သူငယ်ချင်းသံယောဇဉ်ကို ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲ။

0
1600

သူငယ်ချင်းနဲ့သက်ဆိုင်တဲ့ ဒုက္ခတွေဆိုတာ ကျောင်းမှာတင် ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ တခါတရံ အမှားတွေလုပ်မိပြီး သူငယ်ချင်းရဲ့ ခံစားချက်ကို ထိခိုက်စေတာတွေလည်း ဖြစ်တတ်ပါတယ်။ အခုတော့ ကျွန်မတို့တွေက အရွယ်ရောက်ကြပြီလေ။ ကိုယ်လုပ်ခဲ့မိတဲ့ အမှားတွေက ရည်ရွယ်ပြီးလုပ်တာ မဟုတ်မှန်းလည်း သိနေကြတော့ တစ်ယောက်ကို တစ်ယောက် ခွင့်လွတ်နိုင်ကြပါတယ်။ အခုပြောပြပေးမှာကတော့ မှားခဲ့တာတွေကို အမှန်ပြင်ပြီး ဘယ်လိုရှေ့ဆက်ကြမလဲဆိုတဲ့ အကြောင်းလေးတွေပါပဲ။

သူငယ်ချင်းရဲ့ မွေးနေ့ပွဲကို မေ့သွားတဲ့အခါ

သူငယ်ချင်းမွေးနေ့ပွဲကို ပြီးသွားမှသိလိုက်တဲ့အခါမျိုးမှာ အကြောင်းပြချက်တွေ ပေးနေမယ့်အစား တောင်းပန်လိုက်ပါ။ နောက်ကျမှပေးရတဲ့ မွေးနေ့လက်ဆောင်လေးကို ပေးလိုက်ပါ၊ မဟုတ်ရင်လည်း သူငယ်ချင်းကို တစ်ခုခုလိုက်ကျွေးလိုက်ပါ။ ကိုယ်မေ့နေမိခဲ့တဲ့အတွက် သူငယ်ချင်းဘယ်လိုခံစားရမယ်ဆိုတာက သူ့မွေးနေ့အပေါ် သူဘယ်လောက် အလေးပေးလဲ ဆိုတာပေါ်မူတည်ပါတယ်။ တကယ်လို့ သူငယ်ချင်းက မွေးနေ့နဲ့ပတ်သက်ရင် ထိခိုက်ခံစားလွယ်တယ်ဆိုရင် ကိုယ့်အပေါ်အမြင်ရှင်းသွားအောင် တော်တော်ကြိုးစားဖို့ လိုပါတယ်။  ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သူငယ်ချင်းရဲ့ခင်ပွန်းသည်ကို သဘောမကျမိတဲ့အခါ

သူငယ်ချင်းရဲ့ခင်ပွန်းသည်ကို တတ်နိုင်သလောက် ကိုယ်နဲ့သူငယ်ချင်း ကြားကနေ ဖယ်ထားပါ။ သူငယ်ချင်းနဲ့သူ့ခင်ပွန်းကြားမှာ အတားအဆီးဖြစ်နေတာမျိုးက မတရားပါဘူး။ အထူးသဖြင့် ကိုယ်က သူငယ်ချင်းခင်ပွန်းသည်ကို သဘောမကျတာ သူငယ်ချင်း သိထားမယ်ဆိုရင်ပေါ့။ သူငယ်ချင်းဆိုတာ အရေးပါကြောင်း ရှင်းပြပြီး မိန်းကလေးသီးသန့်တွေ့ဆုံတဲ့အခါ ခင်ပွန်းသည်မပါသင့်ကြောင်း ပြောပြပါ။ သူငယ်ချင်းခင်ပွန်းကို ကိုယ်သဘောကျတာမကျတာတွေက ကိုယ်နဲ့သူငယ်ချင်းကြားမှာ ပြောနေစရာမလိုပါဘူး။

