သမီးလေးသိစေဖို့ ကျင့်ဝတ်တွေကို စောင့်ထိန်းခြင်းရဲ့ အကျိုးကျေးဇူးလေးတွေ

0
76

သမီးလေးရေ….

သမီးငယ်ငယ်တုန်းက လေ့လာမှတ်သားခဲ့ရတဲ့ “သားသမီးကျင့်ဝတ်၊ တပည့်ကျင့်ဝတ်” တွေကို မှတ်မိသေးလားသမီး။ နေရာတိုင်းနေရာတိုင်းမှာ လိုက်လျောညီထွေဖြစ်တဲ့ ကျင့်ဝတ်လေးတွေရှိတယ်ဆိုတာကို ငယ်ငယ်ကတည်းက သမီးတို့သိစေဖို့ အစပြုပေးလိုက်တာပေါ့သမီး။  သမီးလေးငယ်ငယ်ကတည်းက ထမင်းစားတာကအစ ဝတ်စားဆင်ယင်တာအဆုံး ပြောဆိုဆက်ဆံပုံတွေ၊ လူမှုဆက်ဆံရေးဆိုတဲ့နေရာတွေအားလုံးအတွက် စည်းကမ်းလေးတွေနဲ့ ထိန်းကျောင်းခဲ့တယ်နော်။

ကျင့်ဝတ်ဆိုတာ စကားလုံးကကြီးပေမယ့် မေမေတို့ရဲ့ အပြုအမူသေးသေးလေးတွေနဲ့ တည်ဆောက်ထားတာ သမီးရဲ့။ သမီးရဲ့ ပတ်ဝန်းကျင်မှာ ဘတ်စ်ကားပေါ်မှာ ဖုန်းအကျယ်ကြီးပြောတဲ့သူတွေ၊ အမှိုက်ကိုစည်းကမ်းမဲ့ ပစ်တဲ့သူတွေကို သမီးတွေ့ဖူးတယ်မဟုတ်လား။ သူတို့ရဲ့ အပြုအမူသေးသေးလေးတွေဟာ သူတို့ကိုဘယ်လိုလူတစ်ယောက်လည်းဆိုတာ သတ်မှတ်သွားတာပဲ သမီး။

ကျင့်ဝတ်တွေကို စောင့်ထိန်းလိုက်နာတတ်တဲ့ သူတွေမှာ အကျိုးကျေးဇူးလေးတွေကို ခံစားရတတ်တယ်သမီး။ ဘာတွေလဲဆိုတော့…

အိမ်သားတစ်ယောက်ချင်းဆီက အိမ်မှာစောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို လိုက်နာလိုက်ရင် သာယာနေပျော်ဖွယ်အိမ်တစ်အိမ်ဖြစ်လာမယ်။  လုပ်ငန်းခွင်အတွင်းမှာရှိတဲ့လူတိုင်း  လုပ်ငန်းခွင်ဆိုင်ရာကျင့်ဝတ်တွေကို လိုက်နာသွားရင် လုပ်ငန်းပိုတိုးတက်လာမယ်။ ချစ်သူတွေကြားမှာ၊ သူငယ်ချင်းတွေကြားမှာ စောင့်ထိန်းသင့်တဲ့ လူမှုကျင့်ဝတ်လေးတွေကို လိုက်နာသွားရင် ခိုင်မာတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်နိုင်မယ်။ ကားမောင်းတဲ့သူတိုင်းက ကားမောင်းသူတစ်ယောက် စောင့်ထိန်းလိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေကို လိုက်နာသွားရင် လူတွေအားလုံး ဘေးကင်းလုံခြံလာမယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သမီးလေးရေ…

လူတစ်ယောက်အနေနဲ့ ရှင်သန်နေတဲ့ ပတ်ဝန်းကျင်ကို လိုက်ပြီး သမီးစောင့်ထိန်းရမယ့် ကျင့်ဝတ်လေးတွေက ပြောင်းသွားမှာပါပဲ။ စည်းကမ်းသည်လူ၏ တန်ဖိုးလို့ပြောကြသလိုပဲ သမီးလေးကျင့်သုံးရမယ့် ကျင့်ဝတ်တွေကို စောင့်ထိန်းပြီး တန်ဖိုးမြှင့်မားတဲ့ လူတစ်ယောက်အဖြစ်သမီးလေးကို မြင်ချင်တယ်သမီး။ မေမေ သမီးလေးကို အိမ်ကစတင်ပေးလိုက်တဲ့ စည်းကမ်းလေးတွေကြောင့် သမီးအလုပ်ခွင်မှာ စည်းစနစ်ကျနတဲ့သူတစ်ယောက်ဖြစ်လာစေလိမ့်မယ်။ စည်းစနစ်ကျနခြင်းဆိုတဲ့ အလေ့အကျင့်လေးကို ကျင့်ကြံလိုက်နာနိုင်တဲ့အခါ  သမီးလေးဟာ လူချစ်လူခင်များလာလိမ့်မယ်။  ကိုယ်အမူအယာနှုတ်အမူအယာ ယဉ်ကျေးတဲ့သမီးလေးကို ရွယ်တူအချင်းချင်းက တန်ဖိုးထားကြလိမ့်မယ်။  ငယ်သူတွေက လေးစားကြလိမ့်မယ်။  သမီးထက်ကြီးတဲ့သူတွေက သမီးလေးကို မြတ်နိုးချစ်ခင်ကြလိမ့်မယ်။ အရေးအကြီးဆုံးကတော့ သမီးစိတ်ထဲမှာ နေလို့ကောင်းပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ တိုးပွားလာလိမ့်မယ်။

 

မေမေဂုဏ်ယူထိုက်တဲ့ သမီးလေးအဖြစ်မြင်နိုင်ဖို့ ဆန္ဒပြုရင်း…

သမီးရဲ့ မေမေ

Leave a Reply