မေမေတွေ ကိုယ့်ကိုယ်ကို အချိန်ပေးကြစေဖို့

0
234

ပရိသတ်ကြီးရေ…

မိခင်တစ်ယောက်ရဲ့ဘဝဆိုတာ မိသားစုအတွက်၊ သားသမီးတွေအတွက် ပေးဆပ်မှုတွေ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ ပြည့်နှက်နေတာ အားလုံးသိကြပါတယ်။ မေမေတွေဟာ အိမ်ထောင်ရက်သားကျပြီး ရင်သွေးကိုယ်ဝန်လွယ်ထားရပြီ ဆိုကတည်းက မမြင်ရသေးတဲ့ ဗိုက်ထဲက ကလေးလေးကျန်းမာရေးအတွက် ကိုယ်ကြိုက်တဲ့အစားအသောက်တွေကိုရှောင်၊ အနေအထိုင် ဆင် ခြင်ရပါတော့တယ်။ ကြီးမားတဲ့မေတ္တာတရားကြောင့် ကိုယ့်အတ္တတွေကို စွန့်လွှတ်ပြီး ကလေးအတွက် နံပါတ်တစ်ဦးစားပေးလိုက်ကြတယ်။ အဲဒီအချိန်ကတည်းက ကိုယ့်ရဲ့အချိန်တွေကို ကလေးအတွက် စတင်ပေးဆပ်လိုက်ကြတော့တယ်။ မွေးဖွားလာတော့လည်း ကလေးလေး ကျန်းမာစွာ အရွယ်ရောက် ကြီးပြင်းစေဖို့ ကိုယ့်အချိန်တွေအကုန်ပေးပြီး ပြုစုပျိုးထောင်စောင့်ရှောက်ကြတယ်။ မနက်လင်းလို့ မျက်စိနှစ်လုံးပွင့်တာနဲ့ ခင်ပွန်းသည်အတွက်၊ သားသမီးအတွက် ဝေယျာဝစ္စတွေကို ဇယ်ဆက်သလိုလုပ်ရင်း တစ်နေ့တာကို ကုန်ဆုံးမှန်းမသိကုန်ဆုံးစေကြတာကလည်း  မေမေတွေပါ။

တကယ်တော့ မိခင်ဆိုတာ မိသားစုတစ်စုဘဝသာယာပျော်ရွှင်အောင် ဖန်တီးပေးနိုင်တဲ့ အဓိက ဒေါက်တိုင်ဖြစ်ပါတယ်။ မိသားစုအတွက် ပေးဆပ်ခြင်းတွေနဲ့ ရှင်သန်နေတဲ့မိခင်တစ်ယောက်ရဲ့ ဘဝကလည်း အဓိပ္ပာယ်ရှိသောဘဝဖြစ်ပါတယ်။ ဒါပေမဲ့ မိခင်ဆိုတာလည်း သွေးသားနဲ့တည်ဆောက် ထားတဲ့ လူသားတစ်ယောက်ဖြစ်တဲ့အတွက်၊ ခံစားတတ်တဲ့နှလုံးသားနဲ့ တည်ဆောက်ထားတဲ့ ဘဝ တစ်ခုဖြစ်တဲ့အတွက် အခြားသူတွေအတွက်ပဲ ဘဝကိုမြုပ်နှံထားရင်တော့ ရေရှည်မှာ ကိုယ်ပိုင်ရပ် တည်မှုအဓိပ္ပာယ် ဆုံးရှုံးသွားပါလိမ့်မယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

“ အသက်ရှင်သန်နေရုံနဲ့ ဘဝအဓိပ္ပာယ်မပြည့်စုံဘူး ” ဆိုတဲ့ စကားလေးလိုပါပဲ။ ဘဝဆိုတာ အသက်ရှင်သန်နေစဉ်မှာ ရှေ့ကိုလည်း မရပ်မနားလျှောက်လှမ်းနေမှ အဓိပ္ပာယ်ပြည့်စုံတာပါ။ မိသားစု အတွက် အိမ်ရှင်မကောင်း၊ မိခင်ကောင်းတစ်ယောက်ဖြစ်ရတဲ့ဘဝဟာ အဓိပ္ပာယ်ရှိတဲ့ဘဝပါ။ ဒါပေမဲ့ ကိုယ်ပိုင် ရပ်တည်မှုကို ပျောက်ဆုံးမခံဘဲ တစ်ဖက်တစ်လမ်းကလည်း ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင်ထားနိုင် တဲ့သူ ဖြစ်သင့်ပါတယ်။ ကိုယ့်ဘဝက ပြည့်ဝပျော်ရွှင်လေ မိသားစုကိုလည်း ပျော်ရွှင်စရာတွေ ပြန်လည် ဝေမျှနိုင်လေပါပဲ။

ဒါကြောင့် ကိုယ်က မိခင်တစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင် သာယာတဲ့မိသားစုဘဝလေးကို တည်ဆောက်နိုင်တဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားပါ။ ဘဝကိုပိုပြီး အဓိပ္ပာယ်ရှိစေဖို့ ကိုယ်တိုင်အတွက် လည်း ဝါသနာပါရာလေးတွေ လုပ်ဆောင်ဖို့ အချိန်ပေးပါ။ ကျန်းမာရေးကို ဂရုစိုက်ပါ။ ချစ်ခင်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့ဆုံပါ။ ရည်မှန်းချက်လေးတွေကို အကောင်အထည်ဖော်ပါ။ သစ်ပင်လေးတွေ စိုက်ပါ။ အဲဒါဆိုရင်တော့ ကိုယ့်ရဲ့မိခင်ဘဝလေးကို ပိုမိုပြီးပြည့်စုံစေမယ့် နေပျော်ကျေနပ်စရာ အကောင်းဆုံးဘဝလေးတစ်ခုက ကြိုဆိုနေမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူးနော်။

ကဲ… သင်လည်း မိခင်တစ်ယောက်ဖြစ်နေတယ်ဆိုရင် သင့်ကိုယ်သင်အတွက် အချိန်ပေးဖို့ လည်း မမေ့ပါနဲ့နော်။ မိခင်များအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါ တယ်ရှင်။ ဆောင်းပါးလေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။