ဘယ်သူကောင်းကောင်း မကောင်းကောင်း၊ ကိုယ်ကောင်းဖို့လိုတယ်

0
445

          တစ်နေ့မှာ အဘိုးအိုတစ်ယောက်က တောထဲမှာလမ်းလျှောက်နေတုန်း ချုံနွယ်တွေနဲ့ငြိပြီး ထွက်မရရုန်းမရဖြစ်နေတဲ့ ကြောင်လေးတစ်ကောင်ကို တွေ့ခဲ့တယ်။ ကြောင်လေးခမျာ ခြုံနွယ်တွေကြောင့် ရုန်းလေငြိလေနဲ့ ထွက်မရဘဲ တညောင်ညောင် အော်နေသတဲ့။

ဒါကိုတွေ့တော့ အဘိုးအိုက သနားသွားပြီး ကြောင်လေးကို ကယ်တော့တာပေါ့။ ကြောင်လေးနားကိုသွားပြီး ခြုံနွယ်တွေကို ဖယ်ပေးတယ်။ ကြောင်လေးကလည်း အကြောက်လွန်နေတော့ အဘိုးအိုရဲ့ လက်တွေကို ကုတ်တယ်။ အဘိုးအိုခမျာ ကူသာကူညီနေရတာ လက်မှာလည်း ကြောင်ကုတ်ရာတွေ၊ သွေးတွေနဲ့ပေါ့။

ဒါကို မြင်တဲ့ လူငယ်လေးတစ်ယောက်က လှမ်းအော်တယ်။

“အဘိုး… ဒီလောက်တောင် အဘိုးကိုကုတ်နေတာ… လွှတ်ထားလိုက်တော့။ သူ့ဘာသာသူ ရအောင်ထွက်လိမ့်မယ်။ အဘိုးလက်တွေကိုပြန်ကြည့်ဦး ဒဏ်ရာတွေနဲ့။ မကူညီနဲ့တော့လေ။”

အဘိုးအိုကတော့ လူငယ်လေးစကားကို ဂရုမစိုက်ပါဘူး။ အကုတ်ခံ၊ အခြစ်ခံပြီး ကြောင်လေးလွတ်ဖို့ ထပ်ကြိုးစားနေတုန်းပဲ။ အဘိုးအိုရဲ့ ကယ်ဆယ်မှုကြောင့် နောက်ဆုံးကြောင်လေးလည်း ချုံနွယ်တွေထဲကနေလွတ်ပြီး တောထဲကို ပြေးဝင်ပျောက်ကွယ်သွားပါတော့တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အဲဒီအချိန်ကျမှ အဘိုးအိုက လူငယ်လေးဆီ လျှောက်သွားပြီး မှတ်သားစရာစကားတစ်ခွန်းကို ပြောခဲ့တယ်။

“သားလေးရေ… စေတနာကိုနားမလည်၊ ကျေးဇူးမသိဘဲ ကုတ်ဖို့ခြစ်ဖို့က ကြောင်လေးရဲ့ကိစ္စပါ။ သူဘယ်လောက်ကုတ်ကုတ် စေတနာမေတ္တာထားပြီး ကူညီပေးဖို့က အဘိုးရဲ့ အလုပ်ပဲကွဲ့” တဲ့။

ဟုတ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ရိုးသားမှန်ကန်စွာ စေတနာမေတ္တာထားပြီး ဆက်ဆံဖို့ကူညီဖို့က ကိုယ့်အလုပ်ပါ။ သူတို့ဘာသာ ဘယ်လိုပဲ မကောင်းနေပါစေ… သူတို့အပိုင်းပါ။ ကိုယ့်ကိုလူတွေ ဘယ်လိုဆက်ဆံစေချင်သလဲ… ကိုယ်လည်းသူများတွေကို အဲဒီလို ဆက်ဆံပါ။ အချိန်တန်ရင် စိတ်ရင်းအကျိုးပေးပါတယ်။

သင့်အမြင်လေးတွေကို comment မှာ မျှဝေခဲ့နိုင်ပါတယ်။ သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။