ပြည်သူချစ်တဲ့ ပရဟိတနှလုံးသားပိုင်ရှင် ပြည်သူ့ဂုဏ်ရည်ဆုရ မခင်နှင်းကြည်သာနှင့်တွေ့ဆုံခြင်း

0
110
၁။ မင်္ဂလာပါ အစ်မရေ။ အရင်ဦးဆုံးပေါ့နော်။ အစ်မရဲ့ကိုယ်ရေးအကျဉ်းလေးကို မိတ်ဆက်ပေးပါဦး။

အစ်မက ရေဆင်း၊ ပျဉ်းမနားမှာမွေးတယ်။ အခုလက်ရှိဆိုရင် အသက် ၃၂ ပေါ့နော်။ အစ်မ DVB Fix-it တစ်ယောက်တစ်လက် အစီအစဉ်မှာ presenter လုပ်တယ်။ တစ်ကိုယ်တော် ပရဟိတ သမားများကွန်ရက်ကို ထူထောင်ထားတယ်။ ဥက္ကဌအဖြစ်နဲ့ တာဝန်ယူထားတယ်။ အစ်မမိသားစုနဲ့ အတူ စမ်းချောင်းမှာနေတယ်။

၂။ အစ်မရဲ့ကျေးဇူးရှင်မိဘနှစ်ပါးအကြောင်းကိုလည်း ပြောပြပေးပါဦး။

အစ်မဖေဖေက စာရေးဆရာကြည်မင်း၊ အပြင်နာမည်ကတော့ ဒေါက်တာမောင်မောင်စန်းပေါ့နော်။ မေမေကတော့ ဒေါက်တာခင်လှလှ။ ဖေဖေနဲ့ မေမေက တိမွေးကုတက္ကသိုလ်က အငြိမ်းစားတွေ။ ရန်ကုန်မှာပဲ စမ်းချောင်းမှာပဲ မိသားစုအတူတူနေတယ်။

၃။ အစ်မအနေနဲ့ ပရဟိတကိုကော ဘယ်လိုအကြောင်းနဲ့စပြီး လုပ်ဖြစ်ခဲ့တာလဲ။ တစ်ကိုယ်တော် ပရဟိတဖြစ်လာတဲ့ အကြောင်းရင်းလေးသိပါရစေ။

စိတ်ထဲမှာ စိတ်ထိခိုက်စရာတွေကြုံလို့ သူများကို ကူညီခဲ့တာဆိုတာမျိုးမဟုတ်ဘူးပေါ့နော်။ အစ်မအတွက်ကကျတော့။ အစ်မက သူများကိုကူညီရတာကိုက အစ်မအတွက် နေရေးထိုင်ရေး အဆင်ပြေသလိုပဲ။ ဒီအရာလေးစားလိုက်ရမှ အဆင်ပြေသလိုမျိုး၊ ဒီအသံလေးကြားလိုက်ရမှ နေရတာအဆင်ပြေသလိုမျိုးပေါ့နော်။ အစ်မအတွက်ကလည်းလေ သူများကို ကူညီရတာက အစ်မအတွက် ပိုပြီးနေကောင်းစေတယ်။ ပျော်တယ်ပေါ့။ အဲ့ဒါကြောင့် အစ်မက စလုပ်ဖြစ်တာ။ ဘယ်တုန်းက စလုပ်ခဲ့တယ်ဆိုတာ မဟုတ်ဘူး။ အစ်မက ကျောင်းတက်တဲ့ ဒုတိယနှစ်လောက်ကတည်းက အစ်မမုန့်ဖိုးလေးတွေနဲ့ ကလေးတွေကို ကျောင်းထားတယ်။ စာအုပ်စာတမ်း၊ ဗလာစာအုပ်လေးတွေ ဝယ်ပေးခဲ့တယ်ပေါ့နော်။ အဲ့အချိန်ကတည်းက သူတို့တွေကျောင်းပြီးသွားတဲ့အထိ အစ်မတို့တွေ အတူတူကျောင်းတက်ကြတယ်လို့ပဲပြောရမှာပေါ့။ ကလေးတွေလည်း ကျောင်းတက်၊ အစ်မတို့လည်း ကျောင်းတက်ပေါ့နော်။ သူတို့ကျောင်းပြီးသွားကြတယ်။ ကျောင်းပြီးသွားကြတဲ့အခါကျတော့ သူတို့ကို အကြောင်းပြုပြီးတော့ သူတို့ပတ်ဝန်းကျင်မှာရှိနေတဲ့ကလေးတွေကို သူတို့နဲ့တွဲပြီးတော့ စိတ်ပူနေတာပေါ့။ အစ်မက သူတို့ကို ကူညီတယ်။ သူတို့က ကျောင်းပြီးသွားတဲ့အခါကျတော့ သူတို့လိုပဲ အဆင်မပြေတဲ့ကလေးတွေကို ကူညီတယ်။ အဲ့ဒီမှာ အစ်မကို သူတို့ပြန်ပြီးတော့ အားကိုးကြတယ်ပေါ့နော်။ အစ်မရေ ဒီမှာ ဒီလိုရှိတယ်။ အဲ့ဒါဆိုဟုတ်ပြီ။ အစ်မက ဒီလိုကူညီမယ်။ သူတို့ကနေ တစ်ဆင့်။ အဲ့လိုမျိုးလေးတွေကနေ တဖြည်းဖြည်းနဲ့ များများလာတယ်။ အဲ့ဒီဟာလေးတွေကနေ အစ်မ စလုပ်ဖြစ်သွားတယ်။

၎။ အဲ့ဒီကလေးတွေက မိဘမဲ့လား။ ဒါမှမဟုတ် ဘယ်လိုအခြေအနေမျိုးတွေနဲ့ ရှိလဲ အစ်မ။

မိဘမဲ့လေးတွေ။ သူတို့အဖေနဲ့ အမေက ရုတ်တရက်ဆုံးသွားတယ်။ ညီအစ်ကို ၃ ယောက်ရှိတယ်။ အဖေနဲ့အမေ ရုတ်တရက်ဆုံးသွားတော့ သူတို့တွေ ကျောင်းဆက်မတက်နိုင်ဘူး။ ကလေးတွေ ၃ ယောက်က အဒေါ်တွေနဲ့သွားပေါင်းနေရတဲ့အခါကျတော့ အဒေါ်တွေက ဒီကလေး ၃ ယောက်စလုံးကို ကျောင်းမထားနိုင်ဘူး။ ကလေးတွေ အကုန်လုံးက ၇၊ ၈၊ ၉၊ ၁ဝ ဆိုတော့ အကုန် လုံးကို ကျောင်းမထားနိုင်ဘူး။ မထားနိုင်တဲ့အခါကျတော့ “ငါတို့မထားနိုင်ဘူး။ မင်းတို့ဘာသာကြိုက်တဲ့ နေရာတက်” ပေါ့။ ကလေးတွေက ကျောင်းတက်နိုင်တယ်။ နေ့တိုင်းထမင်းဘူး၊ ဗလာစာအုပ်ဘာညာ သူတို့မတတ်နိုင်ဘူး။ မတတ်နိုင်တဲ့အခါကျတော့ အဆင့်ဆင့် အကူအညီတောင်းရာကနေ အစ်မဆီ ရောက်လာတယ်ပေါ့။ သူတို့ကုန်ကျစရိတ်ကိုကြည့်တော့ ဗလာစာအုပ်ဆိုတော့ အိုကေ ငါလည်း ဗလာ စာအုပ်ကုန်တာပဲ။ အဖေနဲ့အမေကလည်း ငါ့ကို ဗလာစာအုပ်ဝယ်ပေးနေတာပဲ။ အဲ့တော့ ငါရတဲ့ဗလာ စာအုပ်တွေထဲကနေ သူတို့ကို ဗလာစာအုပ်ခွဲပေးမယ်။ ငါ ရတဲ့ကျောင်းမုန့်ဖိုးထဲကနေ သူတို့ကိုခွဲပေး မယ်။ သူတို့လည်း ဆင်းဆင်းရဲရဲကျောင်းတက်ရတယ်။ ကိုယ်လည်း ဆင်းဆင်းရဲရဲကျောင်းတက်ရ တယ်။ ချို့ချို့တဲ့တဲ့ပေါ့နော်။ သီးသန့်ကြီးလုပ်ခဲ့တာမျိုးမဟုတ်ဘူး။ ကိုယ်ရှိနေတဲ့ထဲကနေ ခွဲပြီးတော့ တူတူရုန်းကန်လာကြတဲ့သဘောပါပဲ။

၅။ ဒီတစ်ကိုယ်တော် ပရဟိတကွန်ရက်လုပ်နေရင်းကနေ အစ်မအနေနဲ့ ဘယ်လိုအခက်အခဲတွေကြုံရ လဲ။ အဲ့ဒီအခက်အခဲတွေကို ဘယ်လိုစိတ်ဓာတ်ခွန်အားတွေနဲ့ ရင်ဆိုင်လဲဆိုတာလေးလည်း ပြောပြပေး ပါဦး။

