အဝေးတစ်နေရာက မေမေ့အတွက် သမီးတစ်ယောက်ရဲ့ အမေများနေ့လွမ်းချင်းကဗျာ

0
314

မေမေရေ…..။

မေမေနဲ့ဝေးနေတဲ့နေ့တွေမှာ မေမေ့အရိပ်ကို သိပ်လွမ်းတာပဲ။ မေမေနဲ့အတူရှိနေတုန်းက မေမေ့ရဲ့ဗျစ်တောက်ဗျစ်တောက်အသံလေးတွေကို နားပူစရာလို့ထင်မိခဲ့ပေမယ့် သမီးရဲ့လိုအပ်ချက်တွေကို သမီးထက် အရင်သိနေခဲ့တဲ့ မေမေ့ကို လွမ်းလိုက်တာမေမေရာ။ မေမေနဲ့အဝေးကို ပထမဦးဆုံးရောက်လာမှပဲ မေမေဟာသမီးအတွက် ဘယ်လောက်လိုအပ်လဲဆိုတာကို သိလာခဲ့တယ်မေမေ။

သမီးမှတ်မိသေးတယ်မေမေ သမီးငယ်ငယ်တုန်းက ပထမဦးဆုံး ကျောင်းသွားတဲ့နေ့ကပေါ့။ မေမေနဲ့မခွဲစဖူးစခွဲရတော့ သမီးကြူကြူပါအောင် ငိုနေခဲ့တယ်။ အဝတ်အစားအသစ်တွေ၊ ကျောပိုးလွယ်အိတ်အသစ်တွေ၊ ဖိနပ်အသစ်တွေရတာတောင် သမီးတစ်ယောက်မပျော်နိုင်ဘဲ ကျောင်းပေါက်ဝမှာ “မေမေနဲ့ပြန်လိုက်မယ်” လို့ အော်နေခဲ့တဲ့ သမီးကို ဖက်ပြီး “မကြာပါဘူး သမီးရယ်။ သုံးနာရီထိုးရင် မေမေလာခေါ်မှာပါ” လို့ သမီးကိုနှစ်သိမ့်ပေးပြီး သမီးကိုဆရာမလက်ထဲ ထည့်ပေးခဲ့တယ်။ ကျောင်းထဲမှာ သမီးသူငယ်ချင်းတွေ၊ ဆရာမတွေနဲ့ ပျော်ရွှင်ပြီး မေမေ့ကိုမေ့သွားခဲ့တယ်။ ကျောင်းဆင်းတဲ့အချိန် သမီးအပြင်ကိုရောက်လာတဲ့အချိန်ကျမှ သမီးကိုသိပ်လွမ်းပြီး မျက်ရည်တွေဝဲနေခဲ့တဲ့ မေမေ့ကိုကြည့်ရင်း “ မကြာပါဘူး” လို့ နှစ်သိမ့်ပေးခဲ့တာဟာ သမီးကိုမဟုတ်ဘဲ မေမေ့ကိုယ်ကိုမေမေဆိုတာကို သမီးသဘောပေါက်လာခဲ့တယ်မေမေ။

သမီးပထမဦးဆုံး စာမေးပွဲဆိုတာကို စတွေ့ရတော့ “မကြောက်ပါနဲ့ သမီးရာ။ ဘဝစာမေးပွဲဆိုတာ သမီးအခုဖြေရမယ့် စာမေးပွဲထက်အဆပေါင်းများစွာ ခက်ခဲနက်နဲတယ်။ အခုဖြေရမယ့် စာမေးပွဲက ဘာမှမဟုတ်သေးဘူး” လို့ မေမေအားပေးခဲ့တယ်။ သူငယ်တန်းအရွယ်ကလေးတစ်ယောက်က အဲဒီလောက်နက်နဲတဲ့ စကားလုံးတွေကို နားမလည်လောက်ဘူးဆိုတာ မေမေသိတော့သိလောက်မှာပါ။ တကယ်တမ်းတော့ အဲ့ဒီစကားတွေဟာ မေမေ့ကိုယ်မေမေ အားပေးတဲ့စကားတွေဆိုတာကို စာမေးပွဲခန်းရှေ့မှာ ချွေးပျံရင်းစောင့်နေတဲ့ မေမေ့ကိုကြည်ပြီး သမီးနားလည်လာခဲ့တယ်မေမေ။

သမီးပထမဦးဆုံးအလုပ်ရတော့ မေမေသမီးကိုအားပေးတယ်။ “ ဘဝမှာ ပထမဦးဆုံးလှမ်းခဲ့တဲ့ခြေလှမ်း၊ ပထမဦးဆုံးကျောင်းစတက်တဲ့ရက်တွေလိုပဲ ပထမဦးဆုံးအလုပ်ဟာ အစပိုင်းမှာ ရင်ခုန်စိတ်လှုပ်ရှားနေပေမယ့် တစ်သက်တာလုံးမှာတော့ အမှတ်တရဖြစ်စရာ၊ ပြန်တွေးလိုက်တိုင်း ပြုံးချင်စရာလေးတွေဖြစ်လာမှာပါ” တဲ့။ တကယ်တော့ သမီးရဲ့အလုပ်က မြို့မှာဆိုတော့ မေမေနဲ့ခွဲခွာလာရမယ်ဆိုတာကိုသိလို့ မေမေ့ကိုယ်မေမေ အားပေးနှစ်သိမ့်နေတဲ့ စကားတွေဆိုတာ သမီးသိပါတယ်မေမေ။ မေမေနဲ့အဝေးကိုရောက်လာခဲ့ရင် ပေါ့ပါးလာလိမ့်မယ်။ မေမေ့ရဲ့နေရာတကာမှာ လိုက်ပြောတတ်တာလေးတွေနဲ့ ဝေးလာလို့ လွတ်လပ်လာလိမ့်မယ်လို့ ထင်ခဲ့မိတယ်။ တကယ်တမ်း လူတွေနဲ့ထိတွေ့ဆက်ဆံရတော့မှပဲ မေမေ့ရဲ့ဆူပူတဲ့စကားတွေဟာ ဘယ်လောက်ထိ စေတနာတွေပါလဲဆိုတာကို သမီးသိမြင်လာခဲ့တယ်မေမေ။

