ဂန္ထဝင်သို့ အိတ်ဖွင့်ပေးစာ – (၅)

0
213

” ဂန္ထဝင်ရေ…

တစ်နေ့တစ်နေ့မှာ ထူးခြားတဲ့စာစောင်လေးတွေ တင်ဆက်ပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပထမဦးဆုံးပြောပါရစေ။ အမျိုးသမီးတွေအတွက် စိတ်ဓာတ်ခွန်အားတွေ၊ သုတ၊ရသတွေက တကယ်ကို အသုံးဝင်ပါတယ်။ ညီမဆိုရင် အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အကြံဉာဏ်လေးတွေကို message ကနေ တဆင့်မေးမြန်းဖြစ်တယ်။ စိတ်ရှည်လက်ရှည်နဲ့ အကောင်းဆုံးအဖြေတွေထုတ်ပေးတဲ့အတွက် အခုဆိုရင် လူချင်းမမြင်ဖူးပေမယ့်လည်း ဂန္ထဝင်ဝိုင်းတော်သားတွေနဲ့ ခင်မင်နေပါပြီ။

ဂန္ထဝင်တယ်လီမှာ တင်ဆက်ပေးနေတဲ့ အချစ်ရေးအကြံပေးလေးတွေကိုလည်း နှစ်သက်မိပါတယ်။ အကြံပေးချင်တာကတော့ အမျိုးသားတွေအတွက် စာစောင်လေးတွေကိုလည်း တင်ဆက်ပေးပါလို့။ ဂန္ထဝင်တယ်လီမှာ စကားပြောတာကိုလည်း နည်းနည်းနှေးပြီး အင်္ဂလိပ်စာလုံးတွေ များနေတာကို လျော့ပေးပါ။ အကြောင်းအရာတွေက အရမ်းကို စိတ်ဝင်စားစရာကောင်းပါတယ်။

ဂန္ထဝင်စာအုပ်ရောင်စုံလေးတွေကိုလည်း ကျွန်မသမီးလေးကြီးလာရင်ပေးဖတ်ဖို့ သေချာလေးစုဆောင်း သိမ်းထားပါတယ်။ ကျွန်မက သာမန်လက်လုပ်လက်စားမိသားစုက ဆိုတော့ သမီးလေးအတွက် အမွေတွေအများကြီးမပေးနိုင်ပေမယ့် စာပေအမွေလေးတွေပေးပြီး ဘဝကိုရင်ဆိုင်ကျော်ဖြတ်စေမယ်လို့ စိတ်ကူးထားပါတယ်။ ကျွန်မစာဖတ်ရတာ ကြိုက်သလို သမီးကိုလည်းစာတွေကို ချစ်တတ်အောင် ပျိုးထောင်ပေးမယ်။

ကျွန်မအတွက်အသုံးဝင်တဲ့ ဂန္ထဝင်လေးဟာ ကျွန်မသမီးအတွက်လည်း အထောက်အကူပြုပေးနိုင်ပြီး အဓွန့်ရှည်တဲ့ မဂ္ဂဇင်းလေးအဖြစ်ရပ်တည်နိုင်ပါစေ။

မနှင်းနု

ဧရာဝတီတိုင်းဒေသကြီး “