အခက်အခဲတွေကတော့ အများကြီးပဲ။  ဘယ်လိုပြောမလဲ။ တစ်ခါတရံကျတော့ အစ်မတို့ က ကိုယ်လုပ်ချင်လို့လုပ်နေတာလေနော်။ ကိုယ်လုပ်ချင်လို့ လုပ်နေတာ။ ဘယ်သူကမှ ခိုင်းထားတာ လည်း မဟုတ်ဘူး။ ဘယ်သူကမှ ဒါလုပ်ပါလို့လည်း တိုက်တွန်းထားတာမဟုတ်ဘူးဆိုတော့။ အစ်မတို့ စိတ်ကိုက ဒါလုပ်မှ  ဒါလုပ်တာက ငါ့အတွက် ကိုယ့်ရဲ့အမှတ်သင်္ကေတ၊ ကိုယ့်ရဲ့ပြဌာန်းချက်က ဒါလို့ ခံယူထားတာကြောင့် ဒါလုပ်တယ်ပေါ့နော်။ ဆိုတော့ အခက်အခဲတွေကြုံတဲ့အခါ ဒါ အခက်အခဲရယ်လို့ အစ်မတို့က မတွေးဘူး။ ကျွန်မတို့ထမင်းစားတဲ့အခါကျတော့ အရိုးစူးမှာပဲလေ။ အဲ့တော့ အရိုးမစူးချင် ရင် ထမင်းမစားနဲ့ပေါ့။ တကယ်တမ်းက အစ်မတို့ထမင်းစားမှာပဲ။ အရိုးစူးမှာကို အစ်မတို့ ဂရုမစိုက်ဘူး ပေါ့။ အရိုးစူးတာကို အခက်အခဲလို့ ထမင်းစားတဲ့သူတွေက တစ်ခါမှ မမြင်ကြဘူးပေါ့။ အစ်မလည်း ဘာတွေကြုံရလဲဆိုတော့ တစ်ခါတရံကျရင် ရာသီဥတုတွေ အရမ်းအေးတာမျိုး ပေါ့နော်။ အရမ်းအေးတာနဲ့ အစ်မက အအေးမခံနိုင်ဘူး။ တစ်ခါတရံ ရာသီဥတုက လူတွေနဲ့ညှိရတာ ခက်တယ်။ အဓိကက လူတွေနဲ့ပတ်သက်တာပဲ။ အလှူရှင်တွေရှိတယ်။ ဒေသထဲက လူတွေရှိတယ်။ ညှိရတာခက်တယ်။ အလှူရှင်တွေဖြစ်စေချင်တာက တစ်မျိုး၊ ခမ်းခမ်းနားနားကြီး ဘယ်လိုမှဖြစ်စေ ချင်တယ်။ ဒေသထဲမှာကျတော့ အဲ့ဒါမျိုးတွေလုပ်ရတာခက်တယ်။ အစ်မတို့ အဲ့ဒါတွေ ညှိနှိုင်းရတယ်။ တစ်ခါတလေ အစ်မတို့ဖြစ်စေချင်တာက ကုန်ကျစရိတ်တွေက ဒီလိုလုပ်လိုက်ရင် ပိုသက်သာတယ်။ ဒါပေမဲ့ မဟုတ်ဘူး။ ဒေသကကျတော့ ဒီလိုလေးတွေလုပ်လိုက်တာက သူတို့အတွက် အကျိုးအမြတ်တစ်ခုခုရှိမယ်။ ဒါပေမဲ့ ပြန်တွေးကြည့်တော့လည်း နေ့တစ်ဓူဝ တစ်နေ့လုပ်မှ တစ်နေ့စားရမယ့်လူတွေကိုပဲ အစ်မတို့ကဟာ သူများကိုကူညီမယ်ဆိုပေမဲ့ အခမဲ့ဆိုရင် သူတို့မိသားစုတစ်စုလုံးထမင်းငတ်မှာ။ အဲ့လိုမျိုး အစ်မတို့က အဲ့ဒါတွေ ဝင်ပြီးတော့ ညှိနှိုင်းရတဲ့အခါမှာ စကားတွေအများကြီးပြောရတယ်။ ဆိုတော့ လုပ်ရကိုင်ရတာ၊ သွားရလာရတာ အရမ်းမခက်ခဲဘူး။ အဲ့ဒီလူတွေနဲ့ ညှိနှိုင်းရတာ အရမ်းခက်ခဲတယ်။ ဒါတွေကတော့ အစ်မတို့ အစကတည်းကနေ အခု ချိန်ထိ ကြုံရတဲ့အခက်အခဲပဲ။

၆။ အဲ့လိုကျတော့ ညှိနှိုင်းတဲ့အခါ အစ်မအနေနဲ့ ဘယ်လိုနည်းလမ်းတွေကို အသုံးပြုလဲ။

“ ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ” ပေါ့နော်။ အစ်မတို့ ဒေသတွေ အများကြီးသွားရတဲ့ အခါ ဒေသတွေထဲဖြစ်ရတဲ့ကြုံရတဲ့ကိစ္စတွေက မတူကြတော့ဘူးပေါ့နော်။ မတူကြတော့တဲ့အခါကျ တော့ ဒေသတွေထဲမှာ သူတို့နဲ့အတူသွားနေလိုက်ကြတယ်။ တစ်ပတ်နှစ်ပတ် အဲ့လိုမျိုးသွားနေ လိုက်တဲ့အခါကျတော့ သူတို့တွေရဲ့တကယ်အခက်အခဲတွေကို ကိုယ်ကသိလာတယ်။ သိလာတဲ့အခါ ကျတော့ အစ်မတို့ ကိုယ်ချင်းစာတယ်။ အစ်မတို့လို ပရဟိတသမားတွေအတွက် အဓိကက ကိုယ်ချင်း စာစိတ်ပဲ။ သူတို့နေရာမှာ ငါသာဆိုရင်ဆိုတဲ့စိတ်မျိုးပေါ့နော်။ ငါက ပိုက်ဆံပေးထားတာပဲ၊ ငါက ကူညီ တာပဲဆိုတဲ့စိတ်နဲ့ အထက်စီးကနေ ဒါ လုပ်ကိုလုပ်ရမယ်။ ဒီလိုလုပ်ကိုလုပ်ရမယ်။ ဒါ  အလကားလုပ် ပေးရမယ်၊ အခမဲ့လုပ်ရမယ်ဆိုတာမျိုး သွားပြောလို့မရဘူး။ သူတို့မှာ သူတို့ရပ်တည်ချက်ရှိတယ်။ သူတို့အဆင်မပြေတုန်းကတော့ ကူညီတာ။ သူတို့အဆင်မပြေတာတွေကို နားလည်ပေးနိုင်သလိုပဲ။ ဆိုတော့ ထဲထဲဝင်ဝင်သွားနေလိုက်တဲ့အခါမှာ သူတို့အဆင်မပြေတာတွေက အများကြီး အစ်မတို့က ကြုံရတယ်တွေ့ရတယ်။ အဲ့တော့ အလှူရှင်တွေနဲ့ အစ်မတို့က ပြန်ညှိနှိုင်းရတယ်။ ဒီလိုလေးတော့ ရှိတယ်။ ဒီလိုလေးတော့ ဈေးလျှော့မှရမယ်။ တကယ်လို့ အလှူရှင်တွေဘက်က မလျှော့နိုင်ဘူးဆိုရင် အဲ့ဒီ လိုနေတဲ့အပိုင်းကို အစ်မတို့ဘက်က အချိန်မရွေးပံ့ပိုးနိုင်အောင်၊ အချိန်မရွေးကူညီနိုင်အောင် အစ်မတို့ဘက်က ပြင်ထားရတယ်။

၇။ ဒီပေါ့နော်… ပရဟိတလုပ်တဲ့အချိန်မှာပေါ့နော်။ အဖွဲ့အစည်းအလိုက် သူ့ရည်ရွယ်ချက် အမျိုးမျိုးရှိ ကြတယ်လေ။ အစ်မတို့ရဲ့ အဓိကရည်ရွယ်ချက်ကကော ဘာဖြစ်မလဲအစ်မ။  

အစ်မတို့ကွန်ရက်ကြီးတစ်ခုလုံးရဲ့ ရည်ရွယ်ချက်ကကျတော့ လူတိုင်းလူတိုင်းဟာ ကိုယ့်ဒေသ ကိုယ် ပြန်ပြီးဦးဆောင်နိုင်ဖို့ပဲ။ ဒေသထဲမှာလည်း ဦးဆောင်နိုင်တဲ့သူတွေရှိတယ်။ တကယ်လုပ်နိုင်တဲ့ သူတွေရှိတယ်။ အဲ့ဒီလူတွေကို ကိုယ့်ဒေသကိုယ်ဖွံ့ဖြိုးအောင် ဘယ်လိုလုပ်ရသလဲဆိုတာ နားလည်ဖို့  နည်းလမ်းတွေပေးဖို့လည်း အရေးကြီးတယ်လို့ အစ်မက မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ်မတို့ ဘယ်လောက်ကူညီနိုင်မလဲ။ နောက်တစ်ခုက ဒေသတစ်ခုကို အစ်မတို့က ဘယ်လောက်ကူညီနိုင်မ လဲ။ ကလေးလေးကို ခါးထစ်ခွင်ချည်ထားရုံနဲ့ အစ်မတို့က ရေရှည်အဆင်မပြေနိုင်ဘူး။ ဒီကလေးတစ်ယောက်ကို အစ်မတို့က လမ်းလျှောက်သင်ပေးသင့်ချိန်မှာ လမ်းလျှောက်သင်ပေးရမယ်။ ကိုယ့်ကျောပိုးအိတ်ကိုယ်လွယ်ပြီး ကျောင်းသွားနိုင်မှ ကိုယ့်ပညာကိုယ်သင်ဖို့ ထူးထူးချွန်ချွန် ကြိုးစား  နိုင်ပြီဆိုမှ အဲ့ကလေးတစ်ယောက်ကို အစ်မ တို့က စိတ်ချရပြီပြောရမှာ။ ဆိုတော့ ဒေသတိုင်း ဒေသ တိုင်းမှာ အဲ့ဒါအရေးကြီးတယ်။ အစ်မတို့ ဒေသတွေကို ကူညီတယ်ဆိုတာက ဒေသလိုနေလို့ အစ်မတို့ က တောင်းကူညီတာ မဟုတ်ဘူး။ ဒေသထဲမှာ အဲ့ဒီဒေသကို တကယ်ဖွံ့ဖြိုးအောင်လုပ်နိုင်တဲ့ အဖွဲ့အစည်းရှိတယ်ဆိုရင် အဲ့ဒီဒေသကို အစ်မတို့ အရောက်သွားတယ်။ ရောက်သွားတယ်။ အဲ့ဒီ အဖွဲ့အစည်းနဲ့ အစ်မတို့တွေ့တယ်။ အစ်မတို့ ကွန်ရက်ဆိုတဲ့ သဘောတရားက အဲ့လိုပဲ။ အစ်မတို့ ကွန်ရက်မှာ ကွန်ရက်ဝင် ၇ ယောက်ပဲရှိတာ။ အဲ့ဒီ ကွန်ရက်ဝင် ၇ ယောက်က ဘယ်သူ တွေက ဒေသ၊ ကိုယ့်ဒေသကို ဖွံ့ဖြိုးစေချင်စိတ်ရှိလဲ။ တကယ် ဘယ်သူတွေလုပ်နေလဲဆိုတာ အစ်မတို့ အမြဲတမ်းရှာတယ်။ ရှာပြီးတော့မှတွေ့ရင် အဲ့ဒီလူနဲ့ အရင်ဆုံးချိတ်ဆက်တယ်။ ချိတ်ဆက်ပြီး သူတို့ဘာလုပ်ချင်သလဲ၊ အဲ့ဒီလုပ်တဲ့အလုပ်က ဒီဒေသမှာ တကယ်အကျိုးရှိမှာလား။ တကယ် ဖွံ့ဖြိုးမှာလား။ လူတွေတကယ်ပါလာမှာလား။ အဲ့ဒါ အစ်မတို့ကြည့်တယ်။ တကယ်ဟုတ်တယ်ဆိုရင် အဲ့ဒီအဖွဲ့နဲ့ အစ်မတို့ချိတ်တယ်။  သူတို့လုပ်ချင်တဲ့အရာတွေအတွက် နောက်ကနေတွန်းပေးတယ်။ တကယ်လုပ်တာက ဒေသကအဖွဲ့ပဲ။ အဲ့တော့ သူတို့တွေက လုပ်ချင်တယ်။ လုပ်ဖို့လည်း ငွေအင်အားမရှိဘူး။ တကယ်ထိရောက်တဲ့နည်းလမ်းလည်းဖြစ်တယ်ဆိုရင် အစ်မတို့က အလှူရှင်တွေနဲ့ ချိတ်ဆက်တယ်။ ပြီးရင် အစ်မတို့က အဲ့ဒီအလှူငွေတွေကို ပံ့ပိုးပေးတယ်။ သူတို့တွေက တကယ်ဖော်ဆောင်တယ်။ ပြီးတဲ့အခါကျတော့ ဒီအလှူတစ်ခုတည်း ဒေသထဲမှာ ဖွံ့ဖြိုးရေးတွေ ဘယ်လိုလုပ်ရလဲဆိုတာတွေ နည်းစနစ်တွေကို သူတို့မြင်သွားတဲ့အခါမှာ နောက်ဆုံး သူတို့ဟာနဲ့သူတို့ တင်ဒါကို သူတို့ဘာသာ ဦးဆောင်ပြီးတော့ လုပ်ကြတယ်။ ပြီးရင် လုပ်တယ်ဆိုတဲ့နေရာမှာလည်း အစ်မတို့က ရေကန်တစ်ကန်ဆောက်တယ်ဆိုရင် ဘယ်လိုဆောက်ရသလဲဆိုတာကို ဒေသခံတွေနဲ့ပါ တစ်ခါတည်းတွဲပြီးတော့ ပူးတွဲလုပ်ကြတယ်။ ဒေသခံတွေ အကုန်လုံးနားလည်သွားကြတယ်။ အဲ့ဒီတော့ သူတို့တွေရဲ့အသက်မွေးဝမ်းကျောင်းကလည်း အဲ့ဒီဟာက အဆင်ပြေသွားတယ်။ နောက်တစ်ခုက စည်းလုံးပူးပေါင်းမှုပေါ့နော်။ ပူးပေါင်းလိုက်တဲ့အခါကျရင် ကုန်ကျစရိတ်လည်းနည်းတယ်။ ဒေသအတွက် ဖွံ့ဖြိုးမှုအတွက် ဒီဟာတစ်ခုရသွားတယ်။  နောက်ဆက်တွဲကိစ္စတွေမှာ အစ်မတို့ ပါစရာမလိုတော့ဘူး။ သူ့ဟာသူဖြစ်သွားတယ်။ အလှူရှင်တွေနဲ့လည်း သူတို့ဘာသာချိတ်ဆက်ပြီးတော့ လုပ်ကြတယ်။ အဲ့ဒါ မျိုးနဲ့ အစ်မတို့က သွားတာ။ အဓိကကတော့ ကိုယ့်ဒေသကိုယ် ကိုယ်တိုင်ပြန်ဦးဆောင်ပြီးလုပ်တာပေါ့။

