ကမ္ဘာ့အပျော်ဆုံးလူသား ဖြစ်ခြင်ပါသလား

0
3191

လူတွေဟာ ပျော်ရွှင်မှုကို ရှာဖွေရင်း အသက်ဆက် နေကြပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် ပျော်ရွှင်မှုအပေါ် အဓိပ္ပါယ်ခံယူပုံချင်း မတူကြပါဘူး။ တစ်ချို့တွေက ချမ်းသာပြည့်စုံစွာနေရမှ ပျော်ရွှင်တယ်။ အချို့က နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာ ပိုင်ဆိုင်ရရုံ နဲ့ ကျေနပ်ကြတယ်။ တစ်ချို့ဘဝတွေမှာတော့ ထမင်းသုံးနပ် ဝအောင်စားရရင် အတော် ပျော်ရွှင်နေကြတာပါ။ တစ်ယောက်နဲ့တစ်ယောက် ပျော်ရွှင်မှုကို အဓိပ္ပါယ်ဖွင့်ဆိုပုံချင်း မတူကြပေမဲ့ ပျော်ရွှင်မှုဆီခေါ်ဆောင်သွားနိုင်မယ့် အခြေခံအကျဆုံး အချက်(၁၂)ချက်ကို ဂန္ထဝင်မဂ္ဂဇင်းမှတစ်ဆင့် မျှဝေပေး လိုက်ရပါတယ်။

၁။ နှစ်နှစ်ကာကာ ချစ်မြတ်နိုးရမည့်သူ ရှိခြင်း

ကိုယ်က အနှိုင်းမဲ့တဲ့ မေတ္တာတွေနဲ့ ချစ်မြတ်နိုးရပြီး ကိုယ့်ကိုလဲ ထပ်တူထပ်မျှ ပြန်လည် ချစ်မြတ်နိုးနိုင်တဲ့သူ တစ်ယောက်ရှိခြင်းက ပျော်ရွှင်မှုရဲ့ အခြေခံအကျဆုံး အချက်ဖြစ်ပါတယ်။ လောကကြီးမှာ ကိုယ့်ရဲ့ ဖြစ်ပျက်သမျှ အကောင်းအဆိုးတွေကို မျှဝေခံစားပေးမယ့် သူတစ်ယောက်ရှိနေတာလောက် စိတ်ချမ်းသာစရာ ကောင်းတာ ဘယ်မှာ ရှိတော့မှာလဲ။

၂။ ကိုယ့်စိတ်ဝင်စားမှုနဲ့ ထပ်တူကျတဲ့ အသက်မွေးဝမ်းကြောင်း တစ်ခု ပိုင်ဆိုင်ခြင်း

ကျွနုပ်တို့ ဘဝရဲ့ အချိန်တော်တော်များများဟာ အလုပ်လုပ်ခြင်းနဲ့ ကုန်ဆုံးကြပါတယ်။ ဒါကြောင့် သင့်ရပ်တည်မှုအတွက် ရွေးချယ်ထားတဲ့ အလုပ်က သင်တကယ် စိတ်ဝင်စားဖို့ လိုအပ်ပါတယ်။ ဒါမှသာ နေ့စဉ် အလုပ်တာဝန်တွေကို ပျော်ရွှင်တက်ကြွစွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

၃။ စိတ်ရောကိုယ်ပါ ပေါင်းလို့ရတဲ့ အရင်းနီးဆုံး မိတ်ဆွေရှိခြင်း

သင်နဲ့ စိတ်ဝင်စားမှုတူ၊ ဝါသနာတူ သူငယ်ချင်းတစ်ယောက် အနားမှာရှိခြင်းကလည်း သင့်ဘဝရဲ့အထီးကျန်နေတဲ့ အချိန် တချို့ကို ဖြေဖျောက်ပေးနိုင်မှာပါ။ သူနဲ့အတူ လျှောက်လည်တဲ့ အချိန်၊ ခံစားချက်တွေ အချင်းချင်း ရင်ဖွင့်ကြတဲ့ အချိန်တွေဟာ သင့်ကို အဓိပ္ပါယ်ရှိနေစေပါတယ်။

