နေချင်စဖွယ်အိမ်လေးဖြစ်စေဖို့ နည်းလမ်း (၆) သွယ်

0
146

        အိမ်တစ်အိမ်ထဲကို ဝင်လိုက်တာနဲ့ အဲဒီအိမ်မှာ ဘယ်လိုစွမ်းအင်တွေရှိနေလဲ၊ ပျော်စရာကောင်းပြီး နွေးထွေးတဲ့အိမ်လေးလား ဆိုတာကို သိနိုင်ပါတယ်။ အပြင်ကနေ အလုပ်ပင်ပန်းပြီး ပြန်လာရင် အိမ်ထဲကိုရောက်တာနဲ့အမောပြေသွားတာမျိုး ဖြစ်ချင်တယ်မဟုတ်လား။ ဒါဆိုရင် အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးတွေကို အသုံးချကြည့်ပါ။

၁။ မနက်တိုင်း အိပ်ရာသိမ်းပါ။

မနက်ခင်းတိုင်းကို အိပ်ရာသိမ်းတတ်တဲ့အကျင့်လေးနဲ့စတင်ကြည့်ပါ။ အိပ်ရာသိမ်းတာက ၅ မိနစ်တောင်မကြာပါဘူး။ ဒါပေမဲ့ ညဘက်တွေပင်ပန်းပြီးပြန်လာရင် အလွယ်တကူ အိပ်နိုင်ပြီပေါ့။

၂။ လိုက်ကာတွေ၊ ပြတင်းပေါက်တွေကို ဖွင့်ထားပါ။

နေ့ခင်းဘက်တွေဆိုရင် သဘာဝအလင်းရောင်တွေနဲ့ အိမ်ကိုအလင်းပေးပါ။ သဘာဝအလင်းရောင်တွေက စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေပါတယ်။

၃။ စားပြီးသားပန်းကန်တွေကို ချက်ချင်းဆေးပါ။

တစ်အိမ်လုံးကို သန့်ရှင်းနေအောင်ထားတာကလည်း တကယ်အသုံးဝင်တဲ့နည်းလမ်းပါ။ စားပြီးသားပန်းကန်တွေကို ပုံထားရင် အနံ့အသက်လည်းမကောင်း၊ ကျန်းမာရေးနဲ့လည်း မညီညွတ်တဲ့အပြင် မြင်မကောင်းပါဘူးနော်။ ဒါကြောင့် စားပြီးတာနဲ့ပန်းကန်တွေဆေးပါ။

၎။ အိမ်ခန်းထဲမှာ အပင်လေးတွေထားပါ။

အစိမ်းရောင်အပင်လေးတွေက အမြင်လှစေရုံတင်မကဘူး၊ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ပြီးတော့ အိပ်ခန်းထဲမှာ အပင်စိုက်ထားတဲ့ ပန်းအိုးထားရင် ပိုပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတယ်လို့ သိရပါတယ်။

၅။ TVတွေ၊ ဖုန်းတွေကို အိပ်ခန်းနဲ့မီးဖိုချောင်ထဲမှာ မထားပါနဲ့။

မိသားစု ထမင်းလက်စုံစားတဲ့အချိန်၊ အိပ်ခါနီးအနားယူတဲ့အချိန်တွေမှာ ဖုန်းတွေ၊ TV တွေကို ဝေးဝေးထားပါ။ ဒါတွေက ထမင်းစားချိန်တွေနဲ့ အိပ်ချိန်တွေအတွက် အနှောင့်အယှက်တွေပါ။

၆။ ကုန်သွားတာတွေကို အချိန်မီပြန်ဖြည့်ပါ။

ပန်းကန်ဆေးဆပ်ပြာရည်တွေ၊ အိမ်သာသုံးစက္ကူတွေ စတဲ့ အိမ်သုံးကုန်တွေ ကုန်ပြီဆိုတာနဲ့ ချက်ချင်းဝယ်ပြီး ပြန်ဖြည့်ထားပါ။ ဒါဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်တော့သလို၊ စိတ်လည်း မညစ်ရတော့ဘူးပေါ့။

ဒီနည်းလမ်းလေးတွေက တကယ့်ကိုရိုးရှင်းတဲ့နည်းလမ်းလေးတွေပါ။ အိမ်ရှင်မအများစုလည်း ဒီနည်းလမ်းလေးတွေအတိုင်း လုပ်ဆောင်နေတာတွေ ရှိပါတယ်။ သင်ရော ဘယ်နည်းလမ်းလေးတွေနဲ့ အိမ်ကိုလှပသန့်ရှင်းအောင် လုပ်နေလဲ… နည်းလမ်းလေးတွေ ဝေမျှပေးခဲ့ပါဦးနော်။

Leave a Reply