၈။ ဝေးလံတဲ့ဒေသတွေသွားတဲ့အခါမှာကော အစ်မအနေနဲ့ ရင်ထဲမှာကျန်နေတဲ့ အမှတ်တရ တစ်ခုခုဆိုလို့ရှိရင် ဘာဖြစ်မလဲ အစ်မ။

ဝေးလံတဲ့ဒေသတွေမှာဆိုရင် ရင်ဘတ်ထဲမှာ အမြဲတမ်းနာရတာတွေက အများကြီးရှိတယ်။ အထူးသဖြင့် သိပ်ခေါင်တဲ့ဒေသတွေဆိုရင် လူမျိုးခြားတွေရှိနေတယ်။ လူမျိုးခြားတွေဆိုတာ ဘာသာခြားတွေ ရှိနေတယ်။ အဲ့ဒီလူမျိုးခြားတွေ၊ ဘာသာခြားတွေက သူတို့ဒေသမှာ ရှိနေတဲ့ သယံဇာတတွေကို အတိုင်းထက်အလွန် ထုတ်နေကြတယ်။ အဲ့ဒါကို သူတို့နားမလည်ဘူး။ ထမင်းလေးစားရရင်ပြီးရော ဝင်ကူနေကြတယ်။ တကယ်တမ်းကျတော့ ကိုယ့်ရဲ့သယံဇာတကို ကိုယ်ကာကွယ်ပြီးတော့ ကိုယ့်ဟာကိုယ် ကုန်ချောအဖြစ်ထုတ်နိုင်အောင် သူတို့ဒေသက အများကြီးအဆင်ပြေတယ်။ ဒါပေမဲ့ အဲ့ဒီနည်းပညာတွေ သူတို့မှာ မရှိဘူး။ ပညာမရှိဘူး။ ပညာအရမ်းအားနည်းတယ်။ နောက်တစ်ခုက အစ်မတို့ ဝေးလံသိပ်ခေါင်သီတဲ့ဒေသတွေမှာဆိုရင် စာသင်ကျောင်းတော့ရှိတယ်။ ဒါပေမဲ့ အဲ့ဒါက လေးတန်းထက်ပိုမရှိဘူး။ လေးတန်းထက်ပိုမရှိတဲ့အခါ ကလေးတွေက လေးတန်းပဲအောင်တယ်။ လေးတန်းအောင်တဲ့ကလေးတစ်ယောက်က ဘာမှလုပ်မရဘူး။ လေးတန်းအောင်တဲ့ကလေးတစ် ယာက်ကလည်း စာအုပ်တစ်အုပ်ကို ပြီးအောင်ဖတ်နိုင်တဲ့ဟာမရှိဘူး။ ဖတ်ပြီးရင်လည်း သူ့မှာက ဒီထက်ပိုပြီး တွေးနိုင်ဖို့ဆိုတာ နည်းတယ်။ အထူးသဖြင့် တောရပ်တွေမှာ၊ အရမ်းသိပ်ခေါင်တဲ့ဒေသတွေမှာဆိုရင် မြို့ပေါ်ကကလေး လေးတန်းအောင်တာက စိတ်ချရတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ဟိုးသိပ်ခေါင်တဲ့ဒေသတွေက ကလေးတစ်ယောက် လေးတန်းအောင်တယ်ဆိုတာ စိတ်ချလို့ရတယ်လို့ အစ်မတို့က ပြောလို့မရဘူး။ ဆိုတော့ တောရပ်ဒေသတွေမှာ စာသင်ကျောင်းတော့ရှိတယ်။ ဒါပေမဲ့ လေးတန်းထက် ပိုမရှိဘူး။ အဲ့ကလေးတွေဟာ လေးတန်းအောင်ပြီးတဲ့နောက် သုံးလေးငါးနာရီလောက်ကို လမ်းလျှောက်နိုင်ရင် လျှောက်၊ မလျှောက်နိုင်ရင် သူ့ပညာရေးဆုံးခန်းတိုင်သွားပြီ။ ဆိုတော့ အဲ့ဒါတွေကို အစ်မတို့က ကြုံရတယ်။ စာသင်ကျောင်းတွေသာ အရေအတွက်ရှိတယ်။ စာသင်ကျောင်းတွေက တကယ်အထက်တန်းအဆင့်ထိ တကယ့်ပညာတတ်တွေမွေးထုတ်နိုင်ဖို့လောက်အထိ သူတို့မှာ အရည်အချင်းမရှိနိုင်သေးတဲ့အခါကျတော့ အဲ့ဒီကျောင်းထွက်နှုန်းတွေက စိတ်မကောင်းစရာကြီး။ ဆိုတော့ အဲ့ဒီဟာကြီးကို အစ်မတို့ကလည်း ဘာမှမလုပ်ပေးနိုင်ဘူး။ မလုပ်ပေးနိုင်ဘူး။ စာသင်ကျောင်း လေးတန်းကနေ ၅ တန်း၊ ၆ တန်း၊ ၇ တန်းဆိုတာ ဖွင့်ဖို့အတွက်ကျတော့ အများကြီးလိုတယ်။ အခုပြောသလို တည်ဆောက်ရတာ။ နောက်ထပ်စာသင်ကျောင်းတွေ ထပ်ဆောက်ရတယ်။ စာသင်ကျောင်းဆောက်ရတဲ့စရိတ်က အနည်းဆုံးသိန်း ၁ဝဝ လောက်ရှိတယ်။ အဲ့ဒါကြီးကို အစ်မတို့ အမြဲတမ်းမတတ်နိုင်ဘူး။ မတတ်နိုင်တဲ့အခါကျတော့ ကိုယ့်မျက်စိရှေ့မှာ မြင်နေပြီးတော့ ဒီအတိုင်းထားရစ်ခဲ့ရတာတွေရှိတယ်။ တစ်ခါတရံကျရင် ကိုယ်နဲ့ခင်ရာမင်ရာ အသိုင်းအဝိုင်းတွေ ရှိတယ်ဆိုရင်တော့ “ဆရာမရေ ဒီနယ်မှာ ဒီလိုရှိတယ်။ ကူညီပေးပါဦး။ ကျွန်မခေါ်သွားပါမယ်။ လိုက်ခဲ့ပါ” ပေါ့။ အဲ့ဒါမျိုးတွေလုပ်ရတယ်။ အဲ့ဒါတွေမြင်ရက်နဲ့ ထားရစ်ခဲ့ရတာ။ အဓိကက ပညာရေးပေါ့။ ပညာရေးသိပ်အားနည်းလွန်းတဲ့အခါ အဲ့လိုသယံဇာတတွေ အတိုင်းထက်အလွန်တွေ ထုတ်နေကြတယ်။ တစ်ခါတရံ သူတို့ထုတ်နေတဲ့သယံဇာတတွေကြောင့် ဒေသကလူတွေ ကျန်းမာရေးချို့တဲ့နေကြတာကို မြင်နေရတယ်။ ဒါကို သူတို့မသိကြဘူး။ သူတို့မသိဘူး။ သိပေမဲ့လည်း သူတို့မှာ တခြားရွေးချယ်စရာဘာမှမရှိဘူး။ ဒီလုပ်ငန်းတွေမှာ ဝင်ကူပြီးတော့ ကူထုတ်ရတာ။ နိုင်ငံတော်အခွန်မဆောင်ဘာမဆောင်နဲ့ ထုတ်နေတဲ့ပစ္စည်းတွေကို သူတို့က ဝင်ထုတ်နေရတာ။ ဝင်ပြီးတော့ လုပ်နေရတယ်။ မတတ်နိုင်ဘူး။ သူတို့လက်ထဲ ပိုက်ဆံမရှိဘူး။

၉။ ပြီးတော့ သတင်းမီဒီယာလောကထဲ အစ်မဖြတ်သန်းခဲ့တဲ့အဖြစ်ပေါ့။ သတင်းထောက်အဖြစ်ကော အယ်ဒီတာအဖြစ်ကော ဝင်လုပ်ခဲ့တယ်ပေါ့။ အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့လည်း အမှတ်တရပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ် ကြုံလာခဲ့တဲ့အခက်အခဲပဲဖြစ်ဖြစ် ပြောပြပေးပါဦး။

