ကိုယ့်ရဲ့ရှေ့မှာ ကလေးငယ်တစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာကို မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရတဲ့အခါ

0
134

ကျွန်မနာမည်က ဝေဝေပါ။ ကျွန်မက ကလေးပစ္စည်းနဲ့ပတ်သက်ပြီး အကုန်ရောင်းတဲ့ဆိုင်ကြီး တစ်ဆိုင်မှာ သန့်ရှင်းရေးဝန်ထမ်းအလုပ်လုပ်ပါတယ်။ သူတို့မိသားစုလေးက ကျွန်မအလုပ်လုပ်နေတဲ့ ဆိုင်မှာ အမြဲဝယ်ယူအားပေးနေကျဖောက်သည်တွေပေါ့။ သူတို့မိသားစုလေးဆိုတာက အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့ သဘောကောင်းပုံရတဲ့ အဖေရယ်၊ ကြင်နာတတ်ပုံရတဲ့ ခပ်ချောချောအမေရယ်၊ လေးနှစ်အရွယ် ခပ်ချောချောသားလေးရယ်နဲ့ ဖြူဖြူဖွေးဖွေးနဲ့ ချစ်စရာကောင်းလှတဲ့ တစ်နှစ်ကျော် အရွယ်သမီးငယ်လေးရယ်ပေါ့။

ပိုက်ဆံလည်းချမ်းသာပြီး ရုပ်တွေလည်း တစ်မိသားစုလုံးချောကြတဲ့ အဲ့ဒီမိသားစုလေးကို ကျွန်မအရမ်းအားကျမိတယ်။ သူတို့ကလည်း ကျွန်မတို့ဆိုင်ကို တစ်ပတ်တစ်ခါဆိုသလိုတော့ အနည်း ဆုံးရောက်ပါတယ်။ ကျွန်မက သန့်ရှင်းရေးဝန်ထမ်းဆိုတော့ ကျွန်မနဲ့တော့ ခင်မင်စရာမရှိပါဘူး။ နောက်တော့ သူတို့နဲ့အတူ အသက် ၂၇၊ ၂၈ လောက်ရှိမယ့်၊ ရွက်ကြမ်းရေကျိုရုပ်နဲ့ ညိုညိုတုတ်တုတ် အမျိုးသမီးပါ ပါလာတယ်။ ကြည့်တာနဲ့တင် သူတို့အိမ်အတွက် ကူဖော်လောင်ဖက်ခေါ်ထားတဲ့သူမှန်း သိနိုင်တဲ့ အသွင်အပြင်ပါပဲ။ အဲ့ဒီအထိက မထူးဆန်းသေးပါဘူး။ ချမ်းသာတဲ့သူတိုင်း အိမ်အတွက် ကူဖော်လောင်ဖက်တွေခေါ်ကြတာ ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးလေနော်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ထူးဆန်းတာက ဆိုင်လာတဲ့အခါ သူကောပါပါလာပြီး သုံးလေးခေါက်မြောက်မှာ စကြုံတာပါ။ အဲ့ဒီနေ့က ကျွန်မကလည်း ဒိတ်လွန်ပစ္စည်းတွေသန့်ရှင်းရေးလုပ်ရင်း ဆိုင်ရဲ့မှောင်ရိပ်ကျတဲ့ ချောင်ကြိုချောင်ကြားထဲ ထိုင်နေတဲ့အချိန်ပေါ့။ ကလေးထိန်းတဲ့အမျိုးသမီးဟာ သမီးလေးကို ပွေ့ပြီး အဲ့ဒီနားမှာလာရပ်တယ်။ သူက ကျွန်မကို မမြင်ပါဘူး။ ကလေးအဖေနဲ့ အမေကတော့ ဆိုင်အတွင်းထဲမှာ သားလေးလိုချင်တာဝယ်ပေးရင်း အလုပ်ရှုပ်နေကြပါတယ်။ ခဏကြာတော့ ကလေးက တအင်းအင်းနဲ့ အသံထွက်လာပါတယ်။ ကျွန်မက ဘာပါလိမ့်လို့ ကြည့်မိတော့ အမျိုးသမီးက ကလေးကို လက်တစ်ဖက်တည်းနဲ့ပွေ့ထားပြီး ကျန်တဲ့လက်တစ်ဖက်က ကလေးလေးရဲ့ ဂါဝန်အောက်ထဲကို နှိုက်ထားပါတယ်။ သူ့လက်လှုပ်ရှားလိုက်ပြီဆိုရင် ကလေးက နာကျင်သလို၊ နေရခက်သလို တအင်းအင်းနဲ့ အသံထွက်ညည်းပါတယ်။ ကျွန်မကလည်း ဒီအမျိုးသမီးက ကလေးဘောင်းဘီကို ဆွဲချပေးနေတာများလားဆိုပြီးကြည့်နေပေမဲ့ မဟုတ်ပါဘူး။ အဲ့ဒီလက်က ဂါဝန်အောက်ထဲကို အကြာကြီးရောက်နေတာ ပြန်မရုပ်သိမ်းပါဘူး။

