နားလည်မှုလွဲခြင်းတွေကို အပြီးသတ်မဖြေရှင်းဘဲ သံသယတွေကို ဖက်တွယ်ထားတဲ့အခါ

0
438

မောင်နဲ့ကျွန်မ မျက်နှာချင်းမဆိုင်မိအောင်နေတာကြာပြီ။ မောင့်ရဲ့သစ္စာမစောင့်သိမှုကို မျက်ဝါးထင်ထင် တွေ့လိုက်တဲ့နောက်ပိုင်း ကျွန်မမောင့်ကို စကားလည်း မပြောချင်သလို မျက်နှာချင်းလည်း မဆိုင်ချင်ဘူး။  လက်ထပ်ပြီးနောက်ပိုင်း အခြားကောင်မလေးတစ်ယောက်ကို ဖက်လှဲတကင်းနဲ့ ဟက်ဟက်ပက်ပက်စကားပြောနေတဲ့ ယောက်ျားတစ်ယောက်ကို ကျွန်မဖက်က စိမ်းစိမ်းကားကားဖြစ်နေမိတာ ကျွန်မအမှားမဟုတ်ပါဘူးနော်။

လွန်ခဲ့တဲ့ သုံးနှစ်က ကျွန်မတို့နှစ်ယောက် လက်ထပ်ခဲ့ကြတယ်။ ချစ်သူသက်တမ်း နှစ်နှစ်အကြာမှာ စတင်ခဲ့တဲ့ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးဟာ အဆင်ပြေချောမွေ့မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ အပြန်အလှန်နားလည်မှုတွေ၊ သစ္စာတရားတွေနဲ့ ချည်နှောင်ထားတဲ့ ကျွန်မတို့အိမ်ထောင်ရေးမှာ တတိယလူတစ်ယောက်ရောက်နေတယ်ဆိုတာ ကျွန်မသိခဲ့ရတယ်။

အဲဒီနေ့က ကျွန်မတို့နှစ်ယောက် စတွေ့တဲ့အထိမ်းအမှတ်နေ့ဆိုတော့ ကျွန်မ မောင်နဲ့အတူ နေ့လည်စာစားဖို့ ရုံးကို လိုက်သွားမယ်လို့ စဉ်းစားထားခဲ့တယ်။ အဲဒါကြောင့် နေ့လည်ထမင်းစားချိန်နားနီးတော့ “ မောင်… သည်းမောင်တို့ရုံးနားက စားသောက်ဆိုင်နားမှာ နေ့လည်စာလာစားမလို့… မောင်လာခဲ့ပါ” လို့ မောင့်ကိုဖုန်းဆက်ပြီး ပြောမိတယ်။ မောင်က “ ဆောရီးပါသည်းရာ မောင်ဒီနေ့ စတူဒီယိုမှာ ကြော်ငြာတစ်ခုရိုက်ဖို့ရှိတယ်။ မနက် ၁၁ လောက်ကမှစတာဆိုတော့ ၁၂ နာရီမှာ ထမင်းစား နားဖြစ်မှာမဟုတ်သေးဘူး။ ညနေကျမှသည်းမုန့်စားချင်ရင် လိုက်ပို့ပေးမယ်” လို့ ပြောပြီး အလောတကြီးနဲ့ဖုန်းချသွားတယ်။ မောင့်ကိုနည်းနည်းတော့ စိတ်ကောက်ချင်သွားပေမဲ့ မောင်က အလုပ်ဇောကြီးတာကိုကျွန်မသိတယ်။  ဒါပေမဲ့ အဲဒီနေ့မှာ မောင်နဲ့စတွေ့ခဲ့တဲ့ မောင်တို့ရုံးနားက စားသောက်ဆိုင်လေးကို ကျွန်မသွားချင်တာနဲ့ ကျွန်မတစ်ယောက်တည်းထွက်လာခဲ့မိတော့တယ်။

ကျွန်မစားစရာတွေမှာပြီး ထိုင်စောင့်နေတုန်းမှာ မောင်က မောင်တို့အေဂျင်စီက မော်ဒယ်အသစ်လေးရူပါ နဲ့အတူ ဆိုင်ထဲကို ဝင်လာတယ်။ မောင်က ကျွန်မဆိုင်ထဲမှာရှိနေတယ်ဆိုတာကို မမြင်နိုင်လောက်အောင် ရူပါတစ်ယောက်တည်းကိုပဲ ဂရုစိုက်နေခဲ့တယ်။ ရူပက ဝမ်းနည်းပမ်းနည်းငိုနေပြီး မောင်က စိတ်ရှည်လက်ရှည်ချော့နေခဲ့တယ်။ မောင်က ရေတစ်ခွက်ကို ကြင်ကြင်နာနာခပ်ပေးပြီး ရူပါ့လက်ထဲကိုထည့်ပေးတယ်။  ကျွန်မလေ မောင့်ရှေ့ကို ချက်ခြင်းသွားပြီး အော်ဟစ်ရန်တွေ့ပစ်ချင်ပေမဲ့ ဘာကြောင့်ရယ်တော့မသိ အဲဒီနေရာကနေ လှည့်ထွက်လာခဲ့မိတယ်။