မီဒီယာလုပ်ငန်းထဲကိုကျတော့ အစ်မက ငယ်ငယ်ကတည်းက စာရေးချင်တဲ့သူ။ နောက်တစ်ခု က လူတွေကို ပိုပြီးတော့ ငါလုပ်နိုင်တာတွေ ဘာရှိသေးလဲပေါ့နော်။ ငါလုပ်နိုင်တဲ့အရာနဲ့ လူတွေကို ငါ ဘယ်လောက်ကူညီနိုင်မလဲပေါ့။ ဆိုပြီးတော့ အဲ့ဒီမှာ အစ်မရဲ့အစ်မက မီဒီယာထဲဝင်တော့ သူကလည်း ခေါ်တယ်။ နင်ဝင်လာခဲ့ပါလားပေါ့။ ဘယ်လိုစာရေးချင်တာလဲပေါ့။ အဲ့ဒါနဲ့ အစ်မ ပထမဆုံး weekly မှာဝင်ပြီးတော့ အပတ်စဉ်ဆောင်းပါးတွေ စရေးဖြစ်တယ်ပေါ့နော်။ အဓိကကတော့ လူတွေရဲ့ life ပေါ့နော်။ အဘွားကြီးတွေအကြောင်း၊ လမ်းဘေးက ဘဝတွေအကြောင်း ရေးတဲ့အခါမှာ လူတွေရဲ့တုံ့ပြန်မှုက မတူဘူးပေါ့နော်။ သူတို့ကို ကိုယ်က နားလည်လာတယ်။ သူတို့တွေကို ကူညီရမယ်ဆိုတာ နားလည်လာတယ်ပေါ့နော်။ ဒါ မီဒီယာထဲကို ဝင်သွားရတဲ့ ပထမဦးဆုံးရောက်လာတဲ့ ပျော်စရာတွေ၊ ကြည်နူးစရာတွေပေါ့နော်။ အစ်မ ကွန်ရက်ကို စထောင်ဖြစ်တာကလည်း မီဒီယာထဲကိုဝင်ပြီး ဆောင်းပါးတစ်ပုဒ်ရေးလိုက်တာကစပြီး ကွန်ရက်ကြီးကို စထောင်ဖြစ်လိုက်တာမျိုးတွေဖြစ်လာတယ်။ ကြုံရတာက ဘာတွေကြုံရလဲဆိုတော့ သတင်း သမားဆိုတာက သတင်းနဲ့ ပတ်သက်လို့တော့ ရေးရမှာပဲ။ ဖြစ်နေရင် ဖြစ်နေတာကို ရေးရမှာပဲ။ ဆိုတော့ အစ်မ ၂ဝ၁၁ လောက်ကထင်တယ်။ အစ်မ သတင်းတစ်ပုဒ်ကို ရေးတယ်။ စက်ရုံ ကနေစွန့်ထုတ်လိုက်တဲ့ စွန့်ပစ်ပစ္စည်းတွေအကြောင်း။ လူတွေသောက်နေတဲ့ ချောင်းတွေ၊ မြောင်းတွေထဲကို ထုတ်လိုက်တယ်။ အဲ့ဒီရေတွေကြောင့် လူတွေက ကျန်းမာရေးတွေ ဒုက္ခရောက် ကြတယ်။ ဆိုတော့ အစ်မ လူတွေနဲ့ပတ်သက်လို့ သူတို့တွေရဲ့ကုတ်တွေ၊ ဆရာဝန်တွေရဲ့ ကုတ်တွေ၊ ဒေသအာဏာပိုင်တွေရဲ့ ကုတ်တွေ၊ စက်ရုံဘက်ကတော့ contact မရဘူး။ မရဘူး။ ဒီဟာကို သူတို့ဘက်က ပြန်ပြီးတော့ မဖြေနိုင်ဘူးပေါ့။ မဖြေနိုင်ဘူးလို့ သူတို့ဘက်ကနေပြောတယ်။ အဲ့တော့ အစ်မရေးလိုက်တယ်။ အဲ့ဒီအတွက် အစ်မကို သူတို့ တရားစွဲဖို့ ကြိုးစားကြတယ်။ ဒါတွေတော့ အမြဲတမ်းကြုံရတယ်။ မီဒီယာသမားတွေအတွက်တော့ ဒါတွေက မဆန်းဘူးပေါ့နော်။ ဆိုတော့ အစ်မတို့ကျော်ဖြတ်ခဲ့ရတယ်။ အဓိကကတော့ အစ်မတို့က အဲ့ဒီကတည်းကကိစ္စတွေက အခုချိန်ထိ လည်း ကြုံနေရတုန်းပဲ။ ကြုံနေရတုန်းပဲဆိုတာက တရားစွဲတာတွေကို ပြောတာမဟုတ်ဘူး။ လူတွေ အပေါ်မှာ ဒီလိုမျိုးမတရားသဖြင့် စွန့်ထုတ်နေတဲ့ပစ္စည်းတွေကြောင့် ထိခိုက်နေတာတွေက ဒီနေ့ထက် ထိရှိနေကြတုန်းပဲ။ ဒါတွေကိုလည်း အစ်မတို့ မေ့ထားပစ်လို့မရဘူး။ အစ်မတို့ မီဒီယာသမားလုပ်ရတဲ့ အခါမှာ အဲ့ဒါတွေအတွက်တော့ ကိုယ့်ကိုယ်ကို အမြဲကျေနပ်ရတယ်။ ကာကွယ်ခွင့်ရတဲ့အတွက်ပေါ့။

၁ဝ။ အစ်မ ဥပဒေနဲ့ရင်ဆိုင်ခဲ့ရတာတွေကောရှိလား။ တရားရုံးသွားခဲ့ရတာမျိုးပေါ့။

အဲ့လောက်အထိတော့ မရောက်ဘူး။ အစ်မ ခုနကပြောတယ်။ တကယ်လို့စွဲမယ်ဆိုလည်းစွဲ ပေါ့။ လေးငါးခါရှိပါတယ်။ အဲ့ဒါမျိုးတွေကြုံရတာ။ စွဲမယ်ဆိုလည်းစွဲ။ အစ်မတို့ဘက်ကနေ အလီဘိုင် ချပြနိုင်တယ်။ အစ်မတို့ ဘယ်လောက်ထဲထဲဝင်ဝင် သတင်းလိုက်ထားတယ်ဆိုတဲ့အကြောင်းပေါ့။ တ ကယ်မှန်တယ်ဆိုတဲ့အကြောင်း ချပြနိုင်တယ်ဆိုတော့ တရားရုံးအထိတော့ မရောက်ပါဘူး။ အဓိကက တော့ သတင်းထောက်ပေါ့။ အလုပ်ဖြုတ်ဖို့တို့ သတင်းမရေးဖို့တို့ တောင်းပန်ဖို့တို့ပေါ့ စသည်အားဖြင့် တော့ သူတို့ဘက်က ဖိအားပေးတာများတယ်။ အစ်မတို့ဘက်ကတော့ ကိုယ်မှန်နေတဲ့အတွက် တစ်ခါမှ မတောင်းပန်ခဲ့ရဘူး။ တစ်ခါမှလည်း တရားရုံးမတက်ခဲ့ရဘူး။

၁၁။ နောက်ပြီးတော့ကော ပြည်သူ့ဂုဏ်ရည်ဆုရခဲ့တာနဲ့ပတ်သက်ပြီးတော့လည်းပြောပြပေးပါဦး။

၂ဝ၁၄ မှာ ပြည်သူ့ဂုဏ်ရည်ဆုကို ရတာပေါ့နော်။ ၂ဝ၁၂ က အစ်မတို့ကွန်ရက်ကို စထောင် တယ်။ ၂ဝ၁၃ ဆိုတာက အစ်မတို့ရဲ့ တကယ့်မိုးထဲရေထဲအချိန်ပေါ့နော်။ တကယ်ကွန်ရက်စထောင်တဲ့အချိန်မှာ အစ်မတို့ သုံးယောက်ပဲရှိတာ။ ယောက်ျားလေးနှစ်ယောက်နဲ့ အစ်မတစ်ယောက်ပေါ့။ ဆိုတော့ အစ်မရဲ့ အတွင်းရေးမှူး နှစ်ယောက်လို့ ပြောရမှာပေါ့။ ဘယ်နဲ့ညာပေါ့။ သူတို့နဲ့ အစ်မ ကွန်ရက်ကို စတည်ထောင်တဲ့အချိန်မှာ တအားရုန်းရတယ်။ အစ်မတို့ရဲ့ ရည်ရွယ်ချက်က ခုနကပြောသလို စာသင်ကျောင်းတောင် လုံးလုံးမရှိသေးတဲ့ ကလေးတွေ၊ သူတို့တွေက အသက်ကို ဆယ့်ငါးနှစ်အနှစ်နှစ်ဆယ်ဖြစ်နေပြီ။ စာတစ်ခါမှမသင်ရသေးဘူး။ သူတို့တွေအတွက် အစ်မတို့က စာသင်ကျောင်းဖြစ်ချင်တာ။ ဆိုတော့ အစ်မတို့မှာက လက်ထဲမှာ သုံးယောက်ပေါင်းမှ ငါးသောင်းလောက်ပဲရှိတယ်။ ဆိုတော့ သိန်း ၇ဝ လောက်ကုန်မယ့်ကျောင်းကို အစ်မတို့ မဆောက်နိုင်ဘူး။ ဆိုတော့ ဒီ ၂ဝ၁၃ ဆိုတာ တကယ့်ကို မိုးထဲရေထဲ။ စာသင်ကျောင်းလေး တစ်ကျောင်းဖြစ်ဖို့အတွက် အစ်မတို့မှာ အလှူရှင်တွေကို အားတက်သရောပြောနေဆိုနေ လိုက်တောင်းပန်ပြီးတော့ အလှူငွေတွေ လိုက်ကောက်နေရတဲ့အချိန်ပေါ့နော်။ အဲ့ဒီအချိန်မှာ ပြည်သူ့ဂုဏ်ရည်အဖွဲ့က ဟိုပြည်သူ့ဂုဏ်ရည်အဖွဲ့ရှိတယ်ဆိုတာက အစ်မမသိဘူး။ အမှန်အတိုင်းပြောတာ။ မသိဘူး။ အစ်မဆုရမှပဲ အစ်မသိတာ။ ရှိတော့ရှိတယ်။ ဆရာဦးကျော်သူတို့ ဘာတို့ကိုပေးတာလေ။ အစ်မတို့ကျတော့ အဲ့ဒါတွေ အလှမ်းဝေးလွန်းတယ်လေနော်။ ကိုယ်နဲ့ကဆိုင်တာမဟုတ်ဘူး။ ဦးကျော်သူတို့လို အဆင့်အတန်းမျိုး လုံးဝမဟုတ်ဘူးဆိုတော့။ ၂ဝ၁၃ လောက်မှာ သူတို့က ဒီအထူးဆုကို စပေးမယ်ဆိုပြီးတော့ လိုက်ပြီးတော့ ရှာတဲ့အခါမှာ သူတို့ အစ်မကို တွေ့ပုံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ်မတို့ facebook သုံးတာကိုး။ နဂိုကတည်းကရင်း Gtalk တို့ Gmail တို့ကို ကျွမ်းကျွမ်းကျင်ကျင်သုံးခဲ့တယ်။ Facebook ပေါ်လာတဲ့အချိန်ကနေစပြီး facebook ကို အစ်မတို့ စသုံးတယ်။ အဲ့ဒီမှာ အစ်မတို့ရဲ့အလှူရှင်တွေက များသောအားဖြင့် ပြည်ပကနေ၊ ဂျပန်ဘက်ကနေ များတယ်ပေါ့။ ဆိုတော့ ဂျပန်တို့ အမေရိကတို့ကလူတွေက အွန်လိုင်းသုံးကြတဲ့အချိန်ဆိုတော့ မြန်မာနိုင်ငံကိုလည်း စောင့်ကြည့်နေကြတဲ့အချိန်ဆိုတော့ သူတို့က အစ်မကိုတွေ့တော့ လှူကြတယ်ပေါ့။ ပြည့်သူ့ Royal အဖွဲ့ကလည်း သူတို့အဲ့လိုပဲ အစ်မကို ဖုန်းဆက်ကြတယ်။ အစ်မစိတ်ထဲမှာ ဒါအလှူရှင်ပဲ။ ငါ့ကို ပိုက်ဆံတွေလှူပေးတယ်ပေါ့။ ဆိုတော့ သူတို့မေးသမျှ အစ်မဖြေတယ်။ အဲ့ဒါ သူခဏခဏဖုန်းဆက်တယ်။ မေးတယ် မေးတယ်။ ဖြေတယ် ဖြေတယ်။ သြော် အလှူငွေရမယ်ပေါ့နော်။ တစ်ရက်ကျတော့ သူတို့ဖုန်းဆက်တယ်။ ညကြီးမင်းကြီး။ ပြည်သူ့ဂုဏ်ရည်အထူးဆုရတယ်ပေါ့နော်။ ဘာမှန်းမသိဘူး။ ဘာဆုမှန်းလည်းမသိဘူး။ ဘာကြောင့် ရမှန်းလည်းမသိဘူး။ တကယ်ရမှန်းမရမှန်းလည်း မသိဘူး။ တစ်ယောက်က စတယ်ပေါ့နော်။ အိမ်လာတော့ အစ်မတွေကို ပြောဖြစ်တယ်။ ညကြီး ၁၂ နာရီလောက် ဖုန်းဆက်တော့ “ ဟယ် ငါဆုရတယ်ပေါ့” လို့ ပြောတယ်ပေါ့။ ဖုန်းဆက်ပြီးတော့ “ ဘာဆုမှန်းတော့မသိဘူး” ပေါ့။ အိမ်ကလည်း ပျော်တယ်ပေါ့။ ဟယ် ပျော်စရာကြီးပေါ့။ ဒါပေမဲ့ အဲ့ဆုရလိုက်တယ်ပဲကြားတာ။ ကြားထဲမှာ ဘာမှ သူတို့နဲ့ အဆက်အသွယ်မရှိဘူး။ ဘာမှန်းကို မသိတာ။ သူတို့ကလည်း အွန်လိုင်းကနေ ပို့တယ်လို့ ပြောတယ်။ အစ်မကလည်း ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ မကြည့်ဖြစ်ဘူး။ မကြည့်ဖြစ်တော့ မသိဘူးပေါ့နော်။ နောက်ကျတော့ ပြည်သူ့ဂုဏ်ရည်အထူးဆုကို သူတို့ နိုင်ငံခြားမှာ ဖလော်ရီဒါမှာပေါ့နော်။  ပေးလိုက်ကြတယ်။ အဲ့ပုံမြင်တော့မှ သြော် ငါတကယ်ဒီဆုကိုရတာပဲပေါ့နော်။ ငါတကယ်ရတာပဲ။ အဲ့ဒါတွေ တကယ်ရှိတယ်ပေါ့နော်။ ဆိုပြီး ဖတ်ကြည့်တော့မှ အဲ့ဆုတွေအကြောင်းကို အစ်မနားလည်ခဲ့တာ။