မေမေရေ မေမေပြောခဲ့ဖူးတဲ့စကားလေးကို သမီးမှတ်မိသေးတယ်။ “ ယောက်ျားမှာဖိနပ်၊ မိန်းမမှာ နားကပ် ဆိုသလိုပဲ မိန်းကလေးမှန်ရင် နားကပ်ကောင်းကောင်းလေးတစ်ရံတော့ရှိသင့်တယ်။ သမီး ပထမဦးဆုံးလခရရင် နားကပ်ကောင်းကောင်းလေးတစ်ရံတော့ဝယ်” တဲ့။ သမီးကိုအဲ့ဒီလို ပြောတဲ့ မေမေ့နားကတော့ ဗလာကျင်းလို့နော်။ သမီးသိပါတယ်။ သမီးနဲ့ ညီမလေးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ မေမေ့ရဲ့မိဘတွေဝယ်ပေးခဲ့တဲ့ ပထမဦးဆုံးနားကပ်လေးကို မေမေစတေးပစ်ခဲ့တယ်မဟုတ်လား။ “သမီးရဲ့ဘဝခရီးမှာ စိန်စီတဲ့အိပ်မက်တွေကို ပိုင်ဆိုင်ခွင့်ရပြီး ရွှေခင်းတဲ့ခရီးတွေကို လျှောက်လှမ်းနိုင်ပါစေ” လို့ မေမေဆုပေးခဲ့တယ်။

မေမေရေ…

မေမေ့စောင့်ရှောက်မှုဟာ  စိန်စီတဲ့အိပ်မက်တွေကို တကယ်ဖြစ်အောင် ကြိုးစားဖို့အားတွေဆိုတာကိုတော့ မေမေသိများသိပါလေစ။ သမီးရဲ့ပထမဦးဆုံးလခရတဲ့ အထိမ်းအမှတ်နဲ့ မေမေ့အတွက် စိန်နားကပ်လေးတစ်ရံဝယ်ထားတယ်နော်။ မေမေ့အတွက် ပထမဦးမဟုတ်ပေမယ့် သမီးကမေမေ့ကိုဝယ်ပေးတဲ့ ပထမဦးဆုံးလက်ဆောင်ဆိုတော့ မေမေ့အတွက် အမှတ်တရဖြစ်မယ်လို့ မျှော်လင့်ပါတယ်မေမေ။ သမီးအတွက် စိန်စီတဲ့အိပ်မက်တွေဟာ မေမေ့ဆီကနေ အရင်စတယ်ဆိုတာကို မေမေ့ကိုသိစေချင်ပါတယ်။ မေမေ့အတွက် အမှတ်တရများစွာဖြစ်စေမယ့် နားကပ်လေးကို အရည်အသွေးလည်းကောင်းမွန်အောင်၊ သမီးတတ်နိုင်တဲ့ ဈေးလည်းဖြစ်ပြီး ဈေးနှုန်းသင့်တင့်အောင် သမီးသေချာရွေးချယ်ထားတယ်မေမေ။ ဒီနှစ်အမေများနေ့မှာ မေမေ့မျက်နှာ စိန်ပွင့်လေးတွေနဲ့ အပြိုင်လန်းဆန်းနေမှာကို မြင်ယောင်ပါသေးတယ်။ တစ်လစာလခကုန်သွားပြီဆိုတော့ မေမေ့ဆီက မုန့်ဖိုးပြန်တောင်းရမှာမို့ ပြန်ဖားထားတာ မေမေရေ။

မေမေသမီး ပထမဦးဆုံး မေမေမသိအောင်ဝယ်တဲ့ ပစ္စည်းမို့လို့ အမှားပါမှာကိုတော့ မေမေလုံးဝစိတ်ချပါမေမေ။ အရည်အသွေးစိတ်ချရလို့ ကောင်းသတင်းကျော်ဇော်တဲ့ တော်ဝင်စိန်တိုက်က ဝယ်ထားတာဆိုတော့ ဈေးနှုန်းနဲ့ အရည်အသွေးလုံးဝစိတ်ချထားလိုက်ပါ။

မေမေ့ကို ချစ်တယ်။

ဒီနှစ်အမေများနေ့မှာသင့်အမေကိုပြောချင်တဲ့ စကားလေးတွေကို comment box မှာ ရေးပေးခဲ့ပါဦးနော်။

စာချစ်သူတို့ရဲ့ ခံစားမှုရသအတွက် တော်ဝင်စိန်တိုက်နဲ့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ တော်ဝင်စိန်တိုက်တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။