ဦးတည်ချက်ရှိရှိ လျှောက်လှမ်းခြင်း

0
264

စာချစ်သူတို့ရေ…။

ကျွန်မတို့အားလုံးအခန်းကျယ်ကြီးတစ်ခန်းထဲကိုရောက်နေတယ်ဆိုကြပါစို့။ ကျွန်မက သင့်ကို အခန်းရဲ့ ဟိုးဘက်ထောင့်ဆုံးကို တည့်တည့်လျှောက်သွားဖို့ ပြောလိုက်တယ်။ သင်ကကျွန်မပြောတဲ့နေရာကိုလျှောက်သွားနေတဲ့အခါမှာ ကျွန်မအနေနဲ့ သင့်ရှေ့မှာ ခုံတစ်ခုံပိတ်ပြီး ထားလိုက်တယ်ဆိုရင် သင်ဘာလုပ်မလဲ။ ခုံကိုပတ်ပြီး သင်ရောက်အောင် သွားရမယ့်နေရာကို သွားမှာမဟုတ်လား။ ကျွန်မကတည့်တည့်သွားဖို့ ပြောလိုက်ပေမယ့် သင်ကတော့ ရောက်အောင်သွားဖို့ ကွေ့လိုက်မှာ သေချာပါတယ်။ အဲ့တာက ဦးတည်ချက်ရှိတယ်ဆိုရင် ဘယ်လိုအကြောင်းပြချက်တွေပဲရှိရှိ၊ ပြဿနာတွေ ဘယ်လောက်ရှိရှိ ရင်ဆိုင်ကျော်လွှားပြီး ပန်းတိုင်ကို ရောက်အောင်သွားမယ်ဆိုတဲ့ လူတွေရဲ့ ထူးခြားတဲ့ စရိုက်လက္ခဏာပါပဲ။

အဲ့ဒီလိုပဲ နောက်တစ်ခါမှာ အခန်းထဲကတစ်နေရာရာကို ရောက်အောင်သွားပါလို့ ပြောလိုက်တယ်ဆိုရင် သင်က သွားချင်တဲ့နေရာကို သွားနေလိမ့်မယ်။ ကျွန်မက သင့်ရှေ့မှာ အခုနကလိုပဲ ခုံတစ်ခုံပိတ်ပြီးထားလိုက်မယ်။ အဲ့ဒီအချိန်မှာ သင်က သင်သွားနေတဲ့နေရာကနေ သွေဖယ်ပြီးနောက်တစ်နေရာကို သွားဖြစ်မလား။ ဒါမှမဟုတ်ကွေ့ပြီး သင်စလျှောက်ခဲ့တဲ့နေရာကို ပြန်လာမလားဆိုတာ မသေချာပါဘူး။ အခက်အခဲချင်းအတူတူ ဦးတည်ချက်ရှိတဲ့အခါမှာ သင်က ရောက်အောင်သွားခဲ့ပြီး ဦးတည်ချက်မရှိတဲ့အခါမှာတော့ ဝေဝါးသွားခဲ့တယ်။  ဘယ်ကိုလျှောက်ရမလဲ၊ မသိတော့ဘဲ ရောက်ချင်ရာရောက်ဆိုတဲ့သဘောနဲ့ ကွေ့ခဲ့လိုက်တယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ရည်ရွယ်ချက်တွေ တိကျပြတ်သားတဲ့သူနဲ့ မပြတ်သားတဲ့သူက တူညီတဲ့အခက်အခဲ၊ တူညီတဲ့ပြဿနာတွေ ကြုံတွေ့ရရင်တောင် ရည်ရွယ်ချက်ရှိတဲ့သူက ဦးတည်ချက်တွေရှင်းလင်းတယ်၊ သွားမယ့်လမ်းတွေ ဘယ်လိုကွေ့ကောက်ပါစေ၊ ရောက်ရမယ့်နေရာကို အရောက်သွားမယ်။ ဒါ့ကြောင့် ခြေလှမ်းတွေက အရေးမကြီးပါဘူး။ ဘယ်ကိုရောက်မယ့်ခြေလှမ်းတွေလဲ ဆိုတာပဲ အရေးကြီးပါတယ်။

စာချစ်သူတွေအားလုံးရောက်ချင်တဲ့နေရာအရောက် မဝေဝါးဘဲ လျှောက်လှမ်းနိုင်ကြပါစေရှင်။

Leave a Reply