၁၂။ ဖလော်ရီဒါမှာ အစ်မတို့သွားယူခဲ့တာလား။

မဟုတ်ဘူး ညီမလေး။ အမေရိကမှာ တစ်ခေါက်ဆုပေးတယ်။ ဆုပေးတာက အစ်မတို့ သွားစ ရာမလိုဘူး။ သူတို့ကဖိတ်တယ်။ အစ်မတို့လာနိုင်မလားပေါ့။ အစ်မတို့က မသွားဘူး။ မသွားဘူးဆိုတာက ကိုယ့်အနေနဲ့ကလည်း အလှမ်းဝေးလွန်းတာပေါ့နော်။ တကန်တကမသွားချင်ဘူး။ မသွားချင်လို့ သူတို့ကပဲ ဟိုမှာ ကိုယ်စား ပြုပြီး ယူပေးလိုက်တာ။ မြန်မာနိုင်ငံမှာတော့ အစ်မတို့ဆုရတဲ့နှစ်မှာမှ စလုပ်တယ်။ မြန်မာနိုင်ငံမှာ သူတို့ပြောင်းပြီးတော့ ဆုရတဲ့သူတွေကို။ အစကတော့ ဦးကျော်သူတို့ဘာတို့ဆို အမေရိကကိုခေါ်ပြီး သူတို့ပေးကြတာ။ အလှူငွေတွေက ဆုတွေပါ တစ်ခါတည်းပေးကြတယ်ပေါ့နော်။ အစ်မတို့ကျတော့ အဲ့ဒီတုန်းက သုံးဆုပေါ့နော်။ အထူးဆုသုံးဆုပေးတယ်။ နောက် ပြည်သူ့ဂုဏ်ရည်ဆုပေးတယ်။ ဆိုတော့ စုစုပေါင်း လေးဆုပေါ့။ ဆိုတော့ လေးဆုဖြစ်သွားတဲ့အတွက် သူတို့ မြန်မာနိုင်ငံမှာ ပွဲလုပ်တယ်။ အဲ့အချိန်မှာလည်း အစိုးရက နိုင်ငံခြားကလူတွေကို ပြည်ဝင်ခွင့်ပြန်ပေးတဲ့အချိန်ဆိုတော့ သူတို့ပါ မြန်မာနိုင်ငံကို အလည်လာကြရင်းနဲ့ ပွဲလုပ်မယ်ဆိုပြီးတော့ မြန်မာနိုင်ငံမှာ ပြန်လုပ်ကြတာပေါ့။ ပြီးတော့ကျတော့ အစ်မတို့က မြန်မာနိုင်ငံမှာပဲ ယူကြတာဆိုတော့…။

၁၃။ ဟုတ်ကဲ့… အစ်မ။ ပြည်သူ့ဂုဏ်ရည်ဆုက မြန်မာအစိုးရကပေးတာမဟုတ်ဘူးပေါ့နော်။

မဟုတ်ဘူး ညီမလေး။ ပြည်သူ့ဂုဏ်ရည်ဆုဆိုတာက နိုင်ငံခြားမှာရောက်နေတဲ့ မြန်မာတွေနဲ့ ဖွဲ့စည်းထားတာ။ ဥပမာ ဂျပန်မှာရောက်နေတဲ့သူတွေကလည်း ပြည်သူ့ဂုဏ်ရည်ထဲကို ဝင်လို့ရတယ်။ ဂျပန်မှာ ဌာနခွဲပေါ့။ အဲ့တော့ ကိုးရီးယားဆိုလည်း ကိုးရီးယားမှာ ဌာနခွဲပေါ့။ အဲ့လိုမျိုးတွေ အများကြီး ရှိတယ်။ အမေရိကဆိုလည်း အမေရိကမှာ ရှိတဲ့မြန်မာတွေက သူ့ပြည်နယ်အလိုက် ဌာနခွဲတွေ အများကြီးရှိတယ်။ ပိုက်ဆံတွေစုထားကြတာပေါ့။ တစ်ပတ်မှာ ဒေါ်လာ ၅ဝ ဆို ၅ဝ ပေါ့။ သူတို့ဟာ သူတို့ စုထားကြတယ်။ စုထားပြီးတော့ တစ်နှစ်ပြည့်တဲ့အခါတိုင်း မြန်မာနိုင်ငံထဲမှာ ပြည်သူ့အတွက် တကယ်ဘယ်သူကူညီနေတာလဲ။ ကူညီနေတဲ့အလုပ်တွေ တကယ်ထိရောက်ရဲ့လားဆိုတာ ရွေးချယ်ပြီးတော့ အဲ့ဒီသူတို့စုထားတဲ့ပိုက်ဆံလေးတွေနဲ့ ဆုပေးတယ်။ ဆုပေးတာ။ အဲ့ဒီမှာ ဌာနခွဲတွေ ဆယ်ခုရှိတယ်ဆိုရင်လည်း ဆယ်ခုထဲက ဝိုင်းရွေးကြတာပေါ့။ ရွေးတော့ ဆယ်ယောက်တက်လာတယ်။ အဲ့ဆယ်ယောက်ထဲကမှ ပြန်ရွေးပေါ့။ အဲ့လို အဆင့်ဆင့်ပေါ့။ ရွေးကြတယ်။ ရွေးကြပြီးတော့မှ ဆုရတဲ့သူကို သူတို့လှမ်းအကြောင်းကြားတာ။ အစ်မကို ခဏခဏဖုန်းဆက်ကြတယ်ဆိုတာ ဌာနထဲက လူတွေက  “ ဟယ် ဒီကောင်မလေးတကယ်ဘာလုပ်နေလဲ”ဆိုတာ ခဏခဏဖုန်းဆက်မေးနေကြတယ်။ အစ်မ စိတ်ထဲမှာလည်း “ဒါအလှူရှင်ပဲပေါ့” ဆိုပြီး အစ်မက ဖြေခဲ့တာ။