အဲဒီညနေက မောင်အိမ်ပြန်လာတော့ မျက်နှာနည်းနည်းညှိုးနေသလိုပဲ။ အင်းလေ “ဟိုတစ်ယောက်က ငိုနေတာဆိုတော့ သူလည်းဝမ်းနည်းနေမှာပေါ့” လို့တွေးရင်း ကျွန်မငြိမ်နေလိုက်တယ်။ ညနေကျတော့လည်း ခေါင်းကိုက်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကျွန်မစောစောအိမ်ယာဝင်ခဲ့တယ်။ မောင်အခန်းထဲ ဝင်လာတာတွေ့တော့ ကျွန်မအိပ်ပျော်ချင်ဟန်ဆောင်နေလိုက်တယ်။ မောင်က ကျွန်မနဖူးကို စမ်းကြည့်ပြီး အခန်းအပြင်ဘက်ကို ထွက်သွားတယ်။ “တော်တော်ဟန်ဆောင်နိုင်တာပဲ” လို့တွေးမိပြီး ကျွန်မမျက်ရည်ပူတွေကျလာတော့တယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အဲဒီနေ့ကတည်းက ကျွန်မမောင့်ကို မျက်နှာချင်းမဆိုင်တော့တာဆိုပါတော့။ ကျွန်မဒီလိုရှောင်လွဲထားလို့မရဘူးဆိုတာသိပေမဲ့ ဖွင့်မေးလိုက်လို့ မောင်ဝန်ခံလိုက်မှာကို ကျွန်မသိပ်ကြောက်နေခဲ့တယ်။ မောင်သာ ရူပါနဲ့မောင့်အကြောင်း ဝန်ခံလိုက်ရင် ကျွန်မဘာလုပ်ရမလဲ။ မောင်က ကျွန်မတို့ကွာရှင်းရအောင်လို့ပြောရင်ကော။ ဟင့်အင်း ကျွန်မဘဝမှာ မောင်မရှိလို့မဖြစ်ဘူး။ အဲဒါဆို ကျွန်မမသိချင်ဟန်ဆောင်ပြီး အရင်ကလို မောင်နဲ့ပျော်ပျော်ပါးပါးပဲနေလိုက်ရမလား။ အဲဒီလိုတွေးလိုက်တော့လည်း ရူပါနဲ့မောင့်ပုံရိပ်တွေက ကျွန်မကို နှိပ်စက်နေတယ်။

ဒီလိုနဲ့ ကျွန်မမွေးနေ့ကို ရောက်လာတော့တယ်။ အခြားနှစ်တွေမှာ ကျွန်မမွေးနေ့ရောက်ကို မေ့နေတတ်တဲ့ မောင်က ထူးဆန်းစွာ အမှတ်ရနေခဲ့တယ်။ ကျွန်မအိပ်ယာက ထလာတော့ အိပ်ယာဘေးမှာ မနက်စာအဆင်သင့်ပြင်ဆင်ထားပြီး အိပ်ယာဘေးမှာလည်း နှင်းဆီပန်းနီနီလေးတွေ ဖြန့်ခင်းလို့။ သာမန်အချိန်ဆို ကျွန်မထခုန်မတတ်ပျော်မိမှာပါမောင်။ ဒါပေမဲ့ မောင့်အပြစ်တွေကို ဖုံးကွယ်ဖို့လုပ်နေတာကို ကျွန်မသိတာကြောင့် ကျွန်မမဲ့ပြုံးပြုံးမိသွားတယ်။ “Happy Birthday သဲ။ မောင်ညနေအတွက် ရုပ်ရှင်လက်မှတ်ဝယ်ထားတယ်။ မောင်တို့ညနေကျရင် ရုပ်ရှင်ကြည့်မယ် ပြီးရင်သဲကြိုက်တဲ့ ထိုင်းအစားအစာသွားစားမယ်” လို့ပြောတော့ ကျွန်မမောင့်ကို ခါးခါးသီးသီးကြည့်ပြီး  “ ကျွန်မ မအားဘူး။” လို့ တိုပြတ်ပြတ်ပြောပြီးတာနဲ့ မောင့်ရှေ့က ထွက်ခဲ့တယ်။ မောင်က ကျွန်မနောက်လိုက်ပြီး “ သဲ အခုတစ်လော ဘာဖြစ်နေတာလဲကွာ။ သဲ မောင့်ကို စိတ်ကောက်နေတာတော့ သိတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ ကိုယ်လည်းဘာမှမလုပ်ရဘူး။ ပြဿနာရှိတယ်ဆိုလည်း ဖွင့်ပြောပြီး ရှင်းရတာပေါ့ကွာ။ အခုတော့ မောင့်မှာ ဘာမှမလုပ်ရဘဲ။ တစ်ဖက်သတ်ကြီး ဘာလို့စိတ်တိုနေတာရတာလဲ”  လို့ ဝမ်းနည်းတဲ့အသံလေးနဲ့ မေးတယ်။