သူငယ်ချင်း ရည်းစားဟောင်းနဲ့ ချိန်းတွေ့တဲ့အခါ

သူငယ်ချင်းကို မထိခိုက်စေဘဲ သူငယ်ချင်းရည်းစားဟောင်းနဲ့ လက်တွဲသွားနိုင်တဲ့ စုံတွဲတွေရှိတယ်ဆိုတာ ယုံပါတယ်။ ဒါပေမယ့် ယေဘူယျအားဖြင့်တော့ သူငယ်ချင်းသံယောဇဉ်ကို ထိန်းသိမ်းချင်ရင် သူငယ်ချင်း ရည်းစားဟောင်းကို ရှောင်ပါ။ မကြာသေးခင်ကမှ လမ်းခွဲခဲ့တယ်ဆိုရင် ပိုပြီးသတိထားသင့်ပါတယ်။ ဒါပေမယ့် လမ်းခွဲခဲ့တဲ့အချိန်တွေ ကြာခဲ့ရင်တောင် ခံစားချက်ဆိုတာ ထွက်ပေါ်လာနိုင်သေးတယ်လေ။ တကယ်လို့ ကိုယ်က ဒီအခြေအနေမျိုး စခဲ့ပြီးပြီဆိုရင်တော့ ဖြစ်လာမယ့် အခြေအနေတွေအတွက်ရယ် ဆုံးရှုံးရတော့မယ့် သူငယ်ချင်းတစ်ယောက်အတွက်ရယ် ကြိုပြီးပြင်ဆင်ထားလိုက်ပါ။ စဉ်းစားနေတဲ့အဆင့် ဆိုရင်တော့ သူငယ်ချင်းကို ရိုးရိုးသားသား ပြောပြလိုက်ပါ။ ဒါက သူငယ်ချင်းနှစ်ယောက် သံယောဇဉ်ကို နဂိုအတိုင်းရှိနေနိုင်ဖို့ မျှော်လင့်ချက်ပေးမယ့် တစ်ခုတည်းသော နည်းလမ်းပါပဲ။

သူငယ်ချင်း အခက်အခဲဖြစ်နေချိန်မှာ ကိုယ်အနားမှာရှိမနေခဲ့တဲ့အခါ

အကြောင်းပြချက်ပေးတာတွေမျိုး မလုပ်ပါနဲ့။ သူငယ်ချင်းပြဿနာကို အသေးအဖွဲ့သဘော သက်ရောက်သွားစေပါတယ်။ ဒီလိုရှင်းပြနေမယ့်အစား သူငယ်ချင်းနားမှာ မရှိခဲ့တာကို ဝန်ခံလိုက်ပါ။ ကိုယ်မရှိခဲ့တာကြောင့် သူငယ်ချင်းဘယ်လောက်တောင် ခံစားခဲ့ရတယ်ဆိုတာကို နားလည်ကြောင်း ဝန်ခံပါ။ ကိုယ်လုပ်ပေးနိုင်တာ တစ်ခုခုရှိမလားဆိုတာကို ရိုးရိုးသားသားမေးပါ။ သူငယ်ချင်းအခက်အခဲဖြစ်နေချိန်က တခြားလူတွေဆီက ထောက်ခံအားပေးမှုတွေ ရမရရယ်၊ သူငယ်ချင်း ဘယ်လောက်ခံစားနေရတယ် ဆိုတာရယ်ပေါ်မူတည်ပြီး ဆုံးဖြတ်ပါ။ သူငယ်ချင်း စိတ်ဒဏ်ရာ လုံးဝကျက်သွားဖို့အတွက်တော့ အချိန်ပေးရပါတယ်။