၎။ ကိုယ်တစ်ကယ် စိတ်ဝင်စားတဲ့ အရာတစ်ခုရှိနေခြင်း

သင်စိတ်အားထက်သန်တဲ့ ဝါသနာတစ်ခုကို အကောင်အထည်ဖော်နေရရင် သင်ပျော်ရွှင်နေမှာ မလွဲပါဘူး။ သင်စိတ်ဝင်စားတဲ့ အရာတစ်ခုကို စိတ်ရော ကိုယ်ပါ နှစ်မြှပ် လုပ်ကိုင်လိုက်ခြင်းက စိတ်ကြည်လင်လန်းဆန်းစေပြီး သင့်ကိုယ်သင် ယုံကြည်မှု ပိုရှိစေပါတယ်။

၅။ အိပ်ရေးဝဝ အိပ်စက်ခြင်း

အိပ်ရေးမဝခြင်းက စိတ်ရောကိုယ်ပါ ထိုင်းမှိုင်းလေးလံ စေပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို (၇-၈)နာရီထိ အိပ်စက်သင့်ပါတယ်။ အိပ်ရေဝမှသာ စိတ်ကို ကြည်လင် လန်းဆန်းတက်ကြွစေမှာပါ။ စိတ်ကြည်လင်နေတဲ့ သင့် နေ့စဉ်ဘဝတွေ သာယာပျော်ရွှင်ဖို့ ဆိုတာ မဝေးတော့ပါဘူး။

၆။ မကြာခဏ စိတ်လှုပ်ရှားစရာ ခရီးထွက်ခြင်း

သင့်ဘဝကို အမြဲတမ်း ပုံသေသွားရတာမျိုး မဖြစ်ပါစေနဲ့။ ဒီလိုဆို သင်ဘဝကို ငြီးငွေ့လာပါလိမ့်မယ်။ အနည်းဆုံး တစ်ပတ်ကို တစ်ကြိမ်တော့ နေရာအသစ်အဆန်းလေးတွေသွား မခံစားဖူးတာလေးတွေ ခံစား ပျော်ရွှင်သင့်ပါတယ်။ ဒါဟာ သင့်စိတ်ကို တက်ကြွပျော်ရွှင် စေနိုင်မှာပါ။

၇။ ဘဝအတွက် ခိုင်မာတဲ့ အသက်မွေးဝမ်းကြောင်းမှု ရှိခြင်း

လူတွေဟာ လိုချင်တာမရတဲ့အခါ စိတ်မချမ်းမသာ ဖြစ်ကြတာ သဘာဝပါ။ အလိုဆန္ဒတွေ ပြည့်ဝလာတဲ့အခါ စိတ်ချမ်းသာပျော်ရွှင် ရပါတယ်။ အဲလို မိမိလိုချင်တာတွေကို ရယူနိုင်ဖို့ ငွေကအထောက်အပံ့ တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ခိုင်မာတဲ့ အသက်မွေးဝမ်းကြောင်းမှုရှိခြင်းကလည်း စိတ်ချမ်းသာ ပျော်ရွှင်ဖို့အတွက် အရေးကြီးတဲ့ အကြောင်းအရာ တစ်ခု ဖြစ်ပါတယ်။

၈။ တိကျတဲ့ ဘဝရည်မှန်းချက် ပန်းတိုင်ရှိခြင်း

ကိုယ်ချမှတ်ထားတဲ့ ပန်းတိုင်ဆီကိုရောက်အောင် လျှောက်လှမ်းနေခြင်းက ဘဝရဲ့အဓိပ္ပါယ်အရှိဆုံး အချိန်တွေပါပဲ။ သင်မျှော်မှန်းထားတာတွေ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်နိုင်လေ သင်စိတ်ပျော်ရွှင်ရလေပါပဲ။ ဒါကြောင့် ဘဝမှာ အချိန်တိုင်း ပျော်ရွှင်တက်ကြွနေဖို့ ခိုင်မာတဲ့ ရည်မှန်းချက်ပန်းတိုင် ရှိသင့်ပါတယ်။