၁၄။ အစ်မစာအုပ်လေးတွေ ထုတ်ဖြစ်ခဲ့တာလေးတွေကိုလည်း ပြောပြပေးပါဦး။

စာအုပ်ကတော့ အစ်မဖေဖေက စာရေးဆရာလေ။ စာရေးဆရာဆိုတော့ အစ်မကလည်း စာရေးတာကို ဝါသနာပါတယ်ဆိုတော့ စာရေးဖြစ်တယ်။ အစ်မ Khin Hnin Kyi Thar ဆိုတဲ့ page နဲ့က ကြာပြီ။ ကြာပြီဆိုတာ ကွန်ရက်ထက်တောင် ပိုသက်တမ်းရှည်သေးတယ်။ ၂ဝ၁ဝ လောက် ကတည်းက ထင်တယ်။ အစ်မ page လေးဖွင့်ပြီးတော့ စာရေးဖြစ်တယ်ပေါ့နော်။ နောက် ပေးစာလို ရေးထားတဲ့ဆောင်းပါးလေးတွေရှိတယ်။ အဲ့ဒီဆောင်းပါးလေးတွေကို ပြန်တင်တယ်။ ကဗျာလေးတွေလည်း ရေးဖြစ်တယ်ပေါ့နော်။ အဲ့လိုလေးတွေ အစ်မ စာရေးရင်းရေးရင်းနဲ့ အစ်မ page ကနေ ဖတ်တဲ့သူတွေလည်း တော်တော်များလာတယ်ပေါ့နော်။ အစ်မရေးတဲ့စာလေးတွေကို သဘောကျတော့ ထုတ်ပါလားပေါ့။ လူတွေက ပြောကြတယ်။ ဒါပေမဲ့ အစ်မစိတ်ထဲမှာ ငါက စာရေးဆရာကြီးတွေလိုလည်း မဟုတ်ဘူးပေါ့နော်။ ငါ စာရေးဆရာကြီးတွေလိုလည်း တန်းမဝင်ဘူးပေါ့ ကိုယ့်ကိုယ်ကို အဲ့စိတ်အမြဲတမ်းရှိတယ်။ ငါ စာရေးဆရာမဖြစ်သေးဘူး။ မထုတ်ချင်ဘူးပေါ့နော်။ အဲ့ဒီအချိန်မှာပဲ ထုတ်ပါလို့ ဝိုင်းပြီး တိုက်တွန်းကြတဲ့သူတွေရှိတဲ့အပြင်၊ အစ်မနဲ့ခင်တဲ့၊ အစ်မရဲ့ကလေးတွေကို ကျောင်းထားထားပေးတဲ့သူကနေ “ ညီမလေးကို စာအုပ်ထုတ်ပေးမယ်” တဲ့။ သူက ထုတ်ပေးမယ်ဆိုတာက ညီမလေးကို ဘယ်စာတွေအကုန်လုံး အစ်မထုတ်လိုက်တော့မယ်ပေါ့။ ဆိုတော့ မထုတ်ပါနဲ့။ မထုတ်ချင်ပါဘူးဆိုတော့ မဟုတ်ဘူး၊ ထုတ်မှရမယ်။ ညီမလေးစာအုပ်လေးတွေက လူငယ်တွေဆီ ရောက်သင့်တယ်ပေါ့နော်။ ကဲ… အဲ့ဒါဆိုလည်း ထုတ်ကြတာပေါ့လေဆိုပြီးတော့ ဆောင်းပါးလေးတွေစုပြီးတော့ အဲ့ဒီထဲက ကိုယ်ရွေးချင်တာလေးတွေ ကိုယ်ပေးချင်တာလေးတွေ ပြန်ပြီးပေးပေါ့နော်။ အဲ့ဒါလေးနဲ့စုပြီး ထုတ်ဖြစ်တာ။ ဟိုလိုကြီး စာအုပ်ထုတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့စာရေးခဲ့တာမျိုးမဟုတ်ဘူး။

၁၅။ ထုတ်ခဲ့တဲ့စာအုပ်လေးတွေရဲ့နာမည်လေးတွေကကော အစ်မ။

တစ်အုပ်ပဲရှိသေးတယ် ညီမလေး။ ချစ်တဲ့သူကို သတိရတဲ့အခါ…။ အဲ့ဒီတစ်အုပ်ပဲ ထုတ်ရသေး တယ်။ နောက်စာအုပ်တွေက လေးအုပ်လောက် အစ်မကို ထုတ်ပေးမယ်ဆိုပြီးတော့ ထုတ်ဝေသူတွေ ဆက်သွယ်ထားတာရှိတယ်။ ဒုတိယတစ်အုပ်အတွက်တော့ မရေးရသေးဘူး။ ကြာချင်လည်း ကြာဦးမှာပေါ့နော်။

၁၆။ အဲ့ဒီစာအုပ်လေးဖတ်ရတာ လူငယ်တွေအတွက် တော်တော်လေးကို စိတ်ဓာတ်ခွန်အားရရှိစေတာ တွေပါတာ တွေ့ရပါတယ်။ အဲ့ဒီစာအုပ်လေးကို ပထမဆုံးအနေနဲ့ ထုတ်ဝေဖြစ်တဲ့ရည်ရွယ်ချက်လေးကို သိပါရစေ။

အဓိကကတော့ အစ်မ အဲ့ဒီ “ ချစ်တဲ့သူကို သတိရတဲ့အခါ ” က ညီမလေးသို့ပေးစာပေါ့နော်။ ပေးစာက ဘယ်လိုလဲဆိုတော့ အစ်မ ခင်ရတဲ့ညီမလေးတစ်ယောက်ရှိတယ်။ အစ်မက နဂိုကတည်း ကရင်း မောင်လေးတွေ ညီမလေးတွေကို ခင်တတ်တယ်ပေါ့နော်။ အစ်မနဲ့ခင်တဲ့ မောင်လေးတစ် ယောက်က နိုင်ငံခြားကို ထွက်သွားတယ်။ ကျောင်းသွားတက်တာပေါ့နော်။ ဆိုတော့ သူ့ကို အစ်မက စာရေးချင်တာ။ တစ်ခုခုပြောပြချင်တာ။ သူက အစ်မကိုဆို အမြဲတမ်းမေးတယ်။ အစ်မရေ ဒါလေး ဘယ်လိုဆုံးဖြတ်ရမလဲ။ အစ်မ ဒီလိုလေးတွေ စိတ်ညစ်စရာတွေရှိတယ်။ သူက မက်ဆင်ဂျာကနေ အမြဲတမ်းမေးခွန်းလေးတွေ မေးလေ့ရှိတယ်။ အစ်မကလည်း အမြဲတမ်းသွားသွားဖြေတယ်။ နောက်တစ်ခုက အစ်မနယ်မှာ ကျောင်းထားပေးထားတဲ့ ကလေးတွေရှိတယ်။ အစ်မမွေးစားထားတဲ့ ကလေးလေးတွေလည်း ရှိတယ်။ အထူးသဖြင့် မိန်းကလေးပေါ့နော်။ အစ်မ သူတို့ကို ဖတ်စေချင် တယ်။ ဖတ်စေချင်တယ်ဆိုတာက အစ်မတို့ ငယ်ငယ်လေးကတည်းကနေ ဖြတ်သန်းလာခဲ့တဲ့အထဲမှာ အမှားလေးတွေရှိတယ်။ အစ်မတို့ကိုယ်တိုင် အမှားနဲ့အမှန်မသဲကွဲဘူး။ အသက်ကြီးလာမှ အမှန်နဲ့ အမှားကွဲသွားတာဆိုတော့ အဲ့ဒီအမှားနဲ့အမှန်မသဲကွဲခဲ့ဘဲ အစ်မတို့လုပ်ခဲ့တဲ့အရာလေးတွေကို သူတို့ တွေက လိုက်ပြီးတော့ လုပ်မိမှာစိုးတယ်။  ဆိုတော့ အစ်မမှားထားတဲ့ထဲကနေ ဒီလိုဒီလိုလေ၊ ဒီလို အချိန်မှာ ဒီလိုဖြစ်တတ်တယ်။ မှားတတ်တယ်။ ဆိုတော့ အဲ့ဒါလေးတွေကို သူတို့ကို ပြန်သင်တယ်။ သင်တယ်ဆိုတာထက် ကိုယ့်ညီမလေးတွေဆိုတဲ့စိတ်နဲ့ အဓိကကတော့ အစ်မမွေးစားထားတဲ့ ကလေးလေးတွေအတွက်ပေါ့။ မိန်းကလေးတွေပေါ့။ သူတို့အတွက် ဒီစာလေးတွေကို ရေးတယ်။ ပြီးတော့ အစ်မတွေ့နေကြုံနေတဲ့ဟာ၊ ကိုယ်မှားတာတော့မဟုတ်ဘူးပေါ့နော်။ ကိုယ်နဲ့ခင်တဲ့ပတ်ဝန်းကျင်တွေဆီကနေ အစ်မသင်ယူလာခဲ့ရတာ။ အဲ့ဒါလေးတွေထဲက သူတို့ကို သိစေချင်တယ်။ နောက် ကိုယ့်ကိုယ်ကို အေးချမ်းအောင် ဘယ်လိုနေရမလဲ။ အစ်မက ဒေါသကြီးတယ်။ ဒေါသကြီးနေတယ်ဆိုတဲ့ထဲကနေ လုံးဝဒေါသမထွက်ဖြစ်အောင် ကိုယ့်ကိုယ်ကို ထိန်းလာခဲ့ရတာတွေရှိတယ်။ အဲ့ဒါလေးတွေကို အစ်မ ကိုယ့်ညီမလေးတွေအတွက် ရေးတယ်။ အဓိကကတော့ ကိုယ့်ထက်ပိုကောင်းစေချင်တယ်။ ကိုယ်ကောင်းတာထက် ပိုကောင်းစေချင်တယ်။ ကိုယ်ကောင်းနေတယ်ဆိုတာက ကိုယ်ဘာတွေမှားခဲ့တယ်ဆိုတာကို သူတို့ကိုပြောပြနိုင်မှ အဲ့ဒီ အမှားလေးတွေကို ရှောင်ပြီးတော့ ပိုတော်မယ်ပေါ့။ အမှားဆိုတာက ဝင်္ကပါနဲ့တူတယ်။ ဝေ့သွား တာပေါ့။ အချိန်ကြာသွားတတ်တယ်။ အဲ့ဒီအမှားတွေကို ဖြတ်ကျော်သွားနိုင်တယ်ဆိုရင် အဲ့ဒီအစ်မ တို့ကြာခဲ့တဲ့အချိန်ကို သူတို့ဖြတ်သွားနိုင်မယ်။ ပိုမြင်လာမယ်။ ဆိုတော့ အဲ့ဒီရည်ရွယ်ချက်နဲ့အစ်မ “ ညီမလေးရေ…”  ဆိုတဲ့စာလေးကို ရေးဖြစ်နေတာ။

၁၇။ တကယ်ရည်ရွယ်ချက်ကောင်းပါတယ်။ ပရိသတ်တွေလည်း တော်တော်ကြိုက်ကြပါတယ်။ ပြီးတော့ “တစ်ယောက်တစ်လက်”  ဆိုတဲ့ အစီအစဉ်မှာ အစ်မက presenter လား၊ producer လား။ တချို့မီဒီယာတွေမှာ ဖော်ပြထားတာက အစ်မက program producer တဲ့။ အခု အစ်မက ပြော တော့ presenter တဲ့။

         Presenter ဆိုတာက အစ်မကတော့ producer ကော presenter ကော တာဝန်ယူထားတာ။ ဒါပေမဲ့ အစ်မက ကိုယ့်ကိုယ်ကို producer တစ်ယောက်ရယ်လို့ စိတ်ချလက်ချကြီး လက်မခံသေးဘူး။ အစ်မကြိုးစားနေတုန်းပဲ။ ကိုယ့်ဟာကိုယ် ဘာကြီးလို့ပြောပြီး မလုပ်နိုင်တာထက်စာရင် ကိုယ်လုပ်နေ တာလေးတွေ၊ ကိုယ်လုပ်နိုင်တာကိုပဲ ကိုယ်ပြောတာကောင်းတယ်လေ။ အဓိကကတော့ အစ်မတို့ ယူထားတာကတော့ producer level ပဲ။ ဒါပေမဲ့ အစ်မ presenter အပိုင်းကိုပဲ အဓိကအားစိုက်နေ သေးတယ်။ ဒီ producer ကတော့ အစ်မတို့ ဒါကတော့ ညီမလေးရယ် team က အစ်မတို့ ၆ ယောက် ပဲရှိတာ။ ၆ ယောက်မှာမှ team က ဘာထုတ်မယ်ဆိုတာ အစ်မတို့အားလုံး ဆုံးဖြတ်ရတယ်။ အကောင်းဆုံးကို အစ်မတို့ရွေးချယ်ရတယ်။ ဘယ်လို စတူဒီယိုတည်ဆောက်မယ်ဆိုတာကအစ အစ်မတို့အကုန်လုပ်ရတယ်။ ဆိုတော့ ဘယ်သူက ဘာဆိုတာလည်းမဟုတ်ဘူး။ အားလုံးက teamwork လုပ်ကြတာချည်းပဲ။

