်းမာလှပတဲ့ ပျိုမေတစ်ယောက်အဖြစ် ပြောင်းလဲလိုက်ပါ

0
68
၁။ ဇန်နဝါရီလ – ရေများများသောက်ပါ။

ရိုးရှင်းတဲ့နည်းလမ်းလေးဖြစ်ပေမဲ့ တကယ်ကို အကျိုးသက်ရောက်မှုရှိပါတယ်။ ရေများများသောက်ခြင်းက စားချင်စိတ်ကို ထိန်းချုပ်ပေးပြီး ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။ အူလမ်းကြောင်းမှာရှိတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် ဇန်နဝါရီလမှစတင်ပြီး တစ်နေ့ကို ရေ (၈)ခွက် အနည်းဆုံးသောက်ပါ။

၂။ ဖေဖော်ဝါရီလ – မနက်စာကို ဦးစားပေးပြီး ပြင်ဆင်ပါ။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာကို ပြည့်ပြည့်ဝဝ စားသုံးတဲ့သူတွေဟာ သာမန်လူတွေထက် ကိုယ်အလေးချိန်ပိုမိုထိန်းချုပ်နိုင်ပြီး ကျန်းမာရေးကောင်းမွန်တာကို တွေ့ရပါတယ်။ ဒါကြောင့် အဆီမပါတဲ့နွားနို့၊ သကြားမပါတဲ့ပေါင်မုန့်နဲ့ အဆီမပါတဲ့ ဒိန်ချဉ်တွေ၊ ချိစ်တွေကို မနက်စာအဖြစ် ပြည့်ပြည့်ဝဝ စားသုံးတတ်တဲ့အကျင့်လုပ်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ မတ်လ – အိပ်ရေးဝဝ အိပ်ပါ။

အိပ်ရေးဝဝအိပ်စက်ခြင်းက သာမန်အဖျားရောဂါတွေ၊ အအေးပတ်တာတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒီနှစ်မှာ မနှစ်ကထက်ပိုပြီး ပျော်ရွှင်ကျန်းမာတဲ့သူဖြစ်တယ်ဆိုရင် မတ်လကစပြီး တစ်ရက်မှာ အိပ်ချိန် ၇နာရီကနေ ၈နာရီအထိ သတ်မှတ်ပါ။

၎။ ဧပြီလ – အစားအသောက်မှတ်တမ်းရေးပါ။

ဘယ်အစားအစာက ကိုယ်အလေးချိန်ကျစေတယ်၊ ဘယ်အစားအစာက ကျန်းမာရေးကောင်းမွန်စေတယ်ဆိုတာကို လေ့လာပြီး မှတ်တမ်းပြုစုပါ။ ဒီလိုရေးမှတ်ခြင်းက သင့်ကို သတိပေးသလိုရှိနေပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ပုံစံဖြစ်အောင် ကူညီပေးပါလိမ့်မယ်။

၅။ မေလ – လမ်းလျှောက်ပါ။

လမ်းလျှောက်ခြင်းဆိုတာ ကရိကထမများ၊ ငွေမကုန်ဘဲ အကျိုးရှိတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။  မေလရောက်တာနဲ့ တစ်ပတ်မှာ ၅ရက်၊ တစ်ရက်မှာ အနည်းဆုံး နာရီဝက်ခန့်လမ်းလျှောက်ပေးပါ။ နောက်ပိုင်း သင်လျှောက်နိုင်သလောက် အချိန်ပေးပြီး လျှောက်ပေးပါ။ ကျန်းမာသွက်လက်ပြီး ပေါ့ပါးပျော်ရွှင်လာပါလိမ့်မယ်။

၆။ ဇွန်လ – သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ စားပါ။

ကယ်လိုရီနည်းပြီး အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအရွက်တွေက ခန္ဓာကိုယ်ကို ကျန်းမာပေါ့ပါးစေတဲ့အပြင် နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဇွန်လကနေစပြီး တစ်နေ့တာအာဟာရရဲ့ ၅ဝ%ကို အသီးအနှံတွေနဲ့ အစားထိုးလိုက်ပါ။

၇။ ဇူလိုင်လ – အစားအသာက်လျှော့စားပါ။

အစားအသောက်လျှော့စားဖို့ အလွယ်ကူဆုံးနည်းလမ်းက ထမင်းစားတဲ့အခါ ပိုသေးတဲ့ပန်းကန်နဲ့ စားဖို့ပါပဲ။ ပန်းကန်သေးသွားတဲ့အတွက် ထမင်းနည်းနည်းလေးစားရင်တောင်မှ သင့်စိတ်ထဲမှာ ဗိုက်ပြည့်သလို ခံစားနေရပါလိမ့်မယ်။