၉။ လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်း

လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းက ခန္ဓာကိုယ်မှာရှိတဲ့ ပျော်ရွှင်တက်ကြွစေတဲ့ ဟော်မုန်းတွေကို တိုးပွားစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ် အချိုးအစားပြေပြစ်လာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိနေစေမှာပါ ။ ဒီလိုဆိုရင် သင့်နေ့စဉ်ဘဝကို သင်ကျေနပ်ပျော်ရွှင် လာမှာပါ။

၁၀။ စိတ်ညစ်နေတဲ့အချိန် အစားအသောက်ကောင်းလေးတွေ စားရင်း စကားပြောခြင်း

စိတ်ရှုပ်ထွေးနေတဲ့အချိန်တွေမှာ ကိုယ်ချစ်ရတဲ့သူနဲ့ မုန့်အတူလုပ်စားခြင်း၊ သူငယ်ချင်းတွေနဲ့ အတူ မစားဖူးတဲ့ အစားတွေ လျှောက်စားခြင်းမျိုးက သင့်စိတ်ကို ပြန်လည် လန်းဆန်းစေမှာပါ။ ကောင်းမွန်တဲ့ အစားအသောက်လေးတွေ စားသုံးရင်း ပျော်စရာ အချိန်လေးတွေဖန်တီး နိုင်ပါတယ်။

၁၁။ အရာရာ တိုင်းအပေါ် အကောင်းမြင်စိတ် ထားရှိခြင်း

အချိန်တိုင်း ကောင်းမွန်တဲ့ အတွေးလေးတွေ ရှိနေအောင် လေ့ကျင့်ပါ။ ဒါဆိုရင် သင့်စိတ်လေးတွေကြည်လင်ပြီး ဘာပဲလုပ်လုပ်အောင်မြင်လာပါလိမ့်မယ်။ ဒီိလိုသာ နေ့စဉ် ဘဝလေးတွေ သာယာပျော်ရွှင်နေမယ်ဆို သင်အချိန်တိုင်း စိတ်ချမ်းသာ ပျော်ရွှင်ဖို့ နီးစပ်နေပါပြီ။

၁၂။ ပတ်ဝန်းကျင်ကို စိတ်ကြည်နူးစွာ ခံစားပျော်ရွှင်နိုင်ခြင်း

ကမ္ဘာကြီးက သိပ်ကို သာယာလှပပါတယ်။ သင်ဘယ်လောက်ပဲ အလုပ်တွေရှုပ်နေပါစေ သင့်ပတ်ဝန်းကျင်က သဘာဝအလှလေးတွေ ခံစားပျော်ရွှင်ဖို့ မမေ့ပါနဲ့။ ဘေးနား မှာရှိတဲ့ အရာတွေအားလုံးကို အသိအမှတ်ပြု ခံစားလိုက်ပါ။ သင့်ဘဝ သာယာချမ်းမြေ့လာပါလိမ့်မယ်။

သင် လွန်ခဲ့တဲ့ နှစ်ပိုင်းဆီက အမှတ်ရစရာ အဖြစ်အပျက်လေး (၁၀) ခုလောက် ပြောပြနိုင်မလား စဉ်းစားကြည့်လိုက်ပါ။ အကယ်လို့ သင့်မှာ ပြောပြစရာ မရှိနေဘူးဆိုရင်တော့ သင်ဟာ အနာဂတ်အတွက် ကြိုတင်တွေးဆရင်း လက်ရှိအခြေအနတွေကို ပျော်ရွှင်ခံစားဖို့ မေ့လျော့နေခဲ့တာ သေချာနေပါပြီ။ ဒါကြောင့် လက်ရှိအချိန်လေးတွေကို အကောင်းဆုံး ပျော်ရွှင်ခံစားပါ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဗဟုသုတရခဲ့မယ်ဆို Share ပေးဖို့ မမေ့နဲ့နော်။