ခဏကြာတော့ ကလေးအဖေနဲ့အမေက ဝယ်ပြီးသွားတော့ “ ပြန်ကြစို့” ဆိုပြီး ပြန်သွားပါတယ်။ ကျွန်မကလည်း စိတ်ထဲမတင်မကျနဲ့ ကျန်ခဲ့ပါတယ်။ ဘာမှန်းတော့ မသိပါဘူး။ ကလေးမျက်နှာလေးမြင်ယောင်ကြည့်မိတော့ တစ်ခုခုလို့ခံစားရတယ်။ နောက်တစ်ကြိမ်လာတော့ ကျွန်မလည်း အရင်တစ်ခေါက်ကကိစ္စကို သဲသဲကွဲကွဲသိချင်တာမို့ သေချာစောင့်ကြည့်မိတယ်။ အဲ့ဒီ အမျိုးသမီးဟာ ကလေးအဖေနဲ့အမေ အရိပ်အကဲကိုကြည့်ပြီး လူရှင်းတဲ့ချောင်ထဲကို မယောင်မလည်နဲ့ ရောက်လာပါတယ်။ ကျွန်မကလည်း ကိုယ့်အကြံနဲ့ကိုယ်ဆိုတော့ ပစ္စည်းပုံကြားထဲကနေ အလစ်မပေးဘဲ စောင့်ကြည့်နေပါတယ်။ မကြာပါဘူး။ လူလစ်တာနဲ့ အမျိုးသမီးရဲ့လက်ဟာ ကလေးရဲ့ ဂါဝန်ကြားထဲ ရောက်သွားပါတော့တယ်။ ကလေးကလည်း အရင်တစ်ခေါက်ကလိုပဲ နာကျင်တဲ့၊ ကြောက်တဲ့ပုံနဲ့ တအင်းအင်းညည်းပါတယ်။ ကလေးညည်းရင် သူကခဏရပ်တယ်။ ပြီးရင် ဆက်လုပ်နေပြန်ပါတယ်။ ကျွန်မလည်း ဒေါသထွက်သွားတာနဲ့ ဗြုန်းခနဲထွက်ရပ်လိုက်တော့ အမျိုးသမီးက ကျွန်မကိုမြင်ပြီး မျက်နှာပျက်သွားပါတယ်။ ပြီးတော့ ကလေးကို အတွင်းခံဘောင်းဘီ ဆွဲချပေးသလိုဘာလိုလိုလုပ်ပြီး ကလေးမိဘတွေရှိနေတဲ့ဘက်ကို ပြန်ထွက်သွားတယ်။

ကျွန်မကတော့ လောကမှာ ဒီလိုလူတွေရှိနေတာကို တော်တော်ကြောက်သွားတယ်။ အဖေအမေကတော့ ယုံကြည်ပြီး ကလေးကို ပုံအပ်ထားတာ။ စကားလည်းမပြောတတ်သေးတဲ့ ကလေးခမျာ ဒီဒုက္ခတွေကို ဘယ်လောက်တောင် ခံနေရရှာမလဲ။ ဒီလိုအပြင်ထွက်ချိန်မှာတောင် အခွင့်အရေးယူနေတာ။ အဖေနဲ့အမေ အပြင်သွားတဲ့အချိန်မှာကော သူနဲ့အတူကျန်ရစ်ရရှာတဲ့ ကလေးကို ဘယ်လောက်ဒုက္ခပေးနေမှာပါလိမ့်။ ကလေးလေးကို အရမ်းသနားမိတယ်။ ပြီးတော့ ဘာကြောင့် ဒီအမျိုးသမီး ဒါမျိုးလုပ်နေတယ်ဆိုတာကိုလည်း ကျွန်မတကယ်နားမလည်နိုင်ဘူး။ စိတ်ရောဂါပဲ ဖြစ်နေသလား။ ဒါမှမဟုတ် သူများတွေပြောသလို လိင်တူချင်းပဲ ကြိုက်တတ်သူမို့လား။

ကျွန်မက ပညာတတ်တစ်ယောက်မဟုတ်လို့ အဲ့ဒီလိုတွေအထိတော့ နားမလည်ပါဘူး။ ကျွန်မ သိတာက ကလေးလေးကို ဒီဒုက္ခကနေ ဘယ်လိုကယ်တင်ပေးရမလဲ။ ကျွန်မကပြောရင်လည်း ကျွန်မ စကားကို ကလေးအဖေနဲ့ အမေက ယုံကြည်ပါ့မလား။ တကယ်လို့ အခန့်မသင့်ရင် ကျွန်မပါ အလုပ် ထုတ်ခံရနိုင်မလား။

ပြီးတော့ ကျွန်မပြောလိုက်လို့ အဲ့ဒီအမျိုးသမီးအလုပ်ထုတ်ခံရရင်ကော ကျွန်မတရားရဲ့လား။ သူ့နောက်မှာ သူ့ကိုမှီခိုနေတဲ့မိသားစု ဘယ်နှယောက်ရှိလဲဆိုတာ ကျွန်မမသိဘူးလေ။ ကျွန်မမှာတောင် ကျွန်မကို မှီခိုနေတဲ့မိသားစုရှိနေတယ်မဟုတ်လား။ ဒါပေမဲ့ ကလေးကိုတော့ ကျွန်မ ဒီဒုက္ခတွေက လွတ်မြောက်စေချင်တာအမှန်ပါပဲ။ စကားတောင်မပြောတတ်ရှာသေးတဲ့ ကလေး အတွက် ဒါဟာ တကယ့်ဒုက္ခလေ။ ဖြစ်နိုင်ရင် ကလေးမိဘတွေအားလုံးသိအောင် ဒီလိုကိစ္စလေးတွေ ရှိနေတာကို လိုက်ပြောပြလိုက်ချင်တယ်။ ပြောလိုက်ရင်ကော ဘာတွေဆက်ဖြစ်လာမလဲ။

ကဲ… ကျွန်မဘာလုပ်ရမလဲဟင်။