၈။ သြဂုတ်လ – သက်သက်လွတ်စားပါ။

အသားကို လုံးဝစွန့်လွှတ်ပြီး အသီးအရွက်တွေချည်းစားဖို့ ပြောတာမဟုတ်ပါဘူး။ တစ်ပတ်မှာ တစ်ရက်လောက်ပဲ သက်သက်လွတ်စားတာနဲ့ သင့်ကျန်းမာရေး ပိုမိုကောင်းမွန်လာပါလိမ့်မယ်။ ဒါ့အပြင် အသားလျှော့စားခြင်းက ကင်ဆာရောဂါတွေနဲ့ နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

၉။ စက်တင်ဘာလ – အားကစားအတူတူလုပ်မယ့် သူငယ်ချင်းတစ်ယောက် ရှာထားပါ။

ကိုယ်လက်လေ့ကျင့်ခန်းကို တစ်ယောက်တည်းလုပ်တာထက် စိတ်တူကိုယ်တူ သူငယ်ချင်းတစ်ယောက်နဲ့ အတူတူလုပ်တာက ပိုမို စိတ်ဓာတ်တက်ကြွစေပြီး ပျော်ရွှင်စေနိုင်ပါတယ်။ တစ်ယောက်ပျင်းနေရင် တစ်ယောက်က အားပေးပြီး ဆွဲခေါ်သလိုမျိုးပေါ့။

၁ဝ။ အောက်တိုဘာလ – အစားအသောက်ကို အရသာခံပြီးစားပါ။

အစားအသောက်စားပြီး ဗိုက်ဝပြီဆိုတဲ့အကြောင်းကို ဦးနှောက်ကို အသိပေးဖို့ မိနစ် ၂ဝ အချိန်ယူရပါတယ်။ ဗိုက်ဝတာကိုမသိဘဲ ပိုမိုစားသောက်မိတာမျိုးမဖြစ်အောင် အစာစားတဲ့အခါမှာ ဖြည်းဖြည်းချင်း အချိန်ယူပြီး စားသင့်ပါတယ်။ အောက်တိုဘာလကစပြီး အစားကို ဖြည်းဖြည်းချင်းစားတတ်အောင် အကျင့်လုပ်ပါ။

၁၁။ နိုဝင်ဘာလ – ဖုန်းအသုံးပြုခြင်းကို လျှော့ချပါ။

နည်းပညာတွေ၊ လူမှုကွန်ယက်တွေ လွန်ကဲစွာ အသုံးပြုခြင်းက စိတ်ကျရောဂါ၊ စိတ်ဖိစီးမှုရောဂါတွေနဲ့ အိပ်မပျော်တဲ့ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နိုဝင်ဘာလကစပြီး နည်းပညာအသုံးပြုတာတွေ၊ ဖုန်းသုံးတာတွေကို လျှော့ချပြီး ချစ်ရတဲ့သူတွေအတွက် အချိန်ပေးလိုက်ပါ။

၁၂။ ဒီဇင်ဘာလ – ထမင်းနပ်မှန်အောင်စားပါ။

အလုပ်တာဝန်တွေ၊ လူမှုရေးကိစ္စတွေကြောင့် ထမင်းစားအပျက်မခံပါနဲ့။ ထမင်းကို ပုံမှန်စားပါ။ ထမင်းနပ်မှန်အောင် မစားသောက်ခြင်းက အလွန်အမင်းဗိုက်ဆာစေပြီး လိုတာထက်ပိုပြီး စားသောက်မိစေတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ထမင်းကို ပုံမှန်စားတတ်တဲ့အကျင့်လုပ်ပါ။

ဂန္ထဝင်ပျိုမေတို့ရေ… ဒီနည်းလမ်းလေးတွေအတိုင်း လိုက်နာလုပ်ဆောင်ကြည့်လိုက်ပါ။ တစ်နှစ်အတွင်းမှာ လှပကျန်းမာပြီး လူတကာကအားကျရတဲ့ မိန်းမပျိုလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားမှာ မြေကြီးလက်ခတ်မလွဲပါပဲ။

သင့်အတွက် အသုံးတည့်တယ်ဆိုရင် SHARE လိုက်ပါ။

Leave a Reply