အင်တာနက်ခေတ်နှင့် ချစ်သူတွေကြားက အချစ်ရေး အခြေအနေ

0
324

ယနေ့ခေတ်မှာ ကျွန်မတို့အများစုဟာ အချစ်ရေးတွေကို တည်ဆောက်ကြတဲ့အခါမှာ…

စနေနေ့မနက်မှာ “သူနဲ့ကော်ဖီသောက်နေတယ်လေ” လို့ Instagram မှာတင်ဖို့ ဒုတိယကော်ဖီခွက်လေးကို ရှာဖွေကြတယ်။

တနင်္ဂနွေနေ့ လျှောက်လည်တဲ့အခါ ဘေးကနေ လိုက်ပါပေးဖို့ ခြေထောက်တစ်စုံကို ရှာဖွေကြတယ်။

အခြားလူတွေက like တွေ comment တွေပေးချင်မယ့်   Facebook ပေါ်က relationship status တစ်ခုကိုရှာဖွေကြတယ်။ Relationship Goal တွေတင်ပြီး အားလုံးရဲ့ အားကျငေးမောခြင်းတွေကို ပိုင်ဆိုင်ချင်ကြတယ်။

မနက်တိုင်း “ Goodmorning” လို့ ပို့တတ်တဲ့ ဖုန်းထဲက မက်ဆေ့ဂ်ျလေးတွေနဲ့ အချစ်ရေးကို တိုင်းတာလာကြတယ်။

မင်္ဂလာပွဲတွေကို တက်ရောက်တိုင်းမှာ “ သူတို့တကယ်ကော ရိုးမြေကျ ပေါင်းသင်းနေထိုင်သွားမလား” လို့ စဉ်းစားမိတဲ့အထိ ဖြစ်ပျက်လွယ်တဲ့ အချစ်ရေးတွေနဲ့ တည်ဆောက်ထားတဲ့ ခေတ်ကြီးထဲမှာ ကျွန်မတို့နေလာကြတယ်။

မှန်ကန်တဲ့ချစ်သူတစ်ယောက်ကို ဖုန်း စကရင်ကို ပွတ်သပ်ထိတွေ့ရင်းရလာမယ်လို့ မျှော်လင့်လာကြတယ်။ လက်တွဲဖော်ကို facebook post တွေကနေ ရှာဖွေရလာမယ်လို့ ထင်လာကြတယ်။ “ကောင်မလေးတစ်ယောက် ချစ်လာမယ့် နည်းလမ်းတွေ၊ ကောင်လေးတစ်ယောက်ရဲ့ အချစ်ကို ပိုင်ဆိုင်နိုင်စေမယ့် နည်းလမ်းတွေ” စတဲ့ စာတွေဖတ်ပြီး ချစ်ခြင်းအစစ်တွေ တွေ့ရှိမယ်လို့မျှော်လင့်လာကြတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ထက် facebook ပေါ်က ပရိုဖိုင်းပုံလှလှလေးတင်ဖို့ ပိုအာရုံထားလာကြတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ချစ်သူနဲ့ မျက်လုံးချင်းဆုံပြီး စကားပြောဖို့ထက် messenger မှာ ချက်ဖို့ အားသန်လာကြတယ်။ စားသောက်ဆိုင်ကောင်းကောင်းမှာ check in ဝင်ဖို့အတွက် အခြားလိုအပ်ချက်ကို ခြိုးခြံလာကြတယ်။

လိုင်းပေါ်မှာ နာရီပေါင်းများစွာစကားပြောနိုင်ပေမယ့် လူချင်းတွေတဲ့အခါ စကားပြောဖို့ အကြောင်းအရာတွေ နည်းသည်ထက်နည်းလာတယ်။

အချစ်ရေးဆိုတာ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ပြီး အပြန်အလှန်လေးစားမှုတွေနဲ့ တည်ဆောက်ရမယ်ဆိုတာကို မေ့ပြီး အခြားလူတွေရဲ့ relationship status တွေနဲ့ ယှဉ်ကြရင်း မောနေကြတယ်။ အချစ်ရေးအတွက် ဘာမှအားမထုတ်ဘဲ တုနှိုင်းမဲ့အချစ်ရေးတွေကို တည်ဆောက်ချင်လာကြတယ်။ မျက်လုံးချင်းဆုံဖို့ကြိုးစားတာထက် ဖုန်းပြောဖို့ အားသန်နေတတ်ကြတယ်။ Anniversary ဆင်နွှဲပေမယ့် (၃၆၅) ရက်လုံး ဂရုစိုက်ဖို့ မေ့နေတတ်ကြတယ်။ ကတိတွေပေးလာကြပေမယ့် သစ္စာတွေလျော့ရဲလာကြတယ်။

ပရိသတ်ကြီးရေ…

ချစ်သူနှစ်ယောက်ကြားမှာ အပြန်အလှန် ပေးဆပ်ခြင်းတွေ၊ ဂရုစိုက်မှုတွေ၊ တန်ဖိုးထားမှုတွေ မပါဘဲ နတ်သမီးပုံပြင်တွေထဲကလို “ပျော်ရွှင်စွာ ပေါင်းဖက်သွားကြလေသတတည်း” ဆိုပြီး ပြီးဆုံးသွားတဲ့ အချစ်ရေးတစ်ခုကို တည်ဆောက်လို့ မရနိုင်ပါဘူး။

သာယာပျော်ရွှင်တဲ့ အချစ်ရေးတစ်ခုကို တည်ဆောက်ချင်တယ်ဆိုရင် အပေါ်ယံပကာသနတွေချည်း ဦးစားပေးမနေဘဲ ချစ်ခြင်းရဲ့ အနှစ်သာရတွေကို ရှာဖွေကြပါ။ တစ်ယောက်ကိုတစ်ယောက် အချိန်ပေးပြီး တစ်ယောက်ရဲ့ခံစားချက်တွေကိုတစ်ယောက် နားလည်နိုင်အောင် ကြိုးစားပါ။ ဖုန်းပြောသလိုပဲ မျက်နှာချင်းဆိုင်ပြီး စကားတွေပြောပါ။

သဘောကျတယ်ဆိုရင် SHARE ပေးလိုက်ပါဦးနော်။