လက်မထပ်ခင် လိုအပ်တာတွေကို ဘယ်လိုဆွေးနွေးထားသင့်တာလဲ

0
301

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ….

အချစ်ခရီးရဲ့ အစပိုင်းမှာတော့ အချစ်စကားတွေ၊ ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေတဲ့ကာလဖြစ်ပါတယ်။ ဒါပေမဲ့ ချစ်သူအဆင့်ကနေ တစ်ဆင့်တိုးပြီး လက်ထပ်ဖို့ စဉ်းစားတော့မယ်ဆိုရင်တော့ မွှေးပွရုပ်တွေ၊ ချောကလက်တွေ၊ ပန်းစည်းတွေ၊ romantic dinner တွေနဲ့တင် မလုံလောက်တော့ဘဲ လေးလေးနက်နက်တွေးဆဖို့လိုလာပါပြီ။ ချစ်သူနဲ့လက်ထပ်တော့မယ်ဆိုတဲ့အခါမှာ

“ငွေကြေးအခြေအနေတွေ လုံလောက်ပြီလား။

နေထိုင်ဖို့ အိမ်ယာတွေ စီစဉ်ပြီးပြီလား။

တစ်ယောက်ကိုတစ်ယောက် အမှန်တကယ်နားလည်ပြီလား။

တစ်ယောက်ရဲ့ အားနည်းချက်တွေကိုတစ်ယောက် ခွင့်လွှတ်သည်းခံနိုင်ပြီလား။

ကလေးဘယ်နှစ်ယောက်ယူမှာလဲ။

အလုပ်တွေကို ဘယ်လိုခွဲဝေပြီး လုပ်ကြမှာလဲ။

ငွေကြေးတွေကို ဘယ်လိုစီမံကြမှာလဲ။

နှစ်ဖက်အသိုင်းအဝိုင်းက ကောင်းမွေဆွေးမွေတွေကို လက်ခံနိုင်ပြီလား” စတဲ့ အကြောင်းအရာတွေကို ကြိုတင်ဆွေးနွေးထားဖို့လိုပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တစ်ချို့လူတွေဟာ လက်မထပ်ခင်မှာ တစ်ယောက်နဲ့တစ်ယောက် လက်ထပ်ပြီးတဲ့နောက် ဖြတ်သန်းကြမယ့်ဘဝအခြေအနေတွေကို မဆွေးနွေးဘဲ လက်ထပ်ကြပါတယ်။ အထူးသဖြင့်တော့ ကလေးဘယ်နှယောက်ယူမလဲ၊ ဘယ်အချိန်မှာယူမလဲဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ အဲဒီကိစ္စဟာ ရှက်စရာလို့မြင်တတ်ကြတဲ့ မိန်းကလေးတွေက မဆွေးနွေးသလို ယောကျာ်းလေးဖက်ကလည်း ဆွေးနွေးဖို့ကဏ္ဍတစ်ခုအဖြစ် မမြင်တတ်ကြပါဘူး။ အဲဒါကြောင့် လက်ထပ်ပြီးတဲ့အခါ ကလေးယူဖို့ကိစ္စနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေဖြစ်ပြီး ကတောက်ကဆတွေဖြစ်တတ်ကြပါတယ်။

အစစအရာရာမှာ အဆင်ပြေနေတဲ့ ချစ်သူဘဝမှာ လက်ထပ်ပြီးတဲ့နောက်မှာ သဘောထားကွဲလွဲမှုတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ကိစ္စကိုလည်း ချစ်သူအများစု ဆွေးနွေးဖို့ မေ့နေတတ်ကြပါတယ်။ ရင်ခုန်သံတွေငြိမ်ပြီး တစ်ယောက်အကြောင်းတစ်ယောက် အကုန်အစင်သိလာတဲ့ အိမ်ထောင်သည်ဘဝမှာ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းရကောင်းမှန်းမသိတဲ့အခါ အသေးအဖွဲကိစ္စလေးတွေကြောင့်  ရန်ပွဲတွေအပွဲပွဲနွှဲရပါတော့တယ်။

လက်ထပ်တယ်ဆိုတာ လူနှစ်ယောက်ရဲ့ ပေါင်းဆည်းခြင်းသက်သက်မဟုတ်ပါဘူး။ မတူညီတဲ့ပတ်ဝန်းကျင်နှစ်ခုရဲ့ ပေါင်းစပ်မှုဖြစ်တဲ့ လက်ထပ်ခြင်းမှာ ချစ်သူနှစ်ယောက် အပြန်အလှန်နားလည်ပေးနိုင်ဖို့ရယ်၊ မိသားစုနှစ်စုရဲ့ မတူညီမှုတွေကိုလည်း လက်ခံနိုင်ဖို့လိုပါတယ်။ မိန်းမဖက်ကအမျိုး… ယောက်ျားဖက်က အမျိုး စသည်ဖြင့် အမည်နာမတပ်ပြီး ပြစ်ချက်တွေကို ယိုးမယ်ဖွဲ့နေမယ်ဆိုရင်တော့ အိမ်ထောင်ရေးဟာ ခွာချည်ပြဲချည်ဖြစ်နေဦးမှာပါပဲ။ ဒါကြောင့်ချစ်သူနဲ့ လက်ထပ်တော့မယ်ဆိုရင်….

၁။ ဖုန်းလေးကို ခဏဘေးချထားပါ။

၂။ တစ်ယောက်ပြောတာကိုတစ်ယောက် သေချာနားထောင်ပေးပါ။

၃။ ချစ်သူရဲ့ခံစားချက်တွေကို ဝေဖန်မှုတွေပြုလုပ်ပြီး မနာကျင်အောင် သတိထားပါ။

၎။ အတိတ်က ကိစ္စတွေကို ရိုးသားစွာ ဝန်ခံပါ။

၅။ မိမိလိုချင်တဲ့ ဘဝပုံစံကို ပြောပြပါ။ ချစ်သူရဲ့ အစီအစဉ်တွေကို တီးခေါက်ကြည့်ပါ။

၆။ အရေးအကြီးဆုံးကတော့ စိတ်အေးအေးထားပြီး အနာဂတ်အရေးကို ပြောဆိုဆွေးနွေးပါ။

စာဖတ်ပရိသတ်တို့ရေ….

ချစ်သူနဲ့လက်ထပ်ပြီးရင် ဘဝအခြေအနေဆိုတာ ပြောရလွယ်ပေမယ့် တကယ်တော့ ခက်ခဲတဲ့ကိစ္စတစ်ခုပါ။ ချစ်သူနဲ့လက်ထပ်ပြီးရင်  သာယာပျော်ရွှင်တဲ့ဘဝတစ်ခုကိုတည်ဆောက်ဖို့ ဆိုရင်တော့ အခုကတည်းက ဆွေးနွေးထားဖို့လိုမယ်နော်စာဖတ်ပရိသတ်ကြီး။

သဘောကျရင် ဝေမျှပေးဖို့ မမေ့နဲ့နော်။