ချစ်သူက ခန္ဓာကိုယ်ကို ပေးဆပ်ပြီး အချစ်တွေကို သက်သေပြခိုင်းနေတဲ့အခါ ဘာလုပ်ရမလဲ။

0
119

ကျွန်မချစ်သူနဲ့ ကျွန်မချစ်သူတွေဖြစ်တာ တစ်နှစ်လောက်ရှိပါပြီ။ ကျွန်မတို့မတွေ့ဖြစ်တဲ့နေ့တွေမှာ ကျွန်မက သူ့ကိုလွမ်းအကြောင်းတွေ ပြောလိုက်ရင် သူက ဆိတ်ကွယ်ရာ (ဟိုတယ်၊တည်းခိုခန်း) လိုနေရာမျိုးမှာပဲ တွေ့ဖို့ချိန်းပါတယ်။ ကျွန်မက အဲ့ဒီလိုနေရာမျိုးမှာတော့ မတွေ့ချင်ဘူးလို့ ငြင်းတဲ့အခါ သူကစိတ်ဆိုးတတ်ပါတယ်။ ဖုန်းကိုဒေါသတကြီးချပစ်တတ်ပါတယ်။

ကျွန်မနဲ့သူပန်းခြံမှာ စကားပြောဖြစ်တဲ့အခါမှာလည်း ကျွန်မရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကိုင်ပါတယ်။ ကျွန်မဘယ်လောက်ငြင်းငြင်း “ချစ်သူချင်း” ဆိုပြီး ဇွတ်ကိုင်ပါတယ်။ ကျွန်မဘယ်လောက်တားတား မရပါဘူး။ ကျွန်မက “ရှေးရိုးဆန်တယ်” လို့ သူကပြောတတ်ပါတယ်။ ကျွန်မသူ့ကိုအရမ်းချစ်ပါတယ်။ ဒါပေမဲ့ လက်မထပ်ခင်မှာ အဲ့ဒီလိုအပြုအမူမျိုးတွေကို မလုပ်ချင်တာကိုလည်း သူသိအောင်ရှင်းပြပေမယ့် သူကတော့ ကျွန်မပြောတာကို နားမထောင်ပါဘူး။ ဆိတ်ကွယ်ရာမှာတွေ့ဖို့လည်း ခဏခဏပြောတတ်ပါတယ်။ ကျွန်မက ငြင်းလိုက်တိုင်း သူကစိတ်ဆိုးသွားပြီး ကျွန်မကိုအဆက်အသွယ်မလုပ်ဘဲ နေတတ်ပါတယ်။

ကျွန်မလေ သူ့ကိုချစ်တဲ့စိတ်က တစ်ဖက်၊ ကျွန်မတန်ဖိုးထားတဲ့အရာတွေကို ထိန်းသိမ်းချင်တဲ့ စိတ်ကတစ်ဖက်နဲ့ ဗျာများရတတ်ပါတယ်။ ကျွန်မက ချစ်သူသဘာဝ မုန့်အတူတူစားတာ၊ ရုပ်ရှင်ကြည့်တာမျိုးတွေ၊ အေးအေးဆေးဆေး စကားထိုင်ပြောတာတွေ၊ ဘုရားအတူသွားတာတွေ လုပ်ချင်ပေမယ့် သူ့ကတော့ အဲ့ဒီလိုမဟုတ်ပါဘူး။ ကြာလာတော့ ကျွန်မသူ့ကို တွေ့ရမှာတောင် အရမ်းကြောက်လာပါတယ်။  ဖုန်းဆက်တဲ့အခါမှာလည်း သူက “ဟိုနေရာတွေသွားဖို့ တောင်းဆိုဦးမလား” ဆိုပြီး ရင်ပူနေရတတ်ပါတယ်။

ကျွန်မလေ အချစ်တစ်ခုတည်းကိုပဲ ကြည့်ပြီး သူနဲ့ဆက်ပြီး လက်တွဲရမလား။ ကျွန်မကိုတန်ဖိုးထားတဲ့အရာတွေကို လက်လွတ်ဆုံးရှုံးခံလိုက်ရမလား။ ဒါမှမဟုတ် ကျွန်မစိတ်ကို ကျဉ်းကြပ်စေတဲ့ သူနဲ့အဝေးကို ထွက်သွားလိုက်ရမလား ဒွိဟဖြစ်နေပါတယ်။ ကျွန်မကို သူဟိုကိုင်ဒီကိုင်လုပ်တာတွေကိုလည်း မုန်းတယ်။ သူ့ကိုလည်း သိပ်ချစ်တယ်။ ကျွန်မဘာလုပ်ရမလဲဟင်….။

Leave a Reply