အကြိမ်ကြိမ်ဖောက်ပြန်နေတဲ့သူကို ကွာရှင်းလိုက်တာ ကျွန်မမှားလား။

0
171
Sad depressed fail down perforated paper

ကျွန်မက (၂ဝ၁၇) လောက်မှ လက်ထပ်ခဲ့တာပါ။ လက်ထပ်ပြီးကတည်းက တစ်ရက်မှ စိတ်ချမ်းသာရတယ်ဆိုတာ မရှိပါဘူး။ ကျွန်မခင်ပွန်းက ဖောက်ပြန်တဲ့အပြင် ကျွန်မကို ကိုယ်ထိလက်ရောက် ရိုက်တာ (၃) ကြိမ်ရှိပါပြီ။ လူကြီးမိဘတွေကို ပြောတော့လည်း အိမ်ထောင်သက်ကြာလာရင် အဆင်ပြေသွားမှာဆိုပြီး ကျွန်မကိုဖြောင့်ဖျတယ်။ သူ့ကိုနည်းနည်းပါးပါး ဆုံးမလိုက်ရင် သူကနောက်ထပ်မဖြစ်စေရဘူးလို့ ကတိပေးတတ်တယ်။ နှစ်ဖက်မိဘတွေက နှစ်ယောက်စလုံးကို ဆုံးမပြီး သည်းခံကြဖို့ သူ့ကိုလည်းခြေငြိမ်ဖို့ ပြောလိုက်ရင်သူက တစ်ပတ်ဆယ်ရက်လောက်တော့ ငြိမ်နေတတ်ပါတယ်။ နောက်တော့ သူ့အကျင့်ကအရင်အတိုင်းပဲ ပြန်ပြန်ပြီး ဖြစ်လာပါတယ်။

လွန်ခဲ့တဲ့တစ်လလောက်က ကျွန်မနဲ့သူ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပွဲကို သွားပါတယ်။ အဲ့ဒီမှာ သူက ပွဲမပြီးသေးဘဲနဲ့ သူက ကျွန်မကို အိမ်ပြန်ဖို့ပြောပါတယ်။ ကျွန်မကမပြန်ချင်ပေမယ့် သူနားချင်လို့ဖြစ်မှာပါ ဆိုတဲ့စိတ်နဲ့ အိမ်ပြန်ခဲ့လိုက်ပါတယ်။ နောက်တော့သူက ကျွန်မကို အိမ်မှာထားပြီး မွေးနေ့ပွဲကို ထပ်သွားပါတယ်။ အဲ့ဒီမှာ ကောင်မလေးတစ်ယောက်နဲ့ ပရောပရီလုပ်ပြီး စကားတွေပြောနေတယ်လို့ သူငယ်ချင်းတွေက ပြောပါတယ်။ ကျွန်မသူ့ကို ချက်ခြင်းဖုန်းဆက်တော့ သူက အလုပ်အကြောင်းပြောနေတယ်လို့ပြောပါတယ်။ ကျွန်မဘာမှမပြောဘဲ နေလိုက်ပါတယ်။

အဲ့ဒီနေ့က သူမိုးလင်းခါနီးမှ အိမ်ပြန်ရောက်လာပါတယ်။ သူအိမ်ပြန်ရောက်လာတော့ သူနဲ့ကောင်မလေး စကားပြောနေတဲ့ ဓာတ်ပုံတွေ၊ ပါတီပွဲပြီးတော့ တည်းခိုခန်းတစ်ခုကို ဝင်သွားတဲ့ပုံတွေ ပြပြီး ကျွန်မဆက်သည်းမခံနိုင်တော့တဲ့အကြောင်းပြောပြီး ကွာရှင်းခွင့်တောင်းပါတယ်။ သူက အခြားကောင်မလေးတွေက အပျော်တွဲတာဖြစ်တဲ့အကြောင်း ကျွန်မကိုပဲ တကယ်ချစ်တဲ့အကြောင်း ပြောတယ်။ နောက်ထပ်မဖြစ်စေရဘူးလို့လဲ ကတိပေးတယ်။ ကျွန်မလေ အိမ်ထောင်သက် ရှစ်လအတွင်းမှာလည်း သူဖောက်ပြန်သမျှတွေကိုလည်း အကြိမ်ကြိမ်သည်းခံခဲ့ပြီးပြီ။ ကျွန်မရှာတဲ့ပိုက်ဆံတွေနဲ့ ခြိုးခြံချွေတာပြီး အိမ်မှာ သုံးနေခဲ့ပေမယ့် သူကတော့ သူ့ရဲ့ ငွေတွေကို အခြားမိန်းမတွေကို ထောက်ပံ့နေတာကို ကျွန်မငြိမ်ခံနေခဲ့တယ်။

သူငယ်ချင်းတွေရှေ့မှာတောင် မရှောင်ဘဲဖောက်ပြန်နေတဲ့သူကို ကျွန်မဆက်ပြီး သည်းမခံနိုင်တော့ဘူး။ ဒါ့ကြောင့် သူ check box ကစာတွေ၊ ကျွန်မသူငယ်ချင်းတွေက ပို့ပေးတဲ့ပုံတွေကို နှစ်ဖက်မိဘတွေကို ပြပြီး ကွာရှင်းခွင့်တောင်းတယ်။ မိဘတွေက သားသမီးရလာရင် ငြိမ်သွားမှာပါ။ ဆက်သည်းခံပြီး သားသမီးယူဖို့ ကျွန်မကိုအကြံပေးတယ်။ အိမ်ထောင်သက်နုနုမှာတောင် ဖောက်ပြန်နေတဲ့သူဟာ နောင်လည်းမဖောက်ပြန်နိုင်ဘူးဆိုတာ ကျွန်မလုံးဝယုံကြည်လို့ မရတော့ဘူး။ ယုံကြည်လိုစိတ်လည်းမရှိတော့ဘူး။

ကျွန်မမိဘတွေက တစ်ခုလပ်မိန်းမတစ်ယောက်အနေနဲ့ ဘဝမှာ ဘယ်လိုတင့်တယ်ပါ့မလဲတဲ့။ ကျွန်မတို့မျိုးရိုးမှာလည်း အိမ်ထောင်ကွဲမရှိတဲ့အတွက် သိက္ခာကျမယ်ဆိုပြီး ဖြောင့်ဖျကြတယ်။ ကျွန်မကတော့ သူနဲ့ပေါင်းသင်းနေပြီး စိတ်မချမ်းမသာဖြစ်နေမယ့်အတူတူ၊ ကိုယ့်ဘဝကို ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်ဖို့ဆုံးဖြတ်ခဲ့တယ်။ ပတ်ဝန်းကျင်က ကျွန်မကိုကဲ့ရဲ့မှာစိုးရိမ်နေတယ်ဆိုရင် အဲ့ဒီအိမ်ထဲမှာနေ့တိုင်းပူပန်ကြောင့်ကျနေရတာတွေကို ကျွန်မခံစားနေရလိမ့်မယ်။ ဒါ့ကြောင့် အားလုံးရဲ့စကားတွေကို တွန်းလှန်ပြီး လွန်ခဲ့တဲ့ တစ်ပတ်ကပဲ သူနဲ့ ကွာရှင်းခဲ့လိုက်တယ်။

ကျွန်မမှားလားဟင်…..။

Leave a Reply