“ဟုတ်တယ်။ ရှင်က သိပ်ကို အပြစ်ကင်းတယ်။ ရှင်ဘာမှမလုပ်ဘူး။ ကျွန်မသာ အပြစ်တွေကြီးနေတာ ရှင့်ရဲ့ရူပါဆီသာ ပြန်သွားလို့” ဒေါသတကြီးအော်လိုက်မိတယ်။ လပေါင်းများစွာ သိုဝှက်ထားတဲ့ မျက်ရည်တွေကလည်း တရကြမ်းလျှံကျလာတော့တယ်။ မောင်က ကျွန်မကို နားမလည်သလိုကြည့်ရင်း

“ဘာ ရူပါဟုတ်လား။ ရူပါက မောင့်လုပ်ဖော်ကိုင်ဖက်လေ။ သဲရဲ့ ရူပနဲ့ဘာဖြစ်လို့လဲ” လို့ ကျွန်မရဲ့ပုခုံးကိုကိုင်လှုပ်ရင်းမေးတယ်။ ကျွန်မက မောင့်ကိုမော့ကြည့်ရင်း

“အခုမှတော့ ရှင်မငြင်းပါနဲ့တော့။ ရှင်ရူပ မျက်ရည်တွေသုတ်ပေးနေတာ။ မရမက လိုက်ချော့နေတာတွေကို ကျွန်မကိုယ်တိုင်မျက်စိနဲ့တပ်အပ်မြင်ခဲ့တာ။ ကျွန်မတစ်ယောက်လုံးကို မမြင်ရလောက်အောင်ရှင်တို့နှစ်ယောက်ကြည်နူးနေခဲ့တာလေ။” လို့ အလလက ချုပ်တည်းထားတဲ့ လေသံနဲ့အော်လိုက်တော့တယ်။

အဲဒီအချိန်ကျမှ မောင်က ကျွန်မကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ပြီး

“အမလေး.. အရူးမလေးရယ်..မောင့်ကိုဖွင့်မေးလိုက်ရောပေါ့။ အဲဒီနေ့က ရူပါ့ကို မောင်အလုပ်တွေများပြီး ရှုတင်မှာ script အမှားကြီးပေးပြီး သူ dialog တွေမှားပြောလို့ အော်လိုက်တာ။ တကယ်တော့ မောင့်အမှားမဟုတ်လား။ လူအများကြီးရှေ့မှာ အော်လိုက်မိလို့ သူကရှက်ပြီးငိုတာ ပြီးမှမောင်က ရှုတင်မြန်မြန်စလို့ရအောင် သူ့ကို စားသောက်ဆိုင်ထဲခေါ်လာပြီး အငိုရပ်ဖို့ တောင်းပန်ရတာပါကွာ။ သဲစဉ်းစားကြည့်လေ မောင်သာ မရိုးသားရင် စားသောက်ဆိုင်ထဲခေါ်လာပါ့မလား။ မောင်ကဖြင့် သဲကလွဲပြီး ဘယ်သူ့မှ မချစ်ရပါဘူးဗျာ” လို့ပြောပြီး ကျွန်မကို နွေးထွေးတဲ့အနမ်းတွေ ခြွေနေတော့တယ်။

ကျွန်မလေ မျက်ရည်တွေကြားမှ အားရပါးရ ရယ်မိလိုက်တော့တယ်။ တကယ်တော့လေ ဘာမှမဟုတ်တဲ့အကြောင်းအရာလေးကို စိတ်ထဲမှာသယ်ထားပြီး ပင်ပန်းလိုက်ရတာ။ နားမလည်မှုတွေကို ဖွင့်ပြောပြပြီးသာ ဖြေရှင်းလိုက်ရင် ဒီအချိန်ထိ ကျွန်မပင်ပန်းနေစရာမလိုတော့ဘူးဆိုတာကိုလည်း ကျွန်မသိလိုက်တယ်။