၁၈။ ဒီ Fix it ဆိုတဲ့ program ကလည်းလေ တော်တော်လေးကို အကျိုးရှိတယ်ပေါ့နော်။ သူက ဒေသတွေကိုသွားပြီးတော့ လိုက်ပြီးတော့ ကူညီပေးတယ်။ သူတို့ရဲ့ လိုအပ်ချက်လေးတွေရှိရင် ရှိသ လိုပေါ့နော်။ ဒီ program ကလေ အဓိကက ဘာမက်ဆေ့ခ်ျပေးချင်တာလဲပေါ့။ နောက်ပြီးတော့ ဒီလို programs တွေက ဘာကြောင့် အရေးကြီးလဲပေါ့။ အဲ့ဒါလေးနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

အစ်မ သီလရှင်ဝတ်နေတဲ့အချိန်မှာပဲ ဒီ program လုပ်မယ်ဆိုပြီးတော့ သူတို့အစ်မကို လာပြီး တိုင်ပင်ကြတယ်ပေါ့နော်။ အဓိကက အစ်မ ပရဟိတနဲ့ပတ်သက်လို့ဆိုပြီးတော့ အစ်မနဲ့လာပြီး စကား ပြောကြတယ်ပေါ့နော်။ စကားပြောကြတဲ့အခါကျတော့ အစ်မသူတို့ရဲ့ရည်ရွယ်ချက်ကို ကြည့်လိုက် တော့ သူတို့က ဘာလဲဆိုတော့ Let’s together ပေါ့။ အစိုးရကို စောင့်နေလို့မရဘူး။ လာပြီးကူညီမယ့် သူတွေကိုပဲ အစ်မတို့က မျှော်နေလို့မရဘူး။ အတူတူလုပ်လိုက်တဲ့အခါကျရင် ပြီးသွားတယ်။ ရေကန်လေးကို အလှူရှင်လှူရင်ကောင်းမှာပဲဆိုပြီး ထိုင်စောင့်နေတာထက်စာရင် နင်ဘာနိုင်လဲ။ နင့်မှာဘာရှိလဲ။ နင့်မှာ သဲရှိလား။ နင့်မှာ ကျောက်ရှိလား။ ဘိလပ်မြေတစ်အိတ်ကို ဘယ်လောက်လဲ။ ၆ဝဝဝ။ အဲ့ဒါဆို ၆ဝဝဝ ရဖို့အတွက် နင် ၅ဝဝ ထည့်၊ ငါ ၅ဝဝ ထည့်။ စုလိုက်။ ဘယ်လောက်စုရမလဲ။ သုံးလစုမလား။ လေးလစုမလား။ ငါးလမြောက်ကျရင် ရေကန်ရသွားမှာပဲ။ အဲ့ဒါကို အလှူရှင်ထိုင်စောင့်ခဲ့တာ နှစ်လေးဆယ်ကြာမလား၊ ငါးဆယ်ကြာမလားမသိဘူး။ ဆိုတော့ အတူတူထလုပ်လိုက်ရင် ပြီးသွားမယ်။ အစ်မတို့နိုင်ငံမှာ လိုနေတဲ့ ကဏ္ဍတွေ အများကြီး။ အစိုးရလုပ်ရမှာ အများကြီး။ မှန်တယ်။ ဒါပေမဲ့ အစိုးရမလုပ်နိုင်တဲ့အခါ စောင့်နေရင်းနဲ့ကလေးတွေလည်း အသက်ကြီးကုန်ပြီ။ ကလေးတွေလည်း စာမတတ်ဖြစ်ကုန်ပြီ။ အဲ့လိုမဟုတ်ဘဲနဲ့ အတူတူထလုပ်။ အတူတူထချကြ။ အစ်မတို့ကလည်း လိုတာတွေ၊ ဘယ်နေရာမှာ ဘာတွေလိုနေတယ်၊ အဲ့ဒီလိုနေတဲ့ နေရာတွေကို လှူနေတဲ့သူတွေကလည်း သူတို့မှာ information နည်းတာပေါ့နော်။ information နည်းတော့ သူတို့မလှူနိုင်ဘူးမဟုတ်ဘူး။ လှူနိုင်တယ်။ သူတို့မလုပ်နိုင်ဘူးမဟုတ်ဘူး။ လုပ်နိုင်တယ်။ ဒါပေမဲ့ ဒေသတွေကို သူတို့ကသွားပြီးတော့ အခင်မင်မရှိတဲ့အခါ၊ အချိတ်အဆက်မရှိတဲ့အခါ ရုတ်တရက်ကြီး သူများနေရာရောက်သွားပြီး ဘာတွေလိုပါသလဲခင်ဗျာဆိုပြီး သွားအော်နေလို့ရတာမဟုတ်ဘူး။ ဆိုတော့ သူတို့မှာ information လိုတယ်။ Information သာရရင် လှူနိုင်တယ်။ အစ်မတို့က အဲ့ဒီ information ပေးချင်တာ။ ဘယ်နေရာတွေမှာ ဘာတွေဘာတွေ လိုနေတယ်။ ဘယ်လောက်ဘယ်လောက်ကုန်ကျစရိတ်ရှိတယ်ဆိုတဲ့ information ကို အစ်မတို့က ပေးလိုက်တဲ့အခါမှာ လှူချင်တဲ့သူတွေကလည်း ရောက်လာတယ်။ နောက်တစ်ခုက တကယ်လုပ်နေတဲ့အဖွဲ့အစည်းတွေရှိနေတယ်။ သူတို့ဟာနဲ့သူတို့ ဘယ်သူ့ကိုမှ အကူအညီစောင့်မနေဘဲနဲ့ လုပ်နေတဲ့အဖွဲ့အစည်းတွေရှိတယ်လို့ သိရတဲ့အခါမှာ အဲ့ဒီအဖွဲ့အစည်းတွေကို လှူချင်စိတ်တွေက အလှူရှင်တွေကော ဒေသခံတွေမှာပါ ပိုပြီးများလာတယ်။ အဲ့ဒါကြောင့်မို့ အစ်မတို့က fix it program ကို လုပ်နေကြတာ။

၁၉။ ဟုတ်ကဲ့ပါ။ အစ်မအနေနဲ့ အခုဆိုလို့ရှိရင် တစ်နိုင်ငံလုံးက ပရဟိတလုပ်ငန်းတွေက ပုံစံမျိုးစုံ၊ ရည် ရွယ်ချက်မျိုးစုံနဲ့ပေါ်ပေါက်လာကြတယ်ပေါ့နော်။ ဆိုတော့ အဲ့ဒီအပေါ် အမြင်လေးကိုလည်း ပြောပြပေး ပါဦး။