သူငယ်ချင်းနဲ့ချိန်းထားတာကို နောက်ကျတဲ့အခါ

ဟုတ်ပါတယ်၊ တောင်းပန်ရမှာပေါ့။ ဒါ့အပြင် သူငယ်ချင်းစိတ်ကျေနပ်သွားအောင် နေ့လည်စာလိုက်ကျွေးတာဖြစ်ဖြစ်၊ တစ်ခုခုနဲ့ ချော့ရမှာပေါ့။ နောက်ကျတတ်တာက ခဏခဏဖြစ်တတ်တယ်ဆိုရင်တော့ ကိုယ်ကအချိန်သိပ်မပေးနိုင်ကြောင်းကိုတော့ သူငယ်ချင်းကို အသိပေးထားရမယ်။ နောက်ကျလွန်းတတ်တာက သူငယ်ချင်းကြားကဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။ အချိန်မတိကျတတ်တာ ကိုယ့်အပြစ် သူငယ်ချင်းနဲ့ ဘာမှမဆိုင်ဘူးဆိုတာကို နားလည်ထားပါ။ နောက်ထပ် ဖြေရှင်းနိုင်တဲ့ အဖြေတစ်ခုကတော့ သူငယ်ချင်းနဲ့ ချိန်းရင် သူငယ်ချင်း စောင့်ဖို့ မပြင်းမယ့်နေရာမျိုးမှာ ချိန်းပေါ့။ ဥပမာ- လမ်းထောင့်မှာဆုံကြမယ်ဆိုတာထက်၊ စာအုပ်ဆိုင် ဒါမှမဟုတ် ကိုယ့်အိမ်မှာချိန်းလိုက်ပါ။

လပေါင်းများစွာ သူငယ်ချင်းကို ဖုန်းပြန်မဆက်မိတဲ့အခါ

သူငယ်ချင်းကို ဖုန်းပြန်ခေါ်ဖို့ ရွှေ့ဆိုင်းမနေနဲ့၊ ခေါ်သာခေါ်လိုက်ပါ။ တိုတိုတုတ်တုတ်နဲ့ ချိုချိုသာသာလေးပြောပြီး တစ်ယောက်သတင်းတစ်ယောက်မေးပြီး ရယ်မောကြပေါ့။ မတူညီတဲ့ ခင်မင်ရင်းနှီးခြင်းတွေက တည်နေရာလည်း မတူညီတတ်ကြဘူးဆိုတာ အမှတ်ရပါ။ တချို့သူငယ်ချင်းတွေနဲ့က ဖုန်းဆက်တာက ကြာကြာနေမှ တစ်ခါဆက်ဖြစ်ကြတာပါ။ ဒါကြောင့် ဖုန်းမဆက်ဖြစ်တာက ကိုယ်ထင်သလို ကြီးကျယ်တဲ့ကိစ္စ မဟုတ်ပါဘူး။

သူငယ်ချင်းကြောင့် နာကျင်ခံစားခဲ့ရတာကို သူငယ်ချင်းကို မပြောပြခဲ့တဲ့အခါ

တစ်ချိန်တုန်းက သူငယ်ချင်းလုပ်ခဲ့တာလေးက တစ်ကြိမ်ပါပဲ၊ နောက်ထပ်ဒါမျိုးထပ်မဖြစ်လာတော့ဘူးဆိုရင် သူငယ်ချင်းကို ကိုယ်ခံစားခဲ့တာပြောပြလိုက်ရင် ရလာမယ့် အကျိုးရလဒ်ကို ယှဉ်ကြည့်ပါ။ ကိုယ်ဘယ်လိုခံစားရမလဲပေါ့။ အကျိုးရှိတယ်ဆိုမှ ကိုယ့်ခံစားချက်ကို ထုတ်ပြောလိုက်ပါ။ သူငယ်ချင်းနှစ်ယောက်ကြားက သံယောဇဉ်က နက်နဲခိုင်မာတယ် ဆိုရင်ပေါ့။ ဒါပေမယ့် သူငယ်ချင်းလုပ်ခဲ့တာက သူပြန်မတောင်းပန်ရင် ခွင့်မလွှတ်နိုင်လောက်အောင် ထိခိုက်ခဲ့တယ်ဆိုရင် ပြောကိုပြောရမယ်။ ရိုးရိုးလေးပဲ ဖွင့်ပြောပြီး သူငယ်ချင်းတောင်းပန်ဖို့ အခွင့်အရေးပေးးလိုက်ပါ။ ပြီးမှ ကိုယ်ပြန်ပြီး ယုံကြည်သင့်မယုံကြည်သင့် ဆုံးဖြတ်ပေါ့။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။