အိမ်ထောင့်တာဝန်တွေလည်း ထမ်းဆောင်ရ စီးပွားလည်းရှာနေရတဲ့ အိမ်ရှင်မတစ်ယောက်ရဲ့ ဘဝ

0
122

ကျွန်မနဲ့ကျွန်မခင်ပွန်းလက်ထပ်ခဲ့တာ ဆယ့်ရှစ်နှစ်လောက်ရှိပါပြီ။ ကျွန်မတို့မှာ သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။ ကျွန်မသမီးလေးမွေးပြီး သိပ်မကြာခင်မှာပဲ ကျွန်မခင်ပွန်း အလုပ်ပြုတ်သွားခဲ့ပါတယ်။ အလုပ်ပြုတ်သွားတာကို အလုပ်အသစ်မရှာဘဲ စိတ်ညစ်လို့ဆိုပြီး နေ့နေ့ညညအရက်တွေဆက်တိုက်သောက်ခဲ့ပါတယ်။ သူ့ရဲ့ဘဝကို အရက်ထဲစိမ်ထားပြီး လောကကြီးကို သူကမေ့ထားတဲ့အခါ ကျွန်မရဲ့ကလေးနှစ်ယောက်နဲ့ ကျွန်မရဲ့ စားဝတ်နေရေးအတွက် မနေနိုင်တဲ့ကျွန်မကပဲ အလုပ်ထွက်လုပ်ရပါတယ်။ လက်မထပ်ခင်ကတည်းက လုပ်ခဲ့တဲ့အလုပ်က ကျွန်မကိုပြန်လက်ခံတဲ့အတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှုလည်း ရှိတာကြောင့် အဆင်ပြေခဲ့ပါတယ်။ အလုပ်တစ်ဖက်၊ အိမ်မှုကိစ္စတွေကတစ်ဖက်နဲ့ ရုန်းကန်ရင်း ဘဝကိုရင်ဆိုင်လာတာဆိုရင် သမီးငယ်လေးတောင် ခုနှစ်တန်းရောက်ပါပြီ။

အမျိုးသမီးတစ်ယောက်အနေနဲ့ စီးပွားရှာရတဲ့အပြင်၊ ကလေးနှစ်ယောက်ရဲ့ ဝေယျာဝစ္စတွေ အိမ်အလုပ်တွေနဲ့ လုံးချာလိုက်ရင်း အရက်နဲ့လောကကြီးကို ကျေနပ်နေတဲ့ ခင်ပွန်းနဲ့ စကားများဖို့အချိန်မရှိတော့သလို၊ စကားလည်းဟက်ဟက်ပက်ပက်မပြောဖြစ်တော့ပါဘူး။ (၂၄) နာရီပတ်လုံးအရက်နဲ့ နစ်မြောနေတတ်တဲ့သူ့ရဲ့ ကျန်းမာရေးကလည်း အရင်ကလိုမကောင်းတော့ပါဘူး။ သားသမီးနှစ်ယောက်အတွက် အဖေလို့ ခေါ်စရာရှိတာကလွဲရင် ကျွန်မနဲ့ သားသမီးနှစ်ယောက်ကို သူစိတ်လည်း မဝင်စားသလို၊ ဘာမှလည်း မေးဖော်မရပါဘူး။ ကျွန်မကလည်း သူ့နဲ့မေးတစ်ခွန်းဖြေတစ်ခွန်းက လွဲရင် မျက်နှာချင်းဆိုင်ဖြစ်တယ်လို့တောင် မရှိပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မသူ့ကို တမင်ရှောင်ဖယ်နေတာမဟုတ်ပေမယ့် ကလေးတွေအတွက် တာဝန်ကျေတဲ့ မိခင်တစ်ယောက်ဖြစ်ချင်ပါတယ်။ အလုပ်ကိုလည်း အချိန်ပိုတွေဆင်းပြီး အပိုဝင်ငွေရအောင် ရှာရပါတယ်။ မကြာမီမှာ တက္ကသိုလ်တက်ရတော့မယ့် သားအတွက် ငွေတွေလိုလာတော့မယ်လေ။ သားသမီးနှစ်ယောက်ကလိမ်မာလို့ ငွေပိုသိပ်မသုံးတတ်တာကြောင့်သာ ကျွန်မသက်သာရနေတာပါ။

ကျွန်မလေ ဘဝကိုဘယ်တော့မှ အရှုံးမပေးပါဘူး။ ကျွန်မသားနဲ့သမီးအတွက် အကောင်းဆုံးကျော်ဖြတ်ပြီး အကောင်းဆုံးကြိုးစားနေပါတယ်။ ဒါပေမဲ့လည်း ကျွန်မခင်ပွန်းက ကျွန်မကို အခုတစ်လောပြဿနာတွေ အရမ်းရှာလာတယ်။ အလုပ်ချိန်နောက်ကျတာကိုလည်း ကျွန်မကို အမျိုးမျိုးစွပ်စွဲတယ်။ ကျွန်မကဖောက်ပြန်နေတာ၊  ကိုယ်ကျင့်တရားပျက်ပြားနေတာ စသဖြင့် သမုတ်နေတော့ အလုပ်များတဲ့ကြားက ကျွန်မစိတ်ရှုပ်ရတယ်။ တိုင်ပင်စရာလူမရှိ၊ ကိုယ်ခွဲမရှိတဲ့အပြင် ခင်ပွန်းက အကူအညီမပေးတဲ့အပြင် နှောင့်ယှက်နေတော့ ကျွန်မစိတ်ညစ်မိတယ်။

ကျွန်မဘာလုပ်ရမလဲဟင်…..