ပရဟိတအဖွဲ့တွေအများကြီးပေါ်တယ်ပေါ့နော်။ မှန်တယ်။ အစ်မတို့ နာဂတ်အပြီး ၂ဝဝ၇၊ ၂ဝဝ၈ လောက်ကနေစပြီး အဖွဲ့အစည်းတွေက အများကြီး။ တစ်ခါတရံ အဖွဲ့တွေက ကွဲကုန်တယ်။ ၂ ဖွဲ့ ၃ ဖွဲ့ကွဲကုန်တဲ့အဖွဲ့တွေကလည်း အများကြီး၊ လေးငါးခြောက်ဖွဲ့ကွဲကုန်တဲ့အဖွဲ့တွေကလည်း အများကြီးပေါ့နော်။ တစ်ယောက်တည်းနဲ့ တစ်ဖွဲ့ဖြစ်နေတဲ့သူတွေလည်း အများကြီးပဲ။ အဲ့တော့ ကောင်းတယ်။ ကောင်းတာကတော့ ကောင်းတယ်။ ဒါပေမဲ့ ဟိုတစ်နေ့ကတောင် အစ်မပြောဖြစ်တယ်။ ကလေးတွေ ပရဟိတဝင်လုပ်ကြတာကောင်းတယ်။ ဘာပဲဖြစ်ဖြစ် အစ်မတို့ငယ်ငယ်တုန်းကဆိုရင် လက်ဖက်ရည်ဆိုင်သွား၊ အချိန်ကုန်ခံပြီးတော့နေတယ်။ လက်ဖက်ရည်ဆိုင်မှာ အချိန်ကုန်ခံနေမယ့်အစားပေါ့လေ လူငယ်တွေဆုံကြတဲ့အခါ မူးယစ်ဆေးဝါးအသုံးပြုလားဘာညာပေါ့နော်။ အဲ့လိုဖြစ်နေကြမယ့်အစား ဒီလိုမျိုး ပရဟိတလုပ်ကြရင်းနဲ့ ကိုယ့်ရဲ့၊ အစ်မတို့ဆိုလည်း ပရဟိတလုပ်ကြရင်းနဲ့မှ အစ်မတို့ရဲ့ ပြဌာန်းချက်ကိုက သူများကို ကူညီရတာဆိုတော့ အစ်မတို့ရှာဖွေခဲ့တယ်။ ဒါကို ပင်ပန်းတယ်လို့ မထင်ဘူး။ ကူညီချင်တယ်။ ပျော်နေတယ်။ ဒါ အစ်မတို့ဘဝကို ရှာတွေ့ထားတာပေါ့နော်။ အဲ့လိုမျိုးပဲ စာဖတ်ချင်တဲ့သူ၊ စာရေးချင်တဲ့သူကလည်း ဒီလောကထဲကို ဝင်မှ စာဖတ်တဲ့သူနဲ့ဆုံနိုင်မယ်။ စာရေးတဲ့သူနဲ့ဆုံနိုင်မယ်။ အဲ့ဒီလို ကိုယ့်ဟာကိုယ် ပြန်ရှာတွေ့နိုင်တယ်ပေါ့နော်။ ဆိုတော့ အဲ့ဒါကကောင်းတယ်။ ဒါပေမဲ့ ပရဟိတဆိုတာက မူးယစ်ဆေးဝါးလိုပဲ။ သူက စွဲတတ်တယ်။ စွဲတတ်တယ်။ အစ်မတို့လိုပေါ့။ လူတွေကို ကူညီရတာစွဲတယ်။ စွဲတော့ အစ်မက သူများကို မကူညီရဘူး၊ ဒေသတွေသွားပြီး ခရီးမထွက်ရဘူးဆိုရင် အစ်မဖျားတယ်။ ကျန်းမာရေးမကောင်းဘူး။ အိပ်ရာထဲ လဲတယ်။ ရန်ကုန်မြို့မှာ ကြာကြာနေရင် နေမကောင်းဘူး။ သူများကို တောတောင်တွေထဲ လျှောက်သွားနေရရင် အစ်မ ကျန်းမာရေးကောင်းတယ်။ အဆင်ပြေတယ်။ ဆိုတော့ အဲ့လိုမျိုးပဲ။ အလုပ်က စွဲတတ်တယ်။ ဒါမှ ဒါပေါ့။ စွဲတတ်တယ်။ ဒါပေမဲ့ စွဲတဲ့နေရာမှာ ကလေးတွေကျတော့ ငယ်သေးတယ်လေနော်။ ငယ်သေးတယ်။ တစ်ခါတရံကျတော့ ကိုယ့်ကိုယ်ကို မထိန်းနိုင်တဲ့အရာလေးတွေရှိတယ်။ ဘယ်လိုတွေများလာလဲဆိုတော့ ဆေးကျောင်းသားတွေ၊ နောက် တက္ကသိုလ်တက်နေတဲ့ ကလေးတွေဆိုရင် ပရဟိတတွေလုပ်တာတွေကို သိပ်စွဲလွန်းအားကြီးပြီးတော့ ကျောင်းချိန်မမှန်တော့တာတွေ၊ ကျောင်းကောင်းကောင်းမတက်တော့တာတွေ၊ စာမေးပွဲမဖြေနိုင်တော့တာတွေ၊ စာမေးပွဲကျကုန်တာတွေ၊ ဘားထိပြီး ကျောင်းထွက်လာရတဲ့ ကလေးတွေ များလာတယ်။ အဲ့တော့ အရမ်းနှမြောစရာကောင်းတယ်။ အဲ့တော့ စွဲတာကစွဲ၊ သူများကို ကူညီရတာက မှန်တယ်။ ဒါပေမဲ့ ကိုယ်ကူညီမှ ဒီလူတွေရပ်တည်နိုင်မယ်ဆိုတာ မဟုတ်ဘူး။ ဘယ်သူမှ အကူအညီမပါဘဲနဲ့ သူတို့ဟာသူတို့ ရှင်သန်ခဲ့တာ နှစ်ပေါင်းကြာပြီ။ အစ်မတို့ ကူညီမှ သူတို့တွေ ရှင်သန်လာခဲ့ကြတာမဟုတ်ဘူး။ ဆိုတော့ အဲ့ဒါတွေကို သူတို့က မေ့လို့မရဘူး။ စွဲတတ်တယ်။ အစ်မဆိုလည်း သူများကို ကူညီတာ စွဲတာက စွဲတာတစ်ပိုင်း၊ ဒါပေမဲ့ အစ်မရဲ့အသက်မွေးဝမ်းကျောင်း အလုပ်ကို အစ်မက ကြိုးစားတာတစ်ပိုင်းပဲ။ အဲ့နှစ်ခုက မတူဘူး။ အစ်မတို့ဦးနှောက်မှာ အကန့်လေးကန့်ပါသလိုပဲ အလုပ်တွေက မတူဘူး။ တစ်ခုတန့်သွားလို့မရဘူး။ တစ်ခုပဲလုပ်နေလို့မရဘူး။ အစ်မက ဟာ ပရဟိတလုပ်ချင်လို့ဆိုပြီး ရုံးမတက်ရင် မရဘူး။ ရုံးတက်စရာရှိရင် တက်ရတယ်။ ရုံးမှာ ထူးချွန်စရာရှိရင်ထူးချွန်ရတယ်။ ဘာလို့လဲဆိုတော့ အစ်မတို့ လုပ်ငန်းခွင်ဆိုတာ ညီမလေးသိပါတယ်။ အတိုက်အခိုက်တွေများတယ်။ ကိုယ့်ထက်တော်တဲ့သူအများကြီးပဲ။ ကိုယ်ဒီနေ့ညံ့သွားရင် ကိုယ်ထွက်ရမှာပဲ။ တော်တဲ့လူကို အစားထိုးမှာပဲ။ အလုပ်အရမ်းကြိုးစားနေရတယ်။ အသစ်အသစ်တွေသင်ယူနေရတယ်။ အဲ့ဒါတွေကို မေ့နေလို့မရဘူး။ မေ့နေရင် အစ်မတို့အလုပ်ပြုတ်မှာပဲ။ အလုပ်ပြုတ်သွားရင် ဘယ်သူထမင်းကျွေးမှာလဲ။ ဘယ်သူတွေက အစ်မတို့ကို သူများတွေကို ကူညီဖို့အတွက် လမ်းစရိတ်ပေးမှာလဲ။ အဲ့ဒီအတွက် အစ်မ တို့က အလုပ်လုပ်ရတယ်။ အလုပ်လုပ်ဖို့အတွက် အစ်မတို့ သင်ယူစရာရှိတာတွေ သင်ယူရမယ်။ စာတွေဖတ်စရာရှိရင် ဖတ်ရမယ်။ ပိုတော်စရာရှိရင် ပိုတော်ရမယ်။ အဲ့ဒီအတွက် အစ်မတို့ရပ်တည်ရေးက ဒီဘက်တစ်ခုမှာ အဆင်ပြေနေမှ ဒီဘက်တစ်ခုမှာ အဆင်ပြေမှာ။ ကိုယ်ဘာမှမဟုတ်ဘူးဆိုရင် သူများကို ကူညီနိုင်မှာမဟုတ်ဘူး။ အဲ့ဒါလေးကို ကလေးတွေ မေ့လို့မရဘူး။ စွဲတော့စွဲနေတယ်။

၂ဝ။ အခုလက်ရှိမှာ အစ်မအနေနဲ့ ဘာတွေလုပ်နေလဲဆိုတာ သိပါရစေ။

အခုလက်ရှိမှာတော့အစ်မက ထုံးစံအတိုင်းပဲ အစ်မချင်းပြည်နယ်မှာ သိမ်တစ်ခုဆောက်နေတယ်။ ဘုန်းကြီးကျောင်းဆောက်နေတယ်။ နောက် မကွေးမှာ စာသင်ကျောင်းတစ်ကျောင်း ဆောက်နေတယ်။ ရှမ်းပြည်နယ်မှာ ရေကန်တစ်ခုဆောက်နေတယ်။ နောက်ထပ်ရေကန်တစ်ကန်ဆောက်ဖို့အတွက် အစ်မ ကချင်ပြည်နယ်ဘက်ကို သွားကြည့်ဖို့ရှိတယ်။ ဒါတွေကတော့ အစ်မအမြဲတမ်းလုပ်နေကျပေါ့။ ကျန်တာတွေကတော့ ကလေးတွေ ကျောင်းထားထား တာကတော့ အမြဲတမ်းကျောင်းတက်တဲ့ကလေးတွေ စသည်အားဖြင့်ပေါ့နော်။ အဲ့ဒါတွေကတော့ အမြဲ တမ်းလုပ်ဖြစ်နေပါတယ်။

၂၁။ အခု ဒီအင်တာဗျူးကို ဖတ်နေကြတဲ့ စာဖတ်ပရိသတ်တွေပေါ့နော်။ သူတို့ကိုလည်း အားပေး စကား တစ်ခုခုပြောပေးပါဦး။ အစ်မအနေနဲ့ ပေးချင်တဲ့ မက်ဆေ့ခ်ျတစ်ခုခုပေါ့။

လူတိုင်းလူတိုင်း သူများကို ကူညီချင်တဲ့ဆန္ဒရှိတယ်ပေါ့နော်။ ကူညီချင်တဲ့ဆန္ဒရှိတယ်။ ရှိတဲ့အခါမှာ သူများတွေကို ငါမကူညီနိုင်ဘူး။ သူ့လို ငါအမြဲမလုပ်နိုင်ဘူးဆိုတဲ့ စိတ်လေးနဲ့ ဝမ်းနည်းကြတယ်။ အားငယ်ကြတာတွေရှိတယ်။ ဆိုတော့ အစ်မတို့ ပရဟိတဆိုတာက ဒေသတစ်ခုခုကိုသွားပြီး တစ်ခုခုဆောက်ပြီးမှ တစ်ခုခုကို လှူနေမှ တစ်ခုခုကို ကူနေမှ ပရဟိတမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို အေးချမ်းအောင်နေ၊ ကိုယ့်ကိုမြင်လိုက်လို့ အေးချမ်းသွားတာကလည်း ဒါက တစ်ဖက်တစ်လမ်းကနေ ပရဟိတလုပ်ရာကျတယ်။ နောက်တစ်ခုက အစ်မတို့ပတ်ဝန်းကျင်မှာဆိုရင် စိတ်ပူစရာရှိတာက ကလေးတွေပေါ့။ ကလေးတွေက နံပါတ်တစ်အချက် ကိုယ့်ကိုယ်ကို အားကိုးဖို့အတွက် လျော့လာကြတယ်ပေါ့။ လူကြီးမိဘတွေရဲ့ စိတ်ပူလွန်းအားကြီးလွန်းတဲ့စိတ်တွေကြောင့် ကလေးတွေက ကိုယ့်ကိုယ်ကို အားမကိုးတတ်ဘူးလေ။ နောက်တစ်ခုက ပတ်ဝန်းကျင်မှာဆိုရင် သက်ငယ်မုဒိမ်းမှုတွေဖြစ်ကြတယ်။ ဖြစ်သွားတဲ့အခါကျမှသာ ဖြစ်သွားမှန်းသိတာ။ မဖြစ်ခင်အခြေအနေမှာ ကလေးတွေကို ကာကွယ်လို့ရတယ်။ ကလေးတွေကို ပတ်ဝန်းကျင်ကို ဂရုစိုက်ပြီးတော့ ဘယ်ကလေးက ဘယ်သွားနေတယ်။ ဘယ်သူကတော့ ကလေးနဲ့ပတ်သက်နေတယ်။ ဘယ်နေရာမှာရှိနေတယ်။ စသည်အားဖြင့် ကိုယ့်ပတ်ဝန်းကျင်လေးကို သေချာဂရုစိုက်လိုက်ရုံနဲ့ ဒါလည်း ပတ်ဝန်းကျင်ကို ကူညီရာရောက်တယ်။ အစ်မတို့က တစ်နေရာရာသွားပြီး တစ်ခုခုလုပ်မှ မဟုတ်ဘူး။ ကိုယ့်ပတ်ဝန်းကျင်လေးကို အမြဲတမ်း ရှင်ရှင်သန်သန်လေးနဲ့ လှပအောင်၊ ကိုယ့်ပတ်ဝန်းကျင်ကို လှပအောင် သစ်ပင်လေးတွေစိုက်ထားတာ၊ အဲ့ဒါမျိုးတွေကလည်း ကမ္ဘာကြီးအတွက်၊ လူတွေအတွက်၊ လောကကြီးအတွက် ကောင်းတယ်။ ဆိုတော့ ဘာပဲလုပ်နေလုပ်နေ ကိုယ်လုပ်နေတဲ့အလုပ်က ကောင်းတဲ့အလုပ်နဲ့ တခြားလူတစ်ယောက်ကို အကျိုးပြုတယ်ဆိုရင် ပရဟိတပါပဲ။

စာချစ်သူတို့လည်း မခင်နှင်းကြည်သာရဲ့ အင်တာဗျူးလေးကို နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပတ်ဝန်းကျင်ကို လှပအောင် နိုင်တဲ့အားလေးနဲ့ ဆောင်ရွက်ပေးရင်း သာယာပျော်ရွှင်တဲ့ လောကဝန်းကျင်တစ်ခုကို အတူတကွတည်ဆောက်လိုက်ကြစို